ကုသိုလ်ပြုက ကုသိုလ်ရ
၁၆.၉.၂၀၁၀ ရက်နေ့ မှာစစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး၊သောတာပန်ရပ်
လေးကျွန်းမာန်အောင် ဘုရားပွဲတော်ကြီးကျင်းပပါတယ်။ ဘုရားပွဲမှာ တရားပွဲဓမ္မသဘင်များ
စာပေဟောပြောပွဲများ ဆွမ်းလောင်းပွဲများနှင့်စည်ကားစွာကျင်းပပါတယ်။
ဘုရားပွဲမှာ ဆွမ်းကြီးလောင်းပွဲအတွက် ဦးဇင်းတို့စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း
အသင်းအနေဖြင့် ပဒေသာပင်တစ်ခုလှူဒါန်းလိုပါတယ်။ အဲဒါနဲ့
ဦးဇင်းဒါယိကာမကြီး ဒေါ်ဥမ္မာဌေး ထံသို့ဖုန်းဆက်ခဲ့ပါတယ်။
ဦးဇင်းတို့ဆွမ်းလောင်းအသင်းမှ ပဒေသာပင်တစ်ခုလှူဒါန်းလိုကြောင်း ။
ဒါယိကာမကြီးမှ ဒါယိကာမကြီးမ၀ါဝါခိုင်မင်းဆီလည်းဆက်သွယ်လိုက်ပါ
ဦးဆို၍ ဒါယိကာမကြီးမ၀ါဝါခိုင်မင်းထံသို့ဖုန်းဆက်ခဲ့ပါတယ်။ ဖုန်းကခေါ်ရခက်
``တယ်လီဖုန်းဆက်သွယ်မှုလိုင်းများမအားသေးပါရှင်´´ ဆိုတာကိုပဲထပ်ခါတစ်လဲလဲ
ပြောနေပါတယ်။တစ်ခါမှာတော့ဖုန်းက၀င်သွားပါတယ်။ဒါယိကာမကြီးလည်းမအားဘူးထင်တယ်။
ဖုန်းကမကိုင်လိုက်ဘူး။ ဒီလိုနဲ့ခဏနားပြီးထပ်ခေါ်မယ်လုပ်တော့
ဦးဇင်းတယ်လီဖုန်းကိုတယ်လီဖုန်းဘေမဆောင်လို့
``လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းအား ပေးဆောင်ရန်ကြွေးကျန်ရှိပါသဖြင့်
ဌာနမှယာယီပိတ်ထားပါသည်” ဆိုပြီး ပြောပြန်တော့ မဆက်သွယ်ခဲ့လိုက်၇ပါ။
ဦးဇင်းလည်း သင်္ကန်းတစ်စုံနဲ့အတူ လိုအပ်သောပစ္စည်းများဝယ် ယူ၍
ပဒေသာပင်တစ်ခု
အမြန်ဆုံးဖြစ်အောင်စီစဉ်ခဲ့ပါတယ်။
အဆိုပါအလှူအတွက် စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှတစ်နှစ်အတွက်အလှူရှင်များ
မိမိတို့အလှူအတွက်သာဓုခေါ်ဆိုနိုင်စေရန်ဓါတ်ပုံနှင့်တကွဖော်ပြပေးလိုက်ပါသည်။
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းအနေဖြင့် ဆွမ်းလောင်းလှူရာတွင်
သင်္ကန်းလိုအပ်သောသံဃာတော်များအားသင်္ကန်းစီစဉ်ပေးခြင်း၊သပိတ်လိုအပ်သော
သံဃာတော်များအားသပိတ်စီစဉ်ပေးခြင်းစသော သံဃာတော်များလိုအပ်ချက်ကို
တတ်စွမ်းသရွှေ့ဖြည့်ဆည်းလှူဒါန်းပေးနေခဲ့ပါသည်။
ဦးဇင်းတို့သဒ္ဓမ္မပါလကျောင်းတိုက် ၊စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှ
စာရေးတံမဲတစ်မဲ ရရှိခဲ့ပါသည်။ အဆိုပါမဲမှ သီးစုံပဒေသာပင်ဟုခေါ်သော
ပဒေသာပင်တစ်ခုမဲပေါက်ခဲ့ပါသည်။ သင်္ကန်း ၅ စုံပါသောပဒေသာပင်ကြီးတစ်ခုအား
မဲပေါက်ခဲ့ခြင်းဖြစ်ပါသည်။
ကုသိုလ်ပြုဆောင်ရွက်ချက်များသည်ကုသိုလ်အကျိုးကိုသာ
ချက်ချင်းလက်တွေ့ခံစားရပါသည်။
ဓမ္မပဒတွင် ထမင်းတစ်နပ်စားဖို့အတွက် သုံးနှစ်တိတိကျွန်ခံရသော
အမျိုးသားတစ်ဦးအကြောင်းကို ဓမ္မဒါနအဖြစ်ဖော်ပြပေးလိုက်ပါသည်။
သူစားချင်သောထမင်းတစ်နပ်မှာလည်း ရိုးရိုးထမင်းမဟုတ်။
ထိုခေတ်ကပင်တစ်သိန်းတန်သောထမင်းမျိုးဖြစ်၏။
ရှေးလွန်လေပြီးသောအခါ ဗာရာနသီပြည်၌ သူုဌေးကြီးတစ်ဦးတွင်
သားတစ်ယောက်ရှိ၏။ ဂန္ဓဟုခေါ်၏။ သူ့ဖခင်ကွယ်လွန်သောအခါ
ဘဏ္ဍာစိုးကသူ့ဆွေစဉ်မျိုးဆက် ဥစ္စာဘဏ္ဍာများကို စာရင်းဇယားနှင့်တကွအပ်နှံ၏။
သူပိုင်ဆိုင်သော ဘဏ္ဍာတိုက်ထဲမှ
ရွှေငွေရတနာပစ္စည်းများအပုံလိုက်ကြီးကိုကြည့်၍ ဂန္ဓသူဌေးသည် ယခုလိုတွေး၏။
ငါ၏မိဘဘိုးဘွားများကား ဥာဏ်ပညာနည်းပါးကြ၏။ မိမိရှာထားသော ပစည်းများကို
သည်အတိုင်းထားခဲ့ကြ၏။ ငါးကား ငါပိုင်သောပစ္စည်းများကိုတစိုးတစိမျှမထားဘဲ
အကုန်ယူငင်၍ သွားအံ့။ သူသည် ထိုသို့ကြံစည်ပြီး
လပြည့်နေ့တိုင်းမည်သူမျှမစားနိုင်သည့် တစ်သိန်းတန်ထမင်းကိုစားလေ့ရှိ၏
သူထမင်းစားပွဲကျင်းပနေစဉ် လာရောက်ကြည့်ရှုနိုင်ရန် တစ်မြို့လုံးကို
စည်တီးပြီး လှည့်လှည်ကြေငြာစေ၏။ ထမင်းစားခါနီး ရေချိုးရန် တစ်သိန်းတန်
ဖန်ရေချိုးအိမ်ကိုဆောက်၏
တစ်သိန်းတန်ဖန်အင်းပျဉ်ဝယ်ထိုင်ပြီး နံ့သာရေ (၁၆) လုံးတို့ဖြင့်
ရေချိုးသည်။ပြီးလျှင် တစ်သိန်းတန် ထမင်းစားဆောင်ပေါ်သို့တက်၍
တစ်သိန်းတန်ဖန်ပလ္လင်၌ ထိုင်သည်။ ပြီးလျှင် တစ်သိန်းတန်
ပန်းကန်ခွက်ယောက်များထဲသို့ တစ်သိန်းတန်ထမင်း၊ဟင်းတို့ကိုထည့်ပြီးစား
သောက်လေ့ရှိသည်။
ဤနေရာတွင် မေတ္တာရှင်ဆရာတော် ရေးသားသော လူဖြစ်ရခြင်း၏အဓိက
ရည်ရွယ်ချက်စာအုပ် မှ မှတ်သားစရာတစ်ချိုကိုထုတ်နှုတ်ဖော်ပြလိုက်ပါသည်။
မသူတော်သည် သောက်စားသုံးဖြုန်းခြင်းဖြင့် ဥစ္စာစည်းစိမ်ကို
မိမိအတွက်အရယူသည်။ သူတော်ကောင်းသည်ဒါနပြုခြင်းဖြင့်
ဥစ္စာစည်းစိမ်ကိုမိမိအတွက်
အရယူသည်။
ဤဒဿနကိုကြည့်ခြင်းဖြင့် ဂန္ဓသူဌေးသားသည် သူပိုင်သောပစ္စည်းများကို
မသူတော်နည်းဖြင့် အရယူနေခြင်းသာဖြစ်သည်။ ဗုဒ္ဓသည် အလောင်းတော်ဘ၀ကတည်းက
မိမိပိုင်ဥစ္စာစည်းစိမ်ကို သံသရာအထိ အရယူနည်းကိုသင်ပြပေးခဲ့သည်။
အလောင်းတော်သုမေဓါသူဌေးဘ၀ဖြစ်စဉ်က မိဘဘိုးဘွားများထားခဲ့သော
စည်းစိမ်ဥစ္စာများကို သံသရာအထိအကုန်ယူဆောင်တော့မည်ဟုတွေးပြီး
ဘဏ္ဍာတိုက်တံခါးများ ကိုဖွင့်လှစ်လိုက်သည်။
ပြီးလျှင်မြို့ထဲသို့စည်တီးစေသည်။ သုမေဓါသူဌေးပိုင်သော
ဥစ္စာရွှေငွေများကိုမည်သူမဆို အလိုရှိသလောက် လာရောက်ယူနိုင်သည်။ ဤကား
သူတော်ကောင်းများ၏ဥစ္စာစည်းစိမ်ကို မိမိအတွက် ယူဆောင်နည်းပင်ဖြစ်၏။
တစ်ခုသော လပြည့်နေ့၌ ဂန္ဓသူဌေး၏
တစ်သိန်းတန်ထမင်းစားပွဲကြီးကျင်းပရာတွင်လာရောက်ကြည့်ရှုသူများထဲတွင်
ယနေ့မှမြို့သို့တက်လာပြီး ထင်းရောင်းသော ဆင်းရဲနုံခာလှသည့်
တောသားတစ်ယောက်လည်းပါ၏။ ထိုတောသားသည်ထမင်းဟင်းတို့၏ အနံ့ကိုရသောအခါ
မစားရမနေနိုင်ဖြစ်လာ၏။ ထို့ကြောင့်သူ့ကိုလိုက်ပို့သော မြို့မှ မိတ်ဆွေကို
အကူအညီတောင်း၏။
“သူငယ်ချင်း ငါ့တော့ဒီထမင်းတစ်လုပ်တစ်ဆုပ်ကိုမှ မစားရရင် သေရတော့မယ်။
သူဌေးကြီးထံ ထမင်းတစ်လုပ် တစ်ဆုပ် တောင်းပေးပါ”
တံတွေးတမျိုမျို ပါးစပ်တပြင်ပြင် ဖြင့်ဖြစ်နေသော တောသားမိတ်ဆွေကို
ကြည့်၍ မြို့သားမိတ်ဆွေသည် အတော်သနာသွားရရှာ၏။ ထို့ကြောင့်အရဲစွန့်ပြီး
သူဌေးကြီး ကြားလောက်အောင် လှမ်းအောင်လေတော့သည်။
“ သူဌေးကြီးခင်ဗျား၊ ကျွန်တော့် မိတ်ဆွေက သူဌေးကြီး
ယခုစားနေတဲ့ထမင်းဟင်း ကို တစ်လုပ်တစ်ဆုပ်မှ မစားရရင်
အသက်သေတော့မလောက်ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော့်မိတ်ဆွေအသက်ကိုကယ်
သောအားဖြင့်ထမင်း တစ်လုပ်တစ်ဆုပ်ကို စွန့်ကြဲပါခင်ဗျား”
ဆင်းရဲသား၏ ကရုဏာသံဖြင့် တောင်းခံမှုကို သူဌေးကြီးက အသပြာဖြင့် တုံ့ပြန်လိုက်သည်။
ထမင်းတစ်နပ်အတွက် သုံးနှစ်ကျွန်ခံရသူ
“ဤထမင်းအားလုံးသည်တစ်သိန်းတန်သောကြောင့် တစ်လုပ်တစ်ဆုပ်ဆိုလျှင်ပင်
ငါးရာလည်းဟုတ်သည်။ တစ်ထောင်လည်းဟုတ်သည်။ ထို့ကြောင့် တောင်းလာသူတိုင်းကို
အလကားမကျွေးနိုင်။ ဤ ထမင်းမျိုးတစ်နပ်စားချင်လျှင် ငါ၏ထံတွင်
သုံးနှစ်ကျွန်ခံရမည်။ အမှုကိစ္စများကို သုံးနှစ်တိတိ
မခိုမကပ်လုပ်နိုင်လျှင် သုံးနှစ်ပြည့်သောနေ့တွင် ယခုလို ထမင်း
တစ်နပ်ကိုကျွေးမည်”
တောသားကားထိုထမင်းတစ်နပ်အတွက် အသက်ပင် အသေခံဖို့ ၀န်မလေးရာ
သုံးနှစ်ကျွန်ခံဖို့အတွက် အလွယ်တကူပင်သဘောတူလိုက်လေသည်။
ဥစ္စာအတွက်ကျွန်ခံခြင်း
မဟုတ်ဘဲ ထမင်းတစ်လုပ်၊တစ်နပ်အတွက် ကျွန်ခံသူဖြစ်သောကြောင့်
သူ့ကိုဘတ္တဘတိကဟုခေါ်ကြသည်။ ဘတ္တဘတိက= ထမင်းတစ်လုပ်အတွက်ကျွန်ခံသူ။
ဘတ္တဘတိက သည်သုံးနှစ်ပြည့်သည်အထိ ဂန္ဓသူဌေးထံတွင် ကျွန်ခံ၏။
သုံးနှစ်ပြည့်သောအခါ ဂန္ဓသူဌေးကဲ့သို့ပင်တစ်သိန်းတန်
ထမင်းပွဲကြီးကိုစားရန် ပြင်ဆင်ပေးထား၏။ နံသာရေများချိုးပြီးထမင်းစားရန်
တစ်သိန်းတန်ပလ္လင်ပေါ် ထိုင်လိုက်စဉ်မှာပင် ဂန္ဓမာဒနတောင်မှ
ပစ္စေကဗုဒ္ဓါတစ်ပါးသည် ဘတ္တဘတိက ရှေ့လာပြီးဆွမ်းရပ်လေ၏။
ဘတ္တဘတိကတွင် သဒ္ဒါလည်းရှိသည်။စေတနာလည်းရှိသည်။ ငါ့ကိုလှူသည့်အတွက်
ကျောင်းကျိုးအနန္တ ရမည်ဟုသိမြင်တော်မူသောကြောင့် ယခုလိုကြွလာခြင်းဖြစ်သည်။
ဘတ္တဘတိကကား ဥစ္စာဆင်းရဲသောလည်း အတွေးအခေါ်ကားချမ်းသာသူဖြစ်၏။
“ငါသည် အတိတ်ဘ၀က ဒါနကုသိုလ် မရှိခဲ့သောကြောင့် တစ်နပ်စာထမင်းအတွက်
သုံးနှစ်ကျွန်ခံရခြင်းဖြစ်သည်။ ဤထမင်းကို ယခုစားသောက်လျှင် ငါ့ကို
တစ်ရက်သာ ချမ်းသာအောင်စောင့်ရှောက်မည်။အကယ်၍ မစားဘဲ
မထေရ်မြတ်ကိုလှူခဲ့လျှင်ကား ထိုဒါနကုသိုလ်သည်
ငါ့အားကမ္ဘာပေါင်းများစွာချမ်းသာအောင် စောင့်ရှောက်ပေလိမ့်မည်”
ဤသို့တွေးပြီး သုံးနှစ်ကျွန်ခံမှရသောတစ်နပ်စာထမင်းကို
မထေရ်မြတ်အားလောင်းလှူလိုက်လေသည်။ ထို့နောက်ဦးချ၍ ယခုလိုဆုတောင်း၏။
“အရှင်ဘုရား ဤကုသိုလ်ကြောင့်ဖြစ်ရာဘ၀တွင်စည်းစိမ်ဥစ္စာများ
ပေါများချမ်းသာရပါလို၏။ အရှင်ဘုရားတို့သိမြင်အပ်သော တရားထူး၊တရားမြတ်
ကိုလည်း သိမြင်ရပါလို၏”
“သင်တောင်းသောဆုလျှင်မြန်စွာပြည့်ပါစေသတည်း” ဟုမထေရ်မြတ်က
ဆုပေးပြီးလျှင် ဂန္ဓမာဒနတောင်သို့ပြန်ကြွလေ၏။ဤလူအပေါင်းသည်
ဂန္ဓမာဒနတောင်သို့ရောက်အောင်ငါ့ကို ကြည့်ရှူလျှက်တည်ပါစေသတည်းဟု
အဓိဋ္ဌာန်လိုက်သဖြင့် အလှူရှင် ဘတ္တဘတိက နှင့်ပရိတ်သတ်များ
သည်မထေရ်မြတ်ပြန်ကြွသည့်အတိုင်း အမှတ်သညာဖြင့် မြင်နေကြရ၏။
ဂန္ဓမာဒနတောင်သို့ ရောက်သောအခါ ရှိနှင့်သောပစ္စေကဗုဒ္ဓါများနှင့်အတူ အပါး
ငါးရာတို့သည် တစ်သိန်းတန်ဆွမ်းကို အညီအမျှဘုန်းပေးကြရပေ၏။ ဘတ္တဘတိက၏
ပြုနိုင်သောအမှုကို မြင်ရသော ပရိတ်သတ်များ၏ချီးမွမ်းသံသည် ပဲ့တင်ထပ်မျှ
မြည်ဟီးသွား၏။
ဂန္ဓသူဌေးကြီးသည် ထိုအကြောင်းကိုကြားသောအခါ ဘတ္တဘတိကကို ခေါ်၍ ယခုလိုပြော၏။
“ ဘတ္တဘတိက - ငါသည် စည်းစိမ်ဥစ္စာများစွာရှိသော်လည်း တစ်စုံတစ်ခုကိုမှ
မလှူဖူးချေ။ သင်၏ ခက်ခဲသော ဒါနမှုကား အံ့ဖွယ်ရှိပါပေစွ။ အသပြာတစ်ထောင်ယူ၍
ထိုကုသိုလ် အဖို့ကိုငါ့အား အမျှပေးပါ”
ဘတ္တဘတိကလည်း ၀မ်းမြောက်ဝမ်းသာနှင့် အမျှပေး၏။ ဂန္ဓသူဌေးသည်
နှမျှောကစေးနှဲသူဖြစ်သော်လည်း မိမိထက်သာသောသူကို ချီးမွမ်းနိုင်၏။
မိမိထက် တကယ်သာသူကို တွေ့မြင်ရပါလျှက် မချီးမွမ်းနိုင်ခြင်းသည်
ဝဏ္ဏမစ္ဆရိယကြောင့်ဖြစ်သည်။
ဝဏ္ဏမစ္တ္ဆရိယဟူသည် သူတစ်ပါး၏ ကောင်းသတင်းကို ၀န်တိုခြင်းပင်ဖြစ်၏။
ထိုဝဏ္ဏမစ္ဆရိယ ရှိသူများသည် ဖြစ်ရာဘ၀၌ အရုပ်ဆိုး အကျည်းတန်ဖြစ်တတ်၏။
လူမှုရေး၊စီးပွားရေး၊ ဘာသာရေး၊ အရာရာဌာနအားလုံး၌ အောင်မြင်မှုမရသူများသည်
ကဲ့ရဲ့ပြစ်တင်ဖို့သာသတိရပြီး ချီးမွမ်းထောမနာပြုဖို့
မေ့လျှော့နေသူများသာဖြစ်သည်။
ဂန္ဓသူဌေးသည် လေးစားကြည်ညိုသောကြောင့် ဘတ္တဘတိကအား
စည်းစိမ်ချမ်းသာတစ်ဝက်ကို ခွဲ၍ပေးလေသည်။ မင်းကြီးသည်လည်း
ထိုသတင်းကိုကြားသောအခါ အသပြာတစ်ထောင်ပေး၍ ကုသိုလ်ကိုသာဓုခေါ်ပြီးလျှင်
ကြီးကြယ်သော စည်းစိမ်ချမ်းသာကိုချီးမြင့်၍ သူဌေးကြီးအရာကိုပေးလေသည်။
ထိုသူဌေးသားဘ၀မှစုတေသောအခါ နတ်ပြည်၌ ကာလရှည်ကြာ
စည်းစိမ်ချမ်းသာများကိုခံစားပြီးလျှင် ယခုဘုရားသာသနာ၌ အရှင်သာရိပုတ္တရာ
အမျိုးသူဌေးကတော်ဝမ်းတွင် ပဋိသန္ဓေနေသည်။
မွေးဖွားပြီးခုနှစ်နှစ်အရွယ်မှာပင် ရှင်ပြုကာ ထိုအရွယ်မှာပင်
ရဟန္တာဖြစ်ခဲ့လေသည်။ ဘွဲ့အမည်မှာ သုခသာမဏေဖြစ်သည်။
(ဓမ္မပဒ၊ သုခသာမဏေ ၀တ္ထု)

Tags: အလှူ
Prev: မြရတနာ ဆရာ၊ဆရာမလစာအလှူရှင်များနှင့် ကိုဇော် ဦးဆောင်သောအလှူရှင်များ ရှင်ပြုပေးကြသောကိုရင်များ

0 comments:
Post a Comment