* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 23, 2010

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (အရဟန္တ၀ဂ္ဂ)

ဆောင်းပါအမှတ်စဉ်(၇)

အရဟန္တ၀ဂ်တွင် ၂၃ မျက်နှာဖြင့် စကားပြေရေးထားပြီး ၀တ္ထုဆယ်ခုတွင် ဖွင့်ဆိုရမည့် ဂါထာပေါင်း ဆယ်ဂါထာ ရှိပါသည်။ ဖွင့်ဆိုရေးသားခြင်း အပြုမခံရသော အပိုဂါထာ တစ်ခုနှင့်ပေါင်းသော် ဤ၀ဂ်တွင် တဆယ့်တစ်ဂါထာသာ ပါရှိသည်။ လေးဂါထာသည် ဆယ်လုံးစပ် ဆယ့်တစ်လုံးစပ် ပါဠိကဗျာဂါထာများ ဖြစ်ကြပြီး ကျန်ခြောက် ဂါထာသည် ရှစ်လုံးစပ် ဂါထာများ ဖြစ်ကြသည်။ ဂါထာဟုဆိုသော်လည်း ကဗျာစပ်ထားသည့် ပါဠိ ဖြစ်ပါသည်။ ရှစ်လုံးစပ်သည် သီကုံးရ လွယ်ကူသကဲ့သို့ပင် ဖတ်ရသည်မှာလည်း ရှင်းလင်းပြီး အသံသာပါသည်။ ကိုးလုံးစပ်၊ ဆယ်လုံးစပ်၊ ဆယ့်တစ်လုံးစပ်စသည့် ပါဠိကဗျာများကို သီကုံးရသည်မှာ ခက်ခဲသည့်ပြင် ရွတ်ဆိုရသည်မှာလည်း အသံထွက်တတ်ရန် မလွယ်လှပေ။ မြန်မာပြည် အစိုးရစာမေးပွဲ ပထမကြီးတန်းတွင် သင်ရန် ပြဋ္ဌာန်းထားသော ဆန်းကျမ်းကို နိုင်နင်းမှ ပါဠိကဗျာကို စပ်တတ်၊ ရေးဖွဲ့တတ်ကြသည်။ စာသင်သားများသည် ရှစ်လုံးဖွဲ့ ပါဠိကဗျာကိုသာ အများအားဖြင့် စပ်နိုင်ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း ရှစ်လုံးဖွဲ့ပါကဗျာ အရေးအသားသည် ထွန်းကားပါသည်။ ကိုးလုံး၊ ဆယ်လုံးစသော ဂါထာ အရေးအဖွဲ့များကို ရေးဖွဲ့သူ အနည်းငယ်သာရှိသည်ကို တွေ့ရပါသည်။

ဤအရဟန္တ၀ဂ်တွင် ဆေးဆရာကြီး ဇီဝကအကြောင်းနှင့် မထင်ရှားသော အမျိုးသမီးတစ်ဦး၏ အကြောင်းမှလွဲ၍ ကျန်ရှစ် ၀တ္ထုသည် ရဟန်းတော်များ၏ အကြောင်းများသာ ဖြစ်ပါသည်။ မြတ်စွာဘုရား ဟောကြားတော်မူပြီး ဂါထာ၏ အဆုံးတွင် ရဟန္တာဖြစ်သွားကြသော ၀တ္ထုလေးခုသာပါဝင်ပြီး ကျန်ဝတ္ထု ခြောက်ခုတွင်မူ သောတာပန်စသည့် အရိယာများသာ ဖြစ်ကြသည်ဟု အဋ္ဌကထာဆရာက မှတ်တမ်း ရေးထား ပါသည်။

အရဟန္တ၀ဂ်ဟု အမည်ပေးထားပါသော်လည်း ဘုရားဟောတော်မူသော ဂါထာဆယ်ဂါထာတွင် အရဟန္တဟူသော ပါဠိသုံးစွဲထားသည့် ဂါထာမှာ ရှားရှားပါးပါး တစ်ဂါထာသာ ပါဝင်ပါသည်။ ကျန်ကိုးဂါထာ တို့တွင် အရဟန္တဟု တိုက်ရိုက်ပါဠိကို သုံးစွဲထားခြင်း မရှိပါ။ ခဒိရ၀နိယရေ၀တ ၀တ္ထုတစ်ခုတွင်သာ ရွာတွင်လည်းကောင်း၊ တောတွင်လည်းကောင်း၊ ချိုင့်ဝှမ်း အရပ်တွင် ဖြစ်စေကာမူ၊ မြေပြင်ဒေသ (တောင်ပေါ်ဒေသ) တွင် ဖြစ်စေကာမူ ရဟန္တာမထေရ် သီတင်းသုံးလေသော် မွေ့လျော်အပ်သော နေရာသာ ဖြစ်သည် ဆိုသည့်နေရာတွင် အရဟန္တပါဠိကို တိုက်ရိုက် သုံးစွဲထားပေသည်။ အဘယ့်ကြောင့် အရဟန္တ၀ဂ်ဟု နာမည်ပေးထားသည်ကို ရှင်းရှင်းလင်းလင်း ဖေါ်ပြမထားပါ။ သို့ပါသော်လည်း ဖြစ်နိုင်သည်မှာ ဆေးဆရာကြီး ဇီဝကအကြောင်းတွင် ဘုရားရှင်နှင့် ဆက်စပ်နေပါသည်။ ဘုရားရှင်လည်း အရဟန္တ တစ်ပါးပင် ဖြစ်ပါသည်။ မထင်ရှားသော အမျိုးသမီးတစ်ဦး၏ ၀တ္ထုတွင်မူ ရဟန္တာဖြစ်သွားသော မထေရ်တစ်ပါးနှင့် ဆက်နွယ်နေသော အကြောင်းကို ရေးဖွဲ့ထားပါသည်။ ကျန်ရှစ်ဝတ္ထုတွင်မူ ရဟန္တာမထေရ်ကြီးများ ဖြစ်ကြသော အရှင်မဟာကဿပ၊ အရှင်ဗေလဋ္ဌသီသ၊ အရှင်အနုရုဒ္ဓ၊ အရှင်မဟာကစ္စာယန၊ အရှင်သာရိပုတ္တရာ၊ (နှစ်ဝတ္ထုပါဝင်သည်)၊ ကောသမ္ဗိဝါသီတိဿသာမဏေ၊ ခဒိရ၀နိယရေ၀တတို့၏ အကြောင်းကို ဖေါ်ပြထားပေရာ အားလုံးသည် ရဟန္တာမထေရ်ကြီးများ ဖြစ်ကြပေသည်။ ထို့အတွက် အရဟန္တ၀ဂ်ဟု အမည်ပေးထားခြင်း ဖြစ်ဖွယ် ရှိပေသည်။

အရဟန္တဟူသောပါဠိကို မြန်မာတို့က ရဟန္တာဟု ဘာသာပြန်ဆို ကြပါသည်။ ရဟန္တာတို့နှင့် စပ်ပြီး သိမှတ်စရာတွေ များလှပါသည်။ တစ်ချို့က ရဟန္တာခေတ် ကုန်သွားပြီဟု ဆိုတတ်ကြပါသည်။ ဤသို့ပြောဆိုရခြင်းမှာ အကြောင်းမဲ့ ပြောဆိုခြင်း မဟုတ်ပေ။ အင်္ဂုတ္တရ အဋ္ဌကထာတွင် အရိယာခေတ်များကို နှစ်တစ်ထောင်နုန်းဖြင့် ဖေါ်ပြထားပြီး ယနေ့ခေတ် သာသနာသက္ကရာဇ် (၂၅၅၄) ခုတွင် အနာဂါမ်အရိယာ အဆင့်မျှထက် မပိုနိုင်ဟု လည်းကောင်း၊ နောက်တစ်နည်းမှာလည်း ပဋိသမ္ဘိဒါပတ္တ အဆင့် ရဟန္တာ၊ တေ၀ိဇ္ဇ အဆင့် ရဟန္တာစသဖြင့်လည်း ဂုဏ်ထူးအဆင့်လိုက်ကို နှစ်အပိုင်းအခြားနှင့်လည်း ခွဲခြားပြ ထားပါသည်။ ဤစကားကို အခြေခံပြီး ရဟန္တာခေတ် ကုန်သွားပြီဟု တစ်ချို့က ဆိုကြခြင်း ဖြစ်ပေမည်။ အကျင့်ကောင်းကို ကျင့်ကြံနေသမျှ ကာလပတ်လုံး ရဟန္တာ အရှင်မြတ်များ ဤလောကတွင် ရှိနေကြပါဦးမည် ဟု ဒီဃနိကာယ၊ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော် ကျမ်းဂန်များကိုသာ ပိုပြီး အလေးထား သင့်ပါသည်။ ပါဠိတော်စကားနှင့် နိုင်းစာလျှင် အဋ္ဌကထာဆရာ၏ စကားကို ဒုတိယ နေရာသို့ ပို့ထားရပါမည်။ ဆိုလိုသည်မှာ ရဟန္တာရှိနိုင်ပါသည်။

သို့သော် သာမန် ပုထုဇဉ်များကမူ ဤသူသည် ရဟန္တာပါဟု သေသေချာချာ မသိနိုင်ကြပါ။ သောတာပန်စသော အရိယာများ သည်လည်း အထက်ဆင့် ရဟန္တာများကို ပုထုဇဉ်များနည်းတူ မသိနိုင်ကြပါ။ ရဟန္တာအချင်းချင်းသာလျှင် အဆင့်အတန်းကို သိကြပါသည်။ မသိရခြင်းအကြောင်းမှာ ဘုရားရှင်ကလည်း ၀ိနည်းပါစိတ်တွင် မိမိတို့၏ အရတ္တဖိုလ်ကို (ရဟန္တာဖြစ်ကြောင်းကို) ရှင်သာမဏေ၊ လူပုဂ္ဂိုလ်တို့အား မပြောကြားရဟုလည်း ပညတ်ထား ချက်လည်းရှိပါသည်။ များစွာသော နေရာတွင် အညံ ဗျာကရောတိ (မိမိ၏ အရတ္တဖိုလ်ကို ပြောကြားခြင်း) ဟု ပါဠိအရေးအသား ရှိပါသည်။ ရဟန္တာသည် မိမိ၏ အဖြစ်မှန်ကို ပုထုဇဉ်တို့အား ပြောကြားပါသော်လည်း မသိသေးသော ထိုသူများက မယုံကြည် တတ်ကြပေ။ ပုထုဇဉ်သည် သူနှင့် အဆင့်တူ ပုထုဇဉ်၏ စကားကိုသာ နားလည်နိုင်ပေသည်။ ဓမ္မပဒစိတ္တ၀ဂ် သောရေယျဝတ္ထုတွင် အရှင် မဟာကစ္စည်းထေရ်ကို ပြစ်မှားမိသဖြင့် အမျိုးသမီးဘ၀သို့ ရောက်သွားခဲ့သော သောရေယျသည် ယောင်္ကျား အဖြစ်ရှိခဲ့စဉ်က သားသမီး နှစ်ယောက်၊ အမျိုးသားဘ၀မှ အမျိုးသမီးဘ၀သို့ ကူးပြောင်းသွားခဲ့ပြီးနောက် သူ့မှာ သားသမီး နှစ်ယောက် စုစုပေါင်းလေးယောက် ရှိခဲ့သည်။ သူသည် အမျိုးသမီးအဖြစ် ရှိခဲ့စဉ်က မွေးဖွားခဲ့သော ကလေးနှစ်ယောက်ကို ပိုပြီး မြတ်နိုးရပါသည်ဟု ရဟန်းအဖြစ်သို့ ရောက်လာခဲ့ပြီး ရဟန္တာမဖြစ်မှီ သူက အခြား သော ရဟန်းများကို ပြောပြခဲ့ပါသည်။ ပုထုဇဉ်စကားကို ပြောပြခဲ့ခြင်း ဖြစ်ပါသည်။ ပုထုဇဉ်ဖြစ်သော အခြား ရဟန်းများကလည်း နားလည်ခဲ့ကြ၊ လက်ခံခဲ့ကြပါသည်။ သောရေယျ ရဟန်းတော်သည် ရဟန္တာဖြစ်လာခဲ့သော အခါတွင်မူ ထိုမေးခွန်းကို ထပ်မံ မေးမြန်းကြသောအခါတွင် သားသမီးလေးဦး အပေါ်တွင် ချစ်ခြင်း၊ မုန်းခြင်း မရှိ တော့ကြောင်း ပြောပြခဲ့ပါသည်။ ထိုအခါတွင်မူ ပုထုဇဉ်ရဟန်းများက မယုံကြည်ကြတော့ပါ။ ရဟန္တာ၏ စကားကို ပုထုဇဉ်များက နားလည်အောင် မကြိုးစားတတ်ကြခြင်း ဖြစ်ပါသည်။ ရဟန္တာပုဂ္ဂိုလ်သည် ရဟန္တာဖြစ် လျှင်ဖြစ်ခြင်း ငါသိသောတရားကို အလုံးစုံသော လူ၊ နတ်၊ ဗြဟ္မာတို့ လျင်မြတ်စွာ သိကြပါစေဟု စိတ်ထား ဖြစ်ပေါ်လာခြင်း နှင့် အရတ္တဖိုလ်ရကြောင်းကို အခြားသူတို့အား မပြောလိုခြင်း ဟူသော အခြင်း အရာနှစ်ပါး ဖြစ်ကြသည်ဟု သိရပါသည်။ ရဟန္တာအမျိုးအစား အများကြီးရှိပါသည်။ ရဟန္တာမထရ်များ၏ အမျိုးအစားများ သကဲ့သို့ပင် ဂုဏ်များလည်း ရေတွက်မကုန် များလှပါသည်။ ဤနေရာ၌မူ အရဟန္တ၀ဂ်မှ ဖေါ်ပြသော အဓိပ္ပါယ်များကို တင်ပြသွားပါမည်။ စာရေးသူသည် ရဟန္တာနှင့် ပတ်သက်ပြီး ဆောင်းပါးရေထားပြီး ဖြစ်ပါသည်။ ဤ၀က်ဘ်ဆိုဒ် တစ်နေရာတွင် ကြည့်နိုင်ပါသည်။

အရဟန္တ၀ဂ် ပထမ၀တ္ထုတွင် ရဟန္တာမထေရ်ကို ဂတဒ္ဓိက ဟု သုံးစွဲထားပါသည်။ လောကတွင် ကန္တာရစသည့် ခရီးသည် အချိန်ကြာကြာသွားရခြင်း၊ ဘေးအန္တရာယ်များခြင်းစသည့် အခက်အခဲပေါင်း များစွာရှိပေသည်။ ထိုခရီးကို ကန္တာရဒ္ဓဟု ခေါ်ပါသည်။ သံသရာဝဋ်မှ မလွတ်မြောက်သေးသူ မှန်သမျှသော သတ္တ၀ါတို့ကိုလည်း ၀ဋ္ဋဒ္ဓဟု ခေါ်ပါသည်။ ၀ဋ်ဆင်းရဲသည်လည်း ရှည်လျားလှပြီး ဘေးအန္တရာယ်များလှပါသည်။ ထို ဆင်းရဲမှ ရဟန္တာများသည်လွတ်မြောက်ပြီးဖြစ်ပါသည်။ ထို့ကြောင့် ရဟန္တာမထေရ်ကို ဂတဒ္ဓိကဟုဆိုပါသည်။

ရဟန္တာပုဂ္ဂိုလ်များကို နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသူ၊ သံသရာကိုဖြတ်ပြီးသူ၊ ကုသိုလ်နှင့် အကုသိုလ်မျိုးစေ့များကုန်ပြီးသူ၊ အာသာဆန္ဒဟူသမျှကို ထွေးအံပြီးသူ။ သိပြီးသော လောကုတ္တရာ တရားများသည် အမြတ်ဆုံးဖြစ်သဖြင့် သူတို့သည် ယောင်္ကျားမြတ်များ ဖြစ်ကြသည်။ ရဟန္တာပုဂ္ဂိုလ်များသည် လောကဓံတရားကြောင့် တုန်လှုပ်ခြင်းမရှိသူများဖြစ်လေသဖြင့် တာဒိဂုဏ်နှင့်ပြည့်စုံသူ၊ အကျင့်သိက္ခာ ကောင်းကြသဖြင့် သုဗ္ဗတ အမည်ရသောသူများ ဖြစ်ကြသည်။ ပစ္စည်းများပေးလှူသူများ အပေါ်တွင်လည်း အလိုလိုက် အကြိုက်ဆောင်ရွက်ခြင်း မပြုသလိုပင် ဆန့်ကျင်ဖက်ကိုလည်း မပြုလုပ်တတ်ကြပေ။ ဤသည်မှာ ရဟန္တာများအတွက် ဖွင့်ဆိုပြသော အရည်အချင်းများ ဖြစ်ပေသည်။

ပထမ၀တ္ထုတွင် အဇာတသတ်မင်းသားနှင့် ပူးပေါင်းပြီး ရှင်ဒေ၀ဒတ်က လုပ်ကြံသောကြောင့် ဘုရားရှင်၏ ခြေမတော်တွင် ကျောက်ချပ် ထိခိုက်မိသောကြောင့် သွေးခြေဥသည့် ဝေဒနာကို ရခဲ့ပါသည်။ ထိုဝေဒနာကို သမားတော်ကြီး ဇီဝကသည် ခွဲစိပ် ပေးခဲ့ပါသည်။ ခွဲစိပ်ပေးပြီး အစွမ်းထက်မြက်သော ဆေးဖြင့် ကုသပြီး ပတ်တီးစည်း ပေးခဲ့ပါသည်။ ထို့နောက် အခြားလူနာတစ်ဦးအား ဆေးကုသရန် မြို့တွင်းသို့ သွားခဲ့သော ဆရာဇီဝကသည် မြတ်စွာဘုရားရှင်အား ပတ်တီးကို ညကျိန်းစက် မတိုင်မှီ ဖယ်ရှားပေးရန် အချိန် မမှီလိုက်တော့ပေ။ သူသည် ဘုရားထံသို့ ပြန်လာချိန်တွင် မြို့တံခါးပိတ်သွားခဲ့လေပြီ။ သို့သော် ဘုရားရှင်က အရှင်အာနန္ဒာမထေရ်ကို ဖယ်ရှားခိုင်းခဲ့ ပြီးလေပြီ။ ဇီဝကသည် စိုးရိမ်တကြီးဖြင့် ဘုရားကျောင်းတော်သို့ ရောက်လာခဲ့ပြီး ဝေဒနာက ပူလောင်ပါလားဟု မေးခဲ့သည်ကို ဘုရားရှင်က တတာဂတ (ဘုရားရှင်) အတွက် ပူလောင်မှု ဟူသမျှကို ဗောဓိပင်ခြေရင်းတွင်ပင် ငြိမ်းအေးခဲ့လေပြီဟု ဟောကြားထားပါသည်။

မြတ်စွာဘုရားနှင့် ခရီးအတူတူ ကြွလိုသော အရှင်မဟာကဿပ မထေရ်သည် သပိတ်စသည်ကို အဆင်သင့်ပင် ပြင်ဆင်ပြီးကာမှ ဘုရားစကားတော်ကြောင့် အတူတူ မကြွနိုင် ဖြစ်ခဲ့ရသည်။ ဘုရားရှင်ကလည်း အများအတွက် ငဲ့ပြီး သူ့ကို မလိုက်စေခဲ့ခြင်း ဖြစ်သည်။ ရဟန်းတော်များကမူ ပစ္စည်းနှင့် ဒကာ၊ ဒကာမ များအပေါ်တွင် တွယ်တာမှု သမုဒယကြောင့် အတူတူ မကြွလိုခြင်းဟု ယူဆခဲ့ကြသည်။ ပုထုဇဉ်တို့၏ အတွေးများ ဖြစ်ပါသည်။

ဤသည်နှင့်စပ်ပြီး မြတ်စွာဘုရားရှင်က လမင်းကြီးကို ဥပမာပေးပြီး ဖြေရှင်းပြခဲ့ရသော ၀တ္ထုတစ်ပုဒ် ဖြစ် ပါသည်။ လမင်းကြီးသည် မည်သူ့ကိုမှ မျက်နှာမလိုက်ဘဲ အလင်းရောင် နှင့် အအေးဓာတ်ကို တပြေးညီ ပေး သကဲ့သို့ပင် ရဟန္တာ မထေရ်မှာလည်း ပစ္စည်းပေါ်မှာ မတွယ်တာရုံ မျှသာမက ပေးကမ်း လှူဒါန်းသော ဒကာ၊ ဒကာမများနှင့် တစ်ခြား သူများအပေါ်တွင်လည်း ညီတူညီမျှ စိတ်ထားရှိလျှက် မေတ္တာကို ပေးသည်ဟု ဟောပြ ထားပါသည်။(ဒုတိယ၀တ္ထု)

အရှင်ဗေလဋ္ဌသီသ နှင့် အရှင်အနုရုဒ္ဓါမထေရ်တို့၏ ၀တ္ထုများတွင်လည်း ပစ္စည်းနှင့် စပ်ပြီး ရဟန္တာ မထေရ်များ အပေါ်တွင် ပုထုဇဉ် ရဟန်းတော်များက အထင်လွဲကြပုံများကို ဖေါ်ပြထားပါသည်။ ရဟန္တာမထေရ်များသည် မည်သည့် တွယ်တာမှုကိုမျှ မပြုတော့ပါ။ (တတိယ နှင့် စတုတ္ထ၀တ္ထု)

အစအစအရာရာ စောင့်စည်းတတ်သော ရဟန်းတော်ကို လူများသာမက၊ ရဟန်းအချင်းချင်း နတ်ဒေ၀တာများပါ မကျန် ချစ်ခင် လေးစားတတ်ကြသည်ဟု ဟောတော်မူထားပါသည်။ အရှင်မဟာ ကစ္စာယန မထေရ်ကို အကြောင်းပြုပြီး ဟောတော်မူချက် ဖြစ်ပါသည်။ ထိုမထေရ်သည် တရားဟောနာမည်ကြီး မထေရ်ဖြစ်သည့်ပြင် အပင်ပန်းခံပြီးလည်း တရားဟောတော် မူလေ့ရှိပါသည်။ သိကြားမင်းကပင် အထူးဂရုစိုက် ခံရသူဟု နာမည်ရထားသော ဆရာတော် ဖြစ်ပါသည်။ အခြားရဟန်းတော်များက မထေရ်ကို အရေးပေးသော သိကြားမင်းကို ကဲ့ရဲ့သောအခါ ကစ္စာယနမထေရ်၏ ထူးခြားသော အရည်အချင်းများကို ဘုရားရှင်က ဟောပြပေးပါသည်။(ပဉ္စမ၀တ္ထု)

သည်းခံတတ်သော အရှင်သာရိပုတ္တရာ မထေရ်၏ ဂုဏ်အထူးကို ဖေါ်ပြသော ဇာတ်လမ်း ဖြစ်ပါသည်။ မြေကြီးထုနှင့် တူသော စိတ်ထားရှိသော မထေရ် ဖြစ်ပါသည်။ သူ့နာမည်ကို မခေါ်ဘဲ အရှင်သာရိပုတ္တရာက ချန်ထား ခဲ့ရကောင်းလားဟု ရန်ငြိုးဖွဲ့ အပြစ်ရှာသော ရဟန်းငယ် တစ်ပါး အပေါ်တွင် သည်းခံခြင်းကို ဖေါ်ပြသော ဇာတ်လမ်း ဖြစ်ပါသည်။ မထေရ်သည် မြေကြီးပမာ သည်းခံတတ်ပါသည်။ ရေပမာ မည်သည့် ခွက်တွင် ထည့်ထည့် အဆင်ပြေအောင် ပြုကျင့် တတ်ပါသည်။ တေဇောပမာ အပူအအေးလိုသူတို့အား အဆင်ပြေအောင် ဖြည့်ဆည်းပေးပါသည်။ လေ (၀ါယော) ပမာ အရှင်သည် သတ္တ၀ါတို့အား ရှင်သန်မှုကို ပေးတတ်ပါသည်။ ဂုဏ်တွေကို မဖေါ်ဘဲ မြူမှုံပမာ သိပ်သည်းစွာ နေထိုင်တတ်ပါသည်။ ဒွန်းစဏ္ဍားပမာ နိဝါတတရား လက်ကိုင် ထားပါသည်။ ချိုကျိုးသော နွားလား ဥသဘပမာ မာနမရှိဘဲ သီတင်းသုံးမူပါသည်။ မြွေကောင်ပုပ်သဖွယ် မိမိကိုယ်ကို ရှုဆင်ခြင်ပြီး မိမိခန္ဓာကိုယ်အပေါ်မှ တပ်မက်မှုဟူသမျှ မြူမျှမကျန်အောင် နေထိုင်တတ်ပါသည်။ ခြေသုတ်ပုဆိုးပမာ မိမိကိုယ်ကို အနိမ့်ဆုံး သဘောထားပါသည်။ အိုးခြမ်းပဲ့ပမာ တန်ဖိုးမရှိသူသဖွယ် ကျင့်သုံး တတ်ပါသည်။ အပြစ်ရှာသော ရဟန်းက တောင်းပန်သော အခါတွင်လည်း အရှင်သာရိပုတ္တရာ မထေရ်ကပင် အကယ်၍ သူ့မှာအပြစ် ဖြစ်ခဲ့ရင်လည်း သည်းခံပေးပါရန် ပြန်တောင်းပန် လိုက်ပါသေးသည်။ သူတော်တော် မတော်တော် ကိုယ်က အစဉ်အမြဲ ကောင်းနေသော သူတော်ကောင်း အစစ် ပါတကား။(ဆဋ္ဌမ၀တ္ထု)

ဒုတိယမြောက်ဝတ္ထုတွင် ( အရှင်သာရိပုတ္တရာ အကြောင်း နှစ်ဝတ္ထုပါသည်) ကိုယ်တိုင်လည်းမမြင်၊ ကိုယ်တိုင်လည်း အသိဥာဏ်ဖြင့် မသိရ၊ ကိုယ်တိုင်လည်း လက်တွေ့ ဆောင်ရွက်ပြီး စမ်းသပ်ဖူးခြင်းမရှိ၊ ကိုယ်ပိုင်ပညာဖြင့် တွေ့ထိ ခံစားရဖူးခြင်းလည်း မရှိသော အရာတစ်ခုကို အရှင်သာရိပုတ္တရာမထေရ်က ဘုရားရှင် ဟောကြားသည်ပင် ဖြစ်စေဦး မယုံကြည်ဟု လျောက်ထားခဲ့ပါသည်။ ဘုရားရှင် ကိုယ်တော်တိုင်က သူဟောသော တရားတော်များကို စမ်းသပ် စစ်ဆေး ခိုင်းထားပြီး အကျိုးရှိပါက တစ်ဘ၀လုံး ကျင့်သုံးသွားရန် တိုက်တွန်းတော် မူထားပါသည်။ သူတစ်ပါးကို အားနာလို့ ယုံမိလိုက်ပါသည်ဟူသော အတွေးမျိုး အရှင်သာရိပုတ္တရာ မထေရ်တွင် မရှိပေ။ ပုထုဇဉ်များအနေဖြင့် မိမိတို့ အသိဥာဏ်သည် အားနည်းလှသဖြင့် လေးစားထိုက်သောသူ၏ စကားကို မိမိတို့ လက်တွေ့ မသိကြသော်လည်း လွယ်လွယ်ပင် ယုံတတ်ကြပေသည်။ ဘုရား၏ စကားကို မယုံကြည်ဟုဆိုသော အရှင်သာရိပုတ္တရာကို ရဟန်းတော်များက ယနေ့အထိ မိစ္ဆာနံ့ နံနေသေးရဟန်း၊ ယနေ့ပင် ဘုရားပြောပြနေသည်ကိုလည်း မယုံကြည်သူဟု ကဲ့ရဲ့ခဲ့ကြပါသည်။ ပုထုဇဉ်အထင်နှင့် ရဟန္တာအမြင် ကွာခြားသဖြင့် အပြစ်မြင်တတ်ကြသော ပုထုဇဉ် ရဟန်းများ၏ ခံစားချက်ကိုလည်း နားလည် ပေးသင့်သည်သာ။ ဘုရားရှင်က တစ်ဆင့်ရှင်းပြသည်မှာ အရှင်သာရိ ပုတ္တရာသည် သူတကယ်သိပြီးသော ဈာန်၊ ၀ိပဿနာ၊ မဂ်နှင့် ဖိုလ်တရားတို့သည် ယုံကြည်ရုံ မျှသက်သက်ဖြင့် သိရခြင်းမျိုးမဟုတ်ဘဲ သူ၏ကိုယ်တွေ့ဖြင့် သိခဲ့သော တရားမျိုးဖြစ်သည် ဟု ပြောဆို လိုရင်းဖြစ်သည်။ ရဟန်း တော်များတွေးခဲ့သလို ဘုရားရှင်၏ စကားကို ဆန့်ကျင်ခြင်းမဟုတ်ဟု ရှင်းပြခဲ့ရပါသည်။ သိပ္ပံပညာရှင်များနှင့် တူသည်ဟုဆိုရမည်သာ ဖြစ်ပါသည်။

လောကတွင် အသိဥာဏ်နှင့် ပတ်သက်ပြီး မရှင်းလင်းပါက အားနာ၍ ဟုတ်ကဲ့ပါဟု အလွယ်တကူ မပြောဆိုသင့်ပါ။ ကျန်သော အရာအားလုံးတွင် အားနာသဖြင့် လိုက်လျောပါက အများဆုံးအနေဖြင့် တစ်ဘ၀ လုံး ဆုံးရှုံးသွားစရာ ရှိပါသည်။ ယုံကြည်မှုမှားသဖြင့် အကျင့်မှားကျင့်မိပြီး အသိဥာဏ်မှားသွားပါက ဘ၀သံသရာ အရှည်သဖြင့် နစ်မွန်းသွားနိုင်ပေသည်။ အဇာတသတ်မင်းသည် ဒေ၀ဒတ်ကို မှားယွင်းစွာ ယုံကြည်မိခဲ့သည်။ မိမိခမည်းတော်ကို သတ်ခြင်းဖြင့် အကျင့်မှားခဲ့သည်။ ဤသို့ပြုလုပ်သဖြင့် စိတ်ချမ်းသာရာ ရလိမ့်မည်ဟု အသိမှား ခဲ့လေသည်။ ငရဲရောက်သည် အထိ သံသရာတွင် ဆင်းရဲစွာ နစ်ရလေသည်။ လောကတွင် လူဖြစ်ရသောအခါတွင် ပုဂ္ဂိုလ်ကို မကိုးကွယ်ကြပါနှင့် အမှန်တရားကိုသာ ကိုးကွယ် စေချင်ပါသည်။ ပုဂ္ဂိုလ်ကို လေးစားသည်နှင့် ကိုးကွယ်သည်မှာ မတူတတ်ပေ။ လေးစားသည်မှာ သူ၏သိက္ခာကို အမှန်ပင် ကြည်ညိုတတ်သူဖြစ်ပြီး ကိုးကွယ်သည်မှာ သူဘာပြောပြော အမှန်၊ သူဘာပြောပြော အကောင်းဟု မိမိ၏ စူးစမ်းမှုကဏ္ဍကို ဘေးချထားပြီး မျက်ကမ်း ယုံကြည်မှုမျိုးကို ဆိုလိုပါသည်။ လေးစားသည်မှာ ကုသိုလ် သက်သက်သာ ဖြစ်ပြီး ကိုးကွယ်သည်မှာ ကုသိုလ်နှင့် အကုသိုလ်ရောထွေး ပါတတ်ပါသည်။ သူ့ကို အားကိုးလွန်းသဖြင့် ကုသိုလ်ကို မကွယ်ပါစေနှင့်ဟု သတိပေးလိုပါသည်။ (အဋ္ဌမ၀တ္ထု)

ခဒိရ၀နိယရေ၀တဆိုသည်မှာ ရှားပင်များပေါက်သော တောတွင် သီတင်းသုံးသော ရေ၀တ သာမဏေဟု ဆိုပါသည်။ အရှင်သာရိပုတ္တရာ၏ ညီငယ် သာမဏေ ဖြစ်ပြီး ပဋိသမ္ဘိဒါပတ္တရဟန္တာ သာမဏေ တစ်ပါး ဖြစ်ခဲ့ပါသည်။ သူသည် ဆွေမျိုးများက ရှာဖွေပြီး တရားကျင့်သည်ကို အနှောက်အယှက် ပေးမည် စိုးသဖြင့် ဤတောကြီးတွင် ပျော်ရွှင်စွာ တရားထူးရအောင် ကျင်ခဲ့သည့် သာမဏေ ဖြစ်ပါသည်။ ထိုတောကြီးသို့ ရဟန်းတော်ကြီး နှစ်ပါးလည်း လိုက်ပါခဲ့လေသည်။ သူတို့၏ အတွေးတွင် ဤရဟန်းသည် တောတွင်း၌ ကျောင်းဆောက်နေသဖြင့် တရားအားထုတ်နိုင်မည် မဟုတ်ပေ။ အရှင်သာရိပုတ္တရာ၏ ညီငယ်လေး ဖြစ်သောကြောင့် မြတ်စွာဘုရားရှင်လည်း မျက်နှာလိုက်ပြီး ဤတောကြီးသို့ ကြွလာခဲ့သည် ဖြစ်ရမည်၊ သူတို့၏ စိတ်ကို သိသော ဘုရားရှင်က သူတို့ပစ္စည်း တစ်ခုခုမေ့ကျန်အောင် တန်ခိုးဖြင့် ဖန်ဆင်းခဲ့ပေသည်။ သူတို့သည် ပစ္စည်း မေ့ကျန်ခဲ့သဖြင့် ပြန်ယူကြခဲ့သော် တောကြီးကိုသာ တွေ့ရလေသဖြင့် ပစ္စည်းကို တွေ့အောင် မနည်းပင် ရှာဖွေပြီး ပစ္စည်းကို ယူခဲ့ရတော့သည်။ ပျော်စရာမကောင်းသော တောကြီးမှန်း သိသွားကြလေသည်။ သူတို့ တွေးခဲ့သည့် အတွေးများကိုပင် အားနာစရာ ဖြစ်တော့သည်။ ရဟန်းငယ် နှစ်ပါးသည်လည်း ဤတောအုပ်သို့ လိုက်လာခဲ့ ကြပေရာ သူတို့နှစ်ပါးကမူ မကောင်းသော အတွေးလည်း မရှိခဲ့၊ တောထွက် ရဟန်းအိုကြီးများကဲ့သို့ ပစ္စည်းလည်း မေ့ကျန်ခဲ့မှု မရှိလေသဖြင့် ပျော်စရာ ကောင်းသောတောကြီး အဖြစ်သာ တစ်သက်လုံး မှတ်ထင် သွား ကြပေမည်။ ပျော်စရာ ကောင်းအောင် ရှင်ရေ၀တက တန်းခိုးဖြင့် ဖန်ဆင်းထားခဲ့ပေသည်။ သာဝတ္ထိမြို့သို့ ပြန်ရောက်သော ၀ိသာခါ ကျောင်းအမကြီးသည် မိမိအိမ်သို့ ဆွမ်းခံကြွလာကြသော ရဟန်းအိုကြီးများကို ပထမတွေ့ရပြီးနောက် ရဟန်းငယ်လေးများကို နောက်မှ တွေ့ရပေသည်။ ရှင်ရေ၀တ၏ တောကျောင်း ပျော်စရာကောင်း၊ မကောင်း မေးလျောက်သော အခါ အဖြေနှစ်ခု ထွက်ခဲ့လေသည်။ ရဟန်းအိုကြီးများက ပျော်စရာ မကောင်းဟု ဖြေကြပြီး ရဟန်းငယ်လေးများက ပြောင်းပြန် အဖြေကို ပေးခဲ့ပါသည်။ ပညာရှိသော ကျောင်းအစ်မကြီးက သဘောပေါက်လိုက်လေပြီ။ မကြာမှီ ဘုရားရှင်သည် နောက်ပါ ရဟန်းတော်များ နှင့် အတူတူ ၀ိသာခါကျောင်း အစ်မကြီး၏ အိမ်သို့ ကြွလာခဲ့ပါသည်။ အကြောင်းစုံကို လျောက်ထားပြသောအခါ မည်သည့်အရပ် ဖြစ်စေကာမူ ရဟန္တာများ သီတင်းသုံးပါက မွေ့လျော်ဖွယ်ရာ နေရာဟု မိန့်တော်မူပါသည်။ စွမ်းနိုင်သော သူများ သီတင်းသုံးသည့်နေရာသည် ပျော်စရာကောင်းသော နေရာဖြစ်သည်ဟု ခေတ်လူများ နားလည်စေရန် ဘာသာပြန်ကြသည်ကိုလည်း မှတ်သားရပါသည်။ ရဟန္တာများသည် တကယ်ပင် စွမ်းနိုင်သူများ ဖြစ်ကြပါသည်။ စာဖတ်သူမျာလည်း စွမ်းနိုင်သူများ ဖြစ်ချင်စိတ်ပေါက်ကြပါစေ။ ထို့ထက်လည်း ပိုပြီး လက်တွေ့ နယ်ပယ်သို့ ရောက်ကြပါစေ။(န၀မ၀တ္ထု)

နောက်ဆုံးဝတ္ထုတွင် တရားကျင့်သူကို နှောက်ယှက်သော ပြည်ကြီးဖွယ်ရာ (ပြည်တန်းဆာ) (ခန္ဓာကိုယ်ကို ရင်းနှီးပြီး မကောင်းသဖြင့် အသက်မွေးသူ) အကြောင်းနှင့် ယင်းနှင့်စပ်ပြီး တရားထူးရသွားသော ရဟန်းအကြောင်းကို ဖေါ်ပြ ထားပါသည်။

ဆောင်းပါးမှတ်စုများ

၁။ ဓမ္မပဒအဋ္ဌကထာ အရဟန္တ၀ဂ်

၂။ ဒီဃနိကာယပါဠိ၊ သုတ်မဟာဝါ။

၃။ နေတ္တိပါဠိတော်၊

၎။ သဂါထာဝဂ္ဂသံယုတ္တအဋ္ဌကထာ

၅။ ၀ိနည်းပါစိတ်ပါဠိတော်

စာရေးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်

အင်ချွန်းမြို၊တောင်ကိုရီးယား


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP