* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 23, 2010

ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်၏ ဘွဲ့တော်များ

ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်၏ ဘွဲ့တော်များ

ဒကာ။ ။ ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်ဟာ ကထိန်တရားတော်နှင့်စပ်ရင် တော်တော့ကို ထင်ရှားစွာ ဟောကြားကြပါတယ်၊ ဒါပေမဲ့ ဘွဲ့တော်ကိုတော့ အသီးအသီး မဖော်ပြပဲ တပေါင်းတည်း ဟောကြားနေကြတာ သူတို့မှာ နာမည်ဘွဲ့တော်မရှိလို့လား ဆရာတော်။
ဆရာ။ ။ အင်း…တော်တော်ကြံကြံဖန်ဖန် ရှာရှာဖွေဖွေ မေးတဲ့ ဒကာကြီးတွေပဲ နော်၊ အဲဒီ ကထိန်တရားဟောတဲ့ ဆရာတော်တွေကို မေးလိုက်ပါတော့လား။
ဒကာ။ ။ ဟာ….ဒီလိုလဲ ဘယ်မေးဝံ့ပါမလဲ ဆရာတော်၊ ကိုယ်နဲ့ အကျွမ်းတ၀င် ရှိတာမှ မဟုတ်တာ၊ ပရိသတ်ထဲ အော်လိုက် ငေါက်လိုက်ရင် ခံရမှာ ဆရာတော်။
ဆရာ။ ။ အင်း…ဒီကလည်း သူတို့နာမည် တပါးစီ တပါးစီ သီးခြားကိုတော့ မတွေ့ဖူးဘူးပဲ၊ စုပေါင်းပြီး ဘဒ္ဒ၀ဂ္ဂီမင်းသား ညီနောင်သုံးကျိပ်လို့ ပါဠိအဋ္ဌကထာတွေမှာ လာတာပဲ၊ ဒကာကြီးတို့ရ။
ဒကာ။ ။ ဘာဖြစ်လို့ ဘဒ္ဒ၀ဂ္ဂီလို့ ခေါ်တာလဲ၊ ဘယ်မင်းကြီးရဲ့ သားတွေလဲ၊ တပည့်တော်တို့ မှတ်သားရအောင် တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ ဘဒ္ဒ…..ဆိုတာက စိတ်နေ သဘောထား ကောင်းမြတ်ကြတယ်တဲ့၊ စိတ်သဘောထားကောင်းသလို ရုပ်ရည်အဆင်းလည်း လှပတင့်တယ်ခြင်း ရှိကြတယ် တဲ့၊ အကုန်လုံး ရုပ်ချော သဘောကောင်းတွေချည်းပဲ။
ဝဂ္ဂီ = ဆိုတာက၊ သူတို့ဟာ အစုလိုက် အပြုံလိုက် အသင်းလိုက် အဖွဲ့လိုက်နဲ့ လှည့်လည် သွားလာနေထိုင် ပျော်ပါးတတ်ကြတယ် တဲ့၊ အဲဒါ့ကြောင့် ဘဒ္ဒ-၀ဂ္ဂီ ခေါ် တယ်။
သူတို့အားလုံးဟာ ကောသလမင်းကြီးနဲ့ အဖေတူ အမေကွဲ ညီအစ်ကို တော်စပ်တဲ့ မင်းသားတွေ ဖြစ်ကြတယ်တဲ့။ သူတို့နေတာက ကောသလတိုင်းကြီးရဲ့ အနောက်ကျတဲ့ ပါဝေယျ ပြည်နယ်၌ အနေအထိုင်များကြတယ်။
သူတို့ရဲ့ စုပေါင်းမိပုံ ပါရမီကုသိုလ်ကတော့ ဆက္ကနိပါတ် တုဏ္ဍိလဇာတ်တော်မှာ လာတဲ့အတိုင်း၊ သူတို့တတွေဟာ သေသောက်ကြူး အရက်သမား သုံးကျိပ်ဖြစ်ကြတယ်၊ အဲဒီအခါမှာ ဘုရားအလောင်းတော် မဟာတုဏ္ဍိလ၀က်မင်းက ဆုံးမသြ၀ါဒပေးကာ တရားပြလို့ သုံးကျိပ်စလုံး ကြားနာယုံကြည်ကြလျက် ငါးပါးသီလကို မပျက်အောင် လုံခြုံစွာ စောင့်ထိန်းကြတယ်။
အဲဒီ ငါးပါးသီလ စောင့်ထိန်းခဲ့ကြတဲ့ ကုသိုလ်ကံဟာ သူတို့သုံးကျိပ်လုံးအတွက် ဘ၀သံသရာ၌ အသက်ရှည်ခြင်း, အဆင်းလှခြင်း, အနာရောဂါကင်းခြင်း, အမျိုးမြတ်ခြင်း စတဲ့ အကျိုးထူးချမ်းသာတွေ ခံစံရရုံမျှမကဘဲ ယခုဘ၀မှာလည်း တပေါင်းတစည်းတည်း မင်းသားတွေ ဖြစ်ပြီး ရဟန်းဘ၀ကို အတူရယူကာ သစ္စာလေးပါး အမြတ်တရားကိုလည်း တပေါင်းတစည်းတည်း ထိုးထွင်းသိမြင်ကြဖို့ရာ အဲဒီ ငါးပါးသီလဟာ အကြောင်းကံ ဥပနိဿယ ပါပဲတဲ့။
ယင်း… ဘဒ္ဒ၀ဂ္ဂီညီနောင် မင်းသားသုံးကျိပ်လုံးဟာ ကပ္ပါသိကမည်တဲ့ တောအုပ်ထဲသွားကြပြီး မိန်းမတွေနဲ့ သေရည်သောက်စား ပျော်ပါးရင်း မြတ်စွာဘုရားနှင့်တွေ့လို့ တရားနာကာ သူတို့စောင့်ထိန်းခဲ့ဖူးတဲ့ ငါးပါးသီလ ကုသိုလ်တော် ပါရမီဓာတ်ခံအလျောက် ရဟန်းပြုချင်တဲ့စိတ်တွေ ပေါ်ပေါက်ကြလျက် သုံးကျိပ်စလုံးပဲ မြတ်စွာဘုရားထံမှာ ဧဟိဘိက္ခု-ရဟန်းအပြုကို ခံယူတော်မူကြရလို့ မထေရ်မြတ်ကြီးတွေ ဖြစ်ကုန်ကြတယ်တဲ့။
ထို ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်သော မထေရ်မြတ်တို့သည် ကောသလတိုင်းကြီး၏ အနောက်ပိုင်း ပါဝေယျပြည်နယ်၌သာ အနေများကြသောကြောင့် ထိုထိုပါဠိတော်အဋ္ဌကထာတို့၌ “ပါဝေယျက” မထေရ်များ ဟုသာ ပါရှိတာကို တွေ့ရတယ်၊ အမည်နာမ ကိုယ်စီနဲ့တော့ အသီးသီးဖော်ပြတာ သတိမထားမိဘူး၊ သူတို့ကို အကြောင်းပြုပြီးတော့ ကထိန်သင်္ကန်းပေးလှူမှုကို မြတ်စွာဘုရား ခွင့်ပြုတော်မူခဲ့တာဖြစ်တယ်၊ ဒါထက်တို ကျဉ်းလို့တော့ မရတော့ဘူး၊ အဲဒါပဲမှတ်ကြပေတော့၊ သူတို့ရဲ့ ဘွဲ့တော်တွေ သိချင်သေးရင် အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးတွေထံ သွားမေးကြပေတော့၊ ဒီကတော့ ဒါပဲသိတယ်။
ဒကာ။ ။ ဒီလို အစုံအလင်ကို တိုတိုလေးနဲ့ သိရလို့ ၀မ်းသာလှပါတယ် ဘုရား၊ ငါးပါးသီလ တန်ခိုးဟာ တယ်လည်းကြီးကျယ်ပါလား ဆရာတော်၊ တခြား ဆရာတော်များထံ သွားမေးမှုလည်း မပြုတော့ပါဘူး ဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP