* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 23, 2010

လမ်းမှန် ကမ်းမှန်


လမ်းမှန် ကမ်းမှန်

အထက်ပါခေါင်းစီးသည် လောက၀န်းကျင်တွင် ပြောနေကျဆိုရိုးလေးတစ်ခွန်းဖြစ်သည်။ နည်းမှန်လမ်းမှန်၊ လမ်းမှန်ကမ်းမှန်ဆိုသော စကားများဖြစ်သည်။ ပထမစကားတစ်ခွန်းသည် နည်းမှန်မှ လမ်းမှန်သို့ရောက်မည်ဖြစ်ပြီး၊ နောက်စကားတစ်ခွန်းကတော့ လမ်းမှန်မှ ကမ်းမှန် သို့ရောက်ရှိလိမ့်မည်ဟူသော အဓိပ္ပါယ်ရသည်။

လမ်းဟူသည် ပါဠိပုဒ်အရဆိုလျှင် မဂ္ဂ၊ မြန်မာလို လမ်း၊ လမ်းဟူသည် မိမိအပေါ်၌ သွားလာ နေသူတွေကို လိုရာခရီးရောက်အောင် ပို့ဆောင်ပေးတတ်သော သဘောရှိသည်။ ထို့ကြောင့် လမ်းကောင်းမှ ကားကောင်းဝင်မည်၊ အလျင်လို လမ်းအိုလိုက်စသည်ဖြင့် လမ်းနှင့်စပ်ပြီး ပြောဆိုကြသည်။

လမ်းကောင်းတော့ သွားရလာရလွယ်ကူသည် သက်သာသည်၊ ခရီးတွင်သည်၊ လမ်းဟု ဆိုလိုက်လျှင် မည်သည့်လမ်းမဆို ကောင်းဖို့တော့လိုသည်။ လှည်းလမ်းလည်း ကောင်းဖို့ လိုသည် ကားလမ်းလည်းကောင်းဖို့လိုသည်၊ ရထားလမ်းလည်း ကောင်းဖို့လိုသည်၊ လူသွား လမ်းလည်း ကောင်းဖို့လိုသည်၊ ထိုသို့သွားရာ၌ သက်သောင့်သက်သာ ရှိဖို့နဲ့ လမ်းမှန် ဖြစ်ဖို့ကတော့ တော်တော်ကိုအရေးကြီးသည်။ လမ်းကောင်းဖို့လည်းလိုသည်၊ လမ်းညံ့လို့မဖြစ်၊ လမ်းမှန်ဖို့လိုသည်၊ လမ်းလွဲလို့မဖြစ် လမ်းမှားလို့တော့မဖြစ်၊


လမ်းမှန်မှသာ ကမ်းမှန်မည်၊ လမ်းမမှန်လျှင်တော့ ကမ်းလည်းမှန်လိမ့်မည်မဟုတ်တော့ပေ၊ ကမ်းဟူသည် ဆိုက်ကပ်ရာ၊ ဆိုက်ရောက်ရာအရပ်ဖြစ်သည် ၊ မှန်သောလမ်းက သွားမှာသာ မှန်သောကမ်းကိုရောက်မည်၊ မိမိတို့ ယခုဘယ်နေရာရောက်နေသလဲ၊ ကြည့်လိုက်၊ မိမိတို့ ရောက်နေသည့် ရနေသည့်နေရာသည် ကောင်းသလား၊ ဆိုးသလား၊ မှန်သလား၊ မှားသလား၊ ဖြစ်သင့်တဲ့အရာလား၊ မဖြစ်သင့်တဲ့အရာလား သတိထားကြည့်၊ ကောင်းသည်မှန်သည်၊ ဖြစ်သင့်သည်ဟုယူဆထားလျှင် မိမိလျှောက်ခဲ့သောလမ်း၊ လျှောက်နေသောလမ်းသည် ၊ ကောင်းသည်၊ မှန်သည် ဖြစ်သင့်သည်ဟု ယုံကြည်လိုက်ပါ။

လမ်းသည် အဇ္ဈတ္တလမ်းခေါ် မိမိတို့ စိတ်ထဲကနေ ဖောက်လုပ်ကာ လျှောက်နေသည့် လမ်းနှင့် ဗဟိဒ္ဓလမ်းခေါ် အပြင်မှာမြင်တွေ့နေရသည့်လမ်းဟူ၍ နှစ်မျိုးနှစ်စားသိနိုင်သည်။ မိမိတို့ စိတ်သည် အိပ်ချိန်မှအပ ကျန်အချိန်တွေမှာဆို တွေးတော ကြံဆနေကြသည်၊ နှုတ်ကလည်း ပြောဆိုနေကြသည်၊ လက်ကလည်း လုပ်ကိုင်နေသည်၊ ထိုသို့ မနောကံ ၀စီကံ ကာယကံတွေ အချိန်ပြည့်ဖြစ်နေသည်၊ ထိုကံသုံးပါးသည် လမ်းဖောက်နေခြင်း၊ လမ်းထွင်နေခြင်းဖြစ်သည်။

လူတိုင်းကတော့ ကိုယ့်လမ်းကို ဖောက်လုပ်နေကြသည်၊ ထိုလမ်းသည်လည်း လမ်းကောင်းမှ ကမ်းကောင်းမည်ဟုတွေးထားရမည်ဖြစ်သည်။ လမ်းမှန်မှ ကမ်းမှန်မည်ဟုသိထားရမည်၊ ကိုယ့်လမ်းကိုဖောက်တော့ ကိုယ့်စခန်းကိုယ်ရောက်ကြမည်မှာ အမှန်ပင်ဖြစ်သည်၊ အရေးကြီး သည့်အချက်က ကိုယ်ဖောက်သည့်လမ်းနှင့် ကိုယ်လျှောက်သည့်လမ်းကို မှန်မှန်ကန်ကန်သိဖို့ လျှောက်ခဲ့သည့်လမ်းမှာလည်း မှန်ကန်နေခဲ့ဖို့လိုသည်။


ဗုဒ္ဓဘာသာဝင်တို့သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါမှတပါး ကိုးကွယ်ရာမရှိ၊ ကိုးကွယ်အခြားမှာမရှာကောင်း၊ အခြားသော နတ်စသည် ပုဂ္ဂိုလ်ထူးများစသည်တို့ကို ပူဇော် ကောင်း၏၊ ပသကောင်းသည်၊ အားကိုးချင်သပဆိုလျှင်လည်း အားကိုးလို့ရသည်၊ သို့သော် မကိုးကွယ်ကောင်း၊ အထွက်အမြတ်မထားကောင်း၊ အထွက်အမြတ်ထားခဲ့လျှင်၊ ကိုးကွယ်ခဲ့ လျှင် အဲဒီကစပြီး မိမိလျှောက်နေသည့် လမ်းကားမှားပြီ၊ လမ်းလွဲသွားလေပြီ၊


သရဏဂုံအစ အရဟတ္တဖိုလ်အကျ ဗုဒ္ဓလမ်းစဉ်ဆုံး၊ ဗုဒ္ဓလမ်းစဉ်လျှောက်နေလျှင် လူတွင် အမြတ်ဆုံးဟု ရှေးဆရာမြတ်တို့ဆိုခဲ့၊ မှာခဲ့ကြသည်။ဗုဒ္ဓလမ်းစဉ်သည် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ဟူသော သရဏဂုံသုံးပါကစ၍ အရဟတ္တဖိုလ် တွင်ဆုံးသည်၊ ဗုဒ္ဓချမှတ်တော်မူခဲ့သော လမ်းစဉ်တွင် လျှောက်နေသူသည် အမြတ်ဆုံးလူသား လမ်းမှန်မှသည် ကမ်းမှန်သို့ရောက်သွားမည်သာ။


မြတ်ဗုဒ္ဓသည် ထီးနန်းကိုစွန့်ကာ ကမ်းမှန်ရောက်ရန် လျှောက်လှမ်းခဲ့စဉ်က အစာ အငတ်ခံ ၍လည်း ကျင့်ကြည့်သည်၊ အစွန်းထွက်နေ၏။ လမ်းလွဲနေသည်။ လမ်းမှားနေ၏။ ထို့ကြောင့် ဇိမ်ခံရာလည်းမရောက်၊ အငတ်ခံရာလည်းမရောက်၊ အလယ်အလတ်၊ မျှမျှတတ၊ မဇ္ဈိမပဋိပဒါ ကျကျ လျှောက်လိုက်မှ လမ်းမှန်သို့ရောက်ရှိသွားသည် စခန်းမှန်ပေါက်ကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။


ဗုဒ္ဓ၏ ထိုမဇ္ဈိမပဋိပဒါလမ်းစဉ်သည် နေရာတိုင်း၊ ကိစ္စတိုင်းမှာ အသုံးဝင်၏၊ နေရာတိုင်း၊ ကိစ္စတိုင်းမှာလည်း မဇ္ဈိမပဋိပဒါကျကျ ကျင့်သုံးမှသာလျှင် အောင်မြင်နိုင်၏၊ ကမ်းမှန်နိုင်သည်။ လောကုတ္တရာလမ်းစဉ်သည် မဂ္ဂင်ရှစ်ပါးလမ်းစဉ်နှင့်ညီရမည်၊ လောကီလမ်းစဉ်သည်လည်း ထိုရှစ်ပါးနှင့်ညီရမည်သာ၊ လောကုတ္တရာလမ်းမှလျှောက်လျှင် နိဗ္ဗာန်တည်းဟူသော ကမ်းမှန် သို့ရောက်မည်၊ လောကီနိဗ္ဗာန်ကိုလည်း ထိုလမ်းပေါ်မှလျှောက်မှရမည်၊ နေရာအသီးသီးမှာ လမ်းဆုံ၊ လမ်းမ လမ်းလေးခွဟူသော လမ်းဆုံများကို တွေ့မြင်နိုင်သည်။


လူ့ဘုံဘ၀သည်လည်း သုံးဆယ့်တစ်ဘုံတည်းဟူသော လမ်းဆုံလမ်းခွဖြစ်သည်၊ အထက်သို့ တတ်ချင်သလား၊ အောက်အ၀ီစိကို ဆင်းချင်သလား၊ သွားလိုရာသွားလို့ရသည်၊ မိမိတို့သည် ဘယ်လမ်းကိုဖောက်မလဲ၊ လယ်လမ်းကိုလျှောက်ပြီး ကမ်းအမှန်ကိုရောက်မလဲဆိုတာ မိမိ အပေါ်မှာပဲ မူတည်နေသည်။ စိတ်စေတနာကောင်းဖြင့် လမ်းဖောက်လျှင် အထက်ကို တက်သွားမည်၊ အမြင့်ကိုရောက်သွားမည်မှာ သေချာသည်၊ စေတနာမပါ၊ စိတ်ကောင်းမရှိ၊ သစ္စာ မေတ္တာ နတ္ထိဆိုလျှင်တော့ အောက်ရောက်မည်မှာ သေချာသည်။ ယခုဘ၀အချိန်၊ ယခုလက်ရှိအနေအထားသည်ကား လမ်းဆုံးလမ်းခွဖြစ်ပါသည်၊ ကြိုက်ရာလမ်းကို ရွေးချယ်ပြီး လျှောက်သွားရုံသာ၊ သို့ပေမယ့် မိမိလျှောက်သည့် လမ်းသည် လမ်းမှန်ဖြစ်မှသာ မိမိလိုသည့် ကမ်းသည်လည်း မှန်မည်မှာဖြစ်သည်။



ကိုရင်လေး

၂၂.၁၂.၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP