* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 23, 2010

တရားပူဇော်နည်း

Tuesday, December 21, 2010




မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားတဲ့ ရတနာ့ဂုဏ်ရည်စာအုပ်ထဲမှ တရားပူဇော်နည်းဆိုတဲ့အဆုံးမလေးကို အင်မတန်ကြည်ညိုမိတဲ့အတွက် ဓမ္မမိတ်ဆွေများအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ သာသနာတော်ကို ထွန်းတောက်စေလိုသော မေတ္တာစေတနာအပြည့်ပါဝင်သော ဆရာတော်ဘုရားကြီးရဲ့အာဘော်အတိုင်း ဖော်ပြပေးလိုက်ပါတယ်..။ ဓမ္မမိတ်ဆွေများဖတ်မှတ်ပြီး ဆောင်သင့်သည်များဆောင်နိုင်ခြင်းဖြင့် ကုသိုလ်တရားများပွားများနိုင်ကြပါစေ..။

တရားပူဇော်နည်း။ ။ “ဘုရားရှင်နှင့်သံဃာတော်သည် ပုံသဏ္ဌာန် အထင်အရှား ရှိတော်မူသောကြောင့် ပူဇော်၍ဖြစ်၏။ တရားတော်ကား ပုံသဏ္ဌာန် မထင်ရှားသောကြောင့် မည်ကဲ့သို့ ပူဇော်ရအံ့နည်း” ဟု အကြံဖြစ်၍ ပုဏ္ဏားတစ်ယောက်သည် ဘုရားအထံ လျောက်ဖူးလေ၏။ ဘုရားရှင်ကလည်း “ပုဏ္ဏား တရားတော်ကို ပူဇော်လိုလျှင် တရားတော်ကိုများစွာသိ၍ ဗဟုသုတရှိသော ရဟန်းတော်ကို ပူဇော်လေ” ဟု မိန့်တော်မူသဖြင့် သံဃာများအထံ ဗဟုသုတရှိသော ရဟန်းတော်ကို မေးလျှောက်လေရာ အရှင်အာနန္ဒာကို ညွှန်ပြကြသဖြင့် တရားတော်ကို ရည်မှန်း၍ တစ်ထောင်တန်သင်္ကန်းဖြင့် လှူဒါန်းပူဇော်လေသည်။


ထို့ကြောင့် ယခုကာလ ဗုဒ္ဓဘာသာဝင်ဟူသမျှတို့သည် ကိုယ်စီကိုယ်င ရဟန်းတော်များကို ဆည်းကပ်ကိုးကွယ်ရာ၌ ဘုရားရှင်ဟောပြတော်မူအပ်သော စာပေပရိယတ်ကို သင်ယူခြင်း၊ တတ်မြောက်၍ ပို့ချခြင်း၊ ဟောခြင်း၊ ကျမ်းရေးခြင်းတို့ဖြင့် သာသနာ့တာဝန်ကို အမြဲထမ်းဆောင်နေသော ပုဂ္ဂိုလ်များကို ဆည်းကပ်ကိုးကွယ်၍ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတို့ဖြင့် ထောက်ပံ့ပြုစု ဂရုစိုက်နေသူတို့မှာ “ငါတို့သာ မထောက်ပံ့လျှင် ငါတို့အရှင်သည် တတ်သိသော ပညာတွေကို သူတစ်ပါးအား ရေးသားဝေငှပို့ချနိုင်မည်မဟုတ်၊ ငါတို့၏ ကူညီမှုကြောင့်သာ အဆက်ဆက်တိုးပွားအောင် သာသနာ့ဝန်ကို ဆောင်နိုင်ပေသည်၊ ငါတို့အရှင် ရွက်ဆောင်သမျှတာဝန်တွေကို ငါတို့ကလည်း ကူညီထမ်းဆောင်ရာ ရောက်သဖြင့် ငါတို့အရှင်ရသမျှ ပညာပါရမီကို ငါတို့လည်း မုချရတော့မည်” ဟု ဟုတ်မှန်သည့်အတိုင်း ဥာဏ်ကိုချဲ့ထွင်၍ ဆင်ခြင်စဉ်းစားလျက် အားတက်သရော ရှိသင့်ကြပေသည်။


ထို့ကြောင့် သာသာနာကိုပြုစုနိုင်သော အင်အားရှိသော ဒကာဒကာမတို့ကလည်း မိမိတို့ရပ်ရွာမြို့နယ်၌ စာချနိုင်မည့်ပုဂ္ဂိုလ်ကို ရွေးချယ်၍ဖြစ်စေ၊ မြို့ကြီးပြကြီးများမှ ယုံကြည်စိတ်ချရသော စာချပုဂ္ဂိုလ်ပင့်၍ဖြစ်စေ အသီးသီး စာသင်တိုက်တည်လျက် စာသင်သားတွေ မြို့ကြီးပြကြီးတက်၍ မသင်ရဘဲ မိဘဆရာတို့အနီးမှာပင် သင်ကြရသဖြင့် ယခုလိုအပျက်အစီး မများရကား သာသနာတော်ကြီးသည် အတော်သန့်ရှင်းလျက် တိုးတက်လာပေလိမ့်မည်။ ထို့ကြောင့် ယခုပြခဲ့သော တရားပူဇော်နည်းကို သတိထား၍ တရားတော်ကို ပူဇော်တတ်သော သာသနာ့ဒါယကာ သာသနာ့ဒါယိကာမများ ဖြစ်ကြပါစေသား။


အထူးသတိပေးချက်။ ။ ဤပြခဲ့သော စကားအစဉ်ဖြင့် တရားစစ်တရားမှန်ကို အတော်အတန် ရိပ်မိလောက်ပေပြီ။ ယခုအခါ မြန်မာနိုင်ငံ၌ အများအပြား အသုံးပြုနေကြသော အချို့တရားစာအုပ်နှင့် အချို့သော တရားဟောပုဂ္ဂိုလ်များ၏ ဟောပြချက်တွေကို “တရားလား မတရားလား” ဟု စဉ်းစားကြဖို့ရန် ထပ်ခံ၍ သတိပေးလိုသည်မှာ-


ဘုရားရှင်ပွင့်တော်မမူမီရှေးက ဟိမ၀န္တာမှမျော၍လာသော ပုစွန်လက်မကြီးတစ်ခုကို “ဒဿရဟ” မင်းတို့သည် မင်္ဂလာစည်တော်အဖြစ်ဖြင့် အသုံးပြုကြလေသည်။ ထိုစည်တော်ကြီး၏အသံသည် ၁၂ယူဇနာတိုင်အောင်ပင် ပျံ့နှံ့ပါသတဲ့။ ထို့နောက် တရွှေ့ရွှေ့ဆွေးမြေ့လာသဖြင့် စည်တော်ကြီးပေါက်တိုင်း ရွှေပြားငွေပြားတို့ဖြင့် ဖာထေးလာခဲ့ရာ အတော်ကြာလျှင် ပုစွန်လက်မအသားကုန်၍ အဖာတွေချည်းဖြစ်လေ၏။ တီးခေါက်သောအခါ ၁၂ယူဇနာကိုမဆိုးထားဘိ၊ စည်တော်ကြီး၏ ထက်ဝန်းကျင် အနီးအပါးမှာပင် ကောင်းစွာမကြားရတော့ချေ။


ထို့အတူ ဘုရားရှင်၏ တရားစစ်တွေကို လက်သစ်ဓမ္မကထိကတို့က အဆန်းတကြယ် ထည့်သွင်းဖာထေးမှုကြောင့် အစစ်အမှန်အရင်းခံတရားတော်တွေ ကွယ်ပျောက်ရချေပြီ။ ထို ကွယ်ပျောက်သည့်အတိုင်း စည်ကြီးမှ အသံကောင်းမထွက်သလို ဓမ္မကထိကတွေဖာထေးထားသော တရားအတုမှ မဂ်ဖိုလ်နိဗ္ဗာန် အကျိုးရဖို့ကိုမဆိုထားဘိ၊ အထိုက်အလျောက် လောဘ၊ ဒေါသနည်းပါး၍ အသိအလိမ္မာတိုးပွားမှု အကျိုးကိုမျှ မရတော့ဘဲ အသံကျယ်သလောက် အဆန်မပါသော သင်္ကြန်အမြောက်လို ဖြစ်လေတော့သည်။ (နိဒါန၀ဂ်၊ သြဂမ္မသံယုတ်၊ အာဏိသုတ်။)


အို.. ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့၊ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လိုလျှင် အမြန်ပြုပြင်ကြလော့၊ ဘုရား တရား သံဃာကိစ္စများနှင့်ဆိုင်ရာ၌ မဟာကုသိုလ်သောမနဿဖြင့် ပျော်ရွှင်ဖို့သာရှိသည်။ တဏှာသဘော လောဘဇောတိုက်တွန်းကာ “အသံကသာယာလိုက်တာ၊ ဘယ်ဂါထာရွတ်ပုံမှာ ဇတ်မင်းသားတောင် မသာဘူး၊ ဘယ်အချက် စကားသုံးပုံလေးက လွန်စွာထိတာပဲ” စသော ချီးမွမ်းစကားသည် ပြောသူမရှက်သော်လည်း ကြားရသူများမှာ နားရှက်ဖွယ်ကောင်းလှချေ၏။


တရားဟောပုဂ္ဂိုလ်ကလည်း ထိုကဲ့သို့ချီးမွမ်းသံကို အရသာခံပြီးလျှင် အသံသာအောင်လည်း ဂရုစိုက်ရှာ၏။ လွမ်းခန်း ဆွေးခန်းကိုလည်း မပါ ပါအောင် ထည့်သွင်းရှာရ၏။ ဘုရားဟောမဟုတ် ယုတ္တိလည်းမရှိသော သီဟိုဠ်ကျွန်းဖြစ် ၀တ္ထုများစွာနှင့် ဇင်းမယ်ပဏ္ဏာသတို့၌လာသော ဒဏ္ဍာရီဝတ္ထုတို့ကို များများကြီး အသုံးပြုရရှာ၏။

ဒုတိယကမ္ဘာစစ်ကြီးပြီးသော ယခုခေတ်၌ကား ကမ္မဋ္ဌာန်းတရားတွေပင် အတော်ပေါများ၍လာပြန်၏။ ထိုတရားများဖြင့် တရားပေါက်သည်ဟု ဆိုကြသူများလည်း အတော်များများ ကြားသိရ၏။ ထိုသို့ကြားသိရာ၌ အတော်စဉ်းစားဖွယ် ကောင်းသောအချက်တစ်ခုကား တရားပေါက်သောအခါ ဘုန်းကြီးတွေကို မကြည်ညိုနိုင်၊ မလှူဒါန်းနိုင်သော အချက်ပင်တည်း။ တရားအစစ်ပေါက်ပြီးဖြစ်သော ၀ိသာခါလည်း မကောင်းဘုန်းကြီးနှင့် တွေ့သောအခါ “ဒီလိုမနေပါနှင့်” ဟု ပြော၍ ရဟန်းတော်များကိုကား ကြည်ညိုမြဲ ကြည်ညိုခဲ့ပါပေသည်။ ထို့ကြောင့် တရားပေါက်ခြင်းနှင့် သံဃာမကြည်ညိုခြင်းကို စဉ်းစားသင့်ကြသည်။

ယခုအခါ သာသနာတော်ကြီးဖြစ်နေပုံသည် ရေစုန်လေစုန်မှာ ရွက်ကုန်ဆင်ပြီးလျှင် တက်ကုန်နှင်နေသော လှေ၏သဘောကဲ့သို့ ကောင်းကောင်းကြီးမျောနေတော့၏။ “ဘုရား သိကြား မလို့” ငါတို့လက်ထက်မှာ ပြုပြင်နိုင်သူများ ပေါ်ထွက်ပါစေသတည်း။ (ရတနာ့ဂုဏ်ရည်(စာမျက်နှာ ၁၂၃ မှ ၁၂၇ ထိ))


အထက်ဖော်ပြပါစာပိုဒ်များဟာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ တရားပူဇော်နည်းနဲ့ သာသနာတော်အတွက် အထူးသတိပေးချက်တွေကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးရဲ့အမျှော်မြင်ကြီးမှုတွေဟာ ယခုခေတ်မှာဖြစ်ပျက်နေတဲ့အဖြစ်ပျက်တွေအတွက်တော့ သတိထားဆင်ခြင်စရာများစွာပါပဲ။ မှားနေသောအမှားများကို ပြင်ဆင်ခြင်းဖြင့် တရားစစ်တရားမှန်ဖြင့် တရားတော်ကိုပူဇော်နိုင်ကြပါစေခြင်း အကျိုးငှာ ရေးသားဖြန့်ဝေပေးလိုက်ပါတယ်။ ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ..။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP