မုဒိတာလမင်း
Thursday, 02 September 2010 18:47 |
Written by Administrator | PDF | | Print | | E-mail

မုဒိတာလမင်း
ကြယ်တွေလတွေကို ငေးကြည့်မိဖို့ မေ့နေခဲ့တာ ကြာနေခဲ့ပါပြီ။ ဒီည ၁၂ နာရီကျော်ကျော်မှာ ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ ကောင်းကင်းမှာ လနှစ်စင်းသဏ္ဌာန် တွေ့ရမယ်ဆိုလို့ အခန်းထဲက ထွက်ကာ ကောင်းကင်ကို မော့ကြည့်ဖြစ်တယ်။ သူတို့ပြောသလို လနှစ်စင်းလိုတော့ မတွေ့ရပါဘူး။ အောက်မှာလည်း အလင်းရောင်ကရှိနေ၊ နောက်ပြီး ကောင်းကင်ကြီးကလည်း ကိုယ်ငယ်ငယ်က ကိုယ့်မွေးရပ်မြေက ကောင်းကင်မှာလို ကြယ်တာရာ တွေက မစုံလင်လေတော့ တခုခု လိုနေသလို ခံစားမိတယ်။ အထူးသဖြင့်တော့ ကြယ်တွေလတွေအကြောင်း တခုတ်တရ ပြောပြတတ်တဲ့ အသံတစ်သံ ပျောက်နေသလို ဖြစ်နေလို့ လစ်ဟာနေသလို ထင်မိတယ်။
(၁)
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့ ... ကို ကျွန်တော်သတိရလိုက်တာ ...
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကိုတောင်ပံနဲ့ တဖျန်းဖျန်းရိုက်ကြတယ် ... ။
လောကအတုမှာ ... လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီး လမ်းလျှောက်နေတယ်
မေမေ ...
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု ... ဘယ်မှာလဲ
ဘယ်မှာလဲ ... ။
မြူမှုန်မိုးနှင်းတွေက ရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကို မေ့ထားခဲ့ပါတော့
မေမေ ... ။
(တာရာမင်းဝေရဲ့ ခေါင်းလောင်းသံစာတမ်း-မှ။ www. planet.com ကနေ ကူးယူဖော်ပြပါတယ်)
ကြယ်တွေလတွေအကြောင်းကို ကဗျာဖွဲ့သူတွေက ဖွဲ့ကြတယ်။ သီချင်းသီသူတွေကလည်း သီကြတယ်။ နက္ခတ်တာရာတွေအကြောင်း စိတ်ဝင်စား သူတွေကလည်း သူတို့အမြင်နဲ့သူတို့ နက္ခတ်ဆိုင်ရာ အဓိပ္ပါယ် အမျိုး မျိုးဖွင့်ကြတယ်။ ဗေဒင်ဆရာတွေကလည်း ဂြိုဟ်တွေ နက္ခတ်တွေအကြောင်း ပြောတတ်ကြတယ်။ နောက်ဆုံး နာမည်ရွေးတာတောင်မှပဲ ဘယ်နေ့ဘယ်ရက်မှာ မွေးတယ်။ ဘာနက္ခတ်နဲ့ယှဉ်တယ်ရယ်လို့ လတွေကြယ်တွေနဲ့ မလွတ်နိုင်စွာ အမည်ပေးကြ၊ ရွေးတတ်ကြတယ်။ လူတစ်ယောက်ရဲ့ဘဝအတွက် ကြယ်လတွေက ဘယ် လောက်တောင် ပါဝင်ပတ်သက်မှုရှိတယ်၊ လွှမ်းမိုးချယ်လှယ်နိုင်တယ်ဆိုတာ တိတိကျကျ မသိပေမယ့် လူသား တွေကြားမှာ ကြယ်တာရာတွေက တော်တော် နေရာ ယူထားတာကိုတော့ သေသေချာချာကို ပြောနိုင်ပါတယ်။
ကိုယ့်ဘဝမှာလည်း ကြယ်တာရာတွေ၊လတွေက တော်တော်အရေးပါတဲ့နေရာမှာ ရှိပါတယ်။ ကြယ်တွေလတွေက တခါခါမှာ ကိုယ့်ဘဝ အမှောင်ည များအတွက် လမ်းပြတွေဖြစ်သလို တခါခါမှာတော့လည်း ကိုယ့်စိတ်ကို လှပစွာထားတတ်အောင် ချယ်သတတ်တဲ့ ပန်းချီဆရာ တွေဖြစ်နေတတ်တယ်လို့လည်း ခိုင်ခိုင်မာမာ ယုံကြည် မိပြန်တယ်။ ဟောဟိုကြယ်တန်းက မောင်ရင်ဆိုင်းထမ်း၊ ဟိုကြယ်စုကတော့ ဖျောက်ဆိပ်ကြယ်၊ ဟိုး မြောက် ဖက်ဆီက အတောက်ပဆုံးကြယ်ကြီးကတော့ ဓူဝံကြယ်လို့ ခေါ်တယ်။ ဟိုမှာမြင်ရတယ်မဟုတ်လား။ ဘဲပုံ ကြယ်၊ ဟောဟို ဖက်မှာတော့ လိပ်တစ်ကောင်။ ကောင်းကင်တခွင် တောက်ပစွာလင်းလက်နေတဲ့ ကြယ်တွေကို လက်ညှိုးထိုးလို့ ကြယ်တွေအကြောင်း ပြောပြတတ်တဲ့ အဖွားဟာ ခုနေခါမှာ ကြယ်တစ်လုံးလုံးဆီမှာများ ရောက်နေလေမလားလို့ တွေးမိပါတယ်။ တကယ်ပါ၊ ကြယ်တွေလတွေသာ ဒီကမ္ဘာမှာ မရှိခဲ့ဘူးဆိုရင် ကိုယ်ဟာ လှပစွာ စိတ်ကူးယဉ်တတ်သူတစ်ဦးလည်း ဖြစ်လာမယ် မဟုတ်ပါဘူး။
လကိုမော့ကြည့်မိတော့ ကဗျာတစ်ပုဒ် မဟုတ်ပေမယ့် ကိုယ့်အတွက်တော့ ကဗျာတစ်ပုဒ်လို ဖြစ်နေခဲ့တဲ့၊ ဝတ္ဃု တစ်ပုဒ် မဟုတ်ပေမယ့်လည်း မရိုးနိုင်စွာ ဖတ်မဝတဲ့ ဝတ္ထုတစ်ပုဒ်လို ဖြစ်နေတဲ့အကြောင်းက ကြည်နူးဆွတ်ပျံ့ ဖွယ်ရာ ဖြစ်လာရပြန်တယ်။ ဒီညကောင်းကင်မှာ တကယ်မြင်ရတဲ့မြင်ကွင်းက လနှစ်စင်း မဖြစ်ခဲ့ပေမယ့် ရင်တွင်း မှာသာခဲ့တဲ့လမင်းကြောင့် တကယ့်ကို လနှစ်စင်းဖြစ်ခဲ့ရတဲ့ညပါ။
ပိန်းပိတ်အောင် မှောင်လွန်းတဲ့ လမိုက်ညများမှာ ကောင်းကင်ကို လက်ညှိုးညွှန်လို့ ငါ့မြေး ဟိုမှာကြည့်စမ်း၊ ခု မြင်ရတဲ့ကြယ်တွေရဲ့ အလင်းက လသာညမှားမှာ မြင်ရတဲ့ ကြယ်တွေရဲ့ အလင်းထက် ပိုလင်းတယ် မဟုတ် လား။ ဒီလိုပဲပေါ့မြေးရယ်။ တခါခါ ကိုယ့်ဘဝမှာ အရာအားလုံး ပိန်းပိတ်အောင် အမှောင်ကျနေပြီဆိုလျင် ကိုယ့် မှာရှိတဲ့ အလင်းရောင်က ပိုတောက်ပလာတတ်တာ။ ငါ့မြေးကြီးလာရင်လည်း ဘဝမှာ ပိန်းပိတ် အောင် မှောင် တဲ့အချိန်မျိုးလည်း ရှိလာနိုင်တယ်။ အဲဒီအခါကျရင် ငါ့မြေးမှာရှိတဲ့ အစွမ်းအစကို ထုတ်ပြခွင့်ရတာပဲလို့ တွေးပြီး အမှောင်ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်ရမယ် လို့ အဖွားက ပြောတတ်တယ်။ ဒီလိုပြောချိန်များမှာ အမှောင်ကြားက တောက်ပနေတတ်တဲ့ အဖွားရဲ့မျက်လုံးရောင်ဟာ ကောင်းကင်မှာမြင်ရတဲ့ အတောက်ပဆုံးကြယ်ရဲ့အလင်းထက် ပိုပြီးလင်းလက်နေသလို ထင်မိတယ်။ အဲဒီအလင်းက ကိုယ့်ကိုခွန်အားတွေ ပေးသလိုလည်း ခံစားခဲ့မိတယ်။
ကိုယ့်အရွယ် တော်တော်လေး ရလာတဲ့အထိ အမှောင်ညတွေကိုတွေ့ရလို့ အလင်းမဲ့ဖြစ်နေ တတ်တဲ့အခါမျိုးမှာ အဖွားပြောတဲ့ ကြယ်ရဲ့အလင်းရောင်အကြောင်းကို သတိရမိတတ်တယ်။ သတိရမိတိုင်းလည်း ကောင်းကင် တခွင်ကိုမော့ကြည့်လို့ အတောက်ပဆုံး ကြယ်တစ်လုံးကို ရှာနေမိတတ်တယ်။ ဒီအတောက်ပဆုံး ကြယ်တစ် လုံးဆီမှာ အဖွားရဲ့ မျက်လုံးတစ်စုံများ တွေ့နိုင်လေမလားလို့ ထင်နေမိတာ ကိုလည်း ကိုယ်ဝန်ခံရမှာပါ။
ခုတော့လည်း ထာဝရ အလင်းမမဲ့တဲ့ အရပ်မှာ နေနေခဲ့တာ နှစ်တော်တော်ကြာလာခဲ့ပြီမို့ အမှောင်ညဆိုတာကို တောင်မှ သတိမထားဖြစ်ခဲ့ တော့ပါဘူး။ သို့ပေမယ့် ဘဝရဲ့ အခက်အခဲတစ်ခုခုနဲ့ တွေ့လေတိုင်းတော့ ကြယ်တွေ အကြောင်း ပြောတတ်တဲ့ အဖွားရဲ့စကားကို ပြန်လည် ကြားယောင်မိတတ်ပါတယ်။ ဒီညမှာလည်း ကောင်းကင်က အတောက်ပဆုံးကြယ်တစ်လုံးကို ရှာဖွေနေဖြစ်ခဲ့တယ်ဆိုတာ ပြောပြနေဖို့ လိုမယ်မဟုတ်ဘူးပေါ့လေ။
လမိုက်ညများမှာ ကြယ်တွေအကြောင်းပြောတတ်တဲ့အဖွားက လသာညများမှာဆိုရင်ဖြင့် လအကြောင်းကို တဖွဲ့ တနွဲ့ ပြောတတ်ပြန်တယ်။ ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွတ်သည့် အဖိုးအို၊ ဟောကြည့်ပါဆို၊ ဆိုသာဆို ပိုမိုသည့် စကား၊ ကလေးငယ် အငိုတိတ်အေင် အရိပ်ယောင်ပြတယ် ဖိုးလနတ်သား-ဆိုတဲ့ ကလေးကဗျာတစ်ပုဒ် အဖွား နှုတ်ကရွတ်ဆိုတာကို မကြာမကြာ ကြားရတတ်တယ်။ လသာညများမှာ သီချင်းတကြော်ကြော်နဲ့ မောင်း ထောင်းဆန်ဖွတ် လုပ်လေ့ရှိတဲ့ အညာတောရွာဓလေ့မှာ ဆန်ဖွတ်သည့်အဖိုးအိုဆိုတဲ့ ဒီကလေးကဗျာလေးဟာ ပိုမိုအဓိပ္ပါယ်ပြည့်ဝ နေလေသလားတော့ မဆိုနိုင်ဘူးပေါ့။ လပြည့်ညများမှာ ထိန်ထိန်သာနေတဲ့ လကိုကြည့်လို့-မြေးဟိုမှာကြည့်၊ အဖိုးအိုက မောင်းထောင်းနေတာ၊ အမယ်ကြီး(အဖွားအို)က ရှေ့မှာဆန်ပြာလို့။ တွေ့တယ် မဟုတ်လား၊ ညိုဒုတ်(ခွေး)ကြီးကလည်း အဖွားအိုဘေးမှာ ဆောင့်ကြောင့်ထိုင်လို့ဆိုပြီး ရှင်းပြတတ်တယ်။ လထဲမှာတွေ့ရတဲ့ အမဲရောင်အရိပ်က အဖွားပြောပြတော့လည်း တကယ့်ကိုမှ ဆန်ဖွတ်ဆန်ပြာသူတွေ၊ ညိုဒုတ် တွေဖြစ်လို့။ ကလေးဘဝရဲ့ ကြယ်လပုံပြင်တွေဟာ ပြန်လည်သတိရလေတိုင်း တကယ့်ကိုမှ လွမ်းမောဖွယ် အပြည့်နဲ့ပါ။
လအကြောင်းပြေပြတတ်တဲ့ အဖွားစကားထဲမှာ အထူးသတိရနေမိတတ်ကတော့ လရဲ့မုဒိတာ စိတ်ထားကိုပါ။ သက်မဲ့လရဲ့ မုဒိတာစိတ်ထား ဆိုတာကို ဆန်းနေမလားတော့ မသိဘူးပေါ့။ ဒါပေမယ့် အဖွားပြောတတ်တဲ့ လရဲ့ မုဒိတာစိတ်ထားကိုတော့ ကလေးငယ်ငယ်အရွယ်ကတည်းကစလို့ ကိုယ်ကတော့နှစ်သက်သဘောကျနေမိ တယ်။
တိမ်တိုက်တွေ သူ့ကိုဖုံးအုပ်လာရင်လည်း 'လ က' စိတ်မဆိုးတတ်ဘူး။ သူကတော့ လူကောင်းပဲ၊ သူ့အတွက်ပဲ အလင်းရောင်ပေးမယ်၊ သူကတော့ လူဆိုးမို့ အလင်းရောင် မပေးဘူးလို့ ခွဲခြားတတ်တဲ့ စိတ်ထား လမင်းမှာ မရှိဘူး။ သူက ရှင်ဘုရင်ကြီးမို့၊ သူကတော့ သူတောင်းစားမို့ဆိုပြီး သူ့အလင်းကို ပိုပိုလိုလို မဖြစ်စေဘူး။ နောက်ပြီး သူ့အလင်းက ဘယ်သူ့ကိုမှ မပူလောင်စေဘူးလေ။ ကိုယ်ပေးနိုင်တဲ့ တစ်စုံတစ်ရာဟာ အခြားသူတွေအတွက် အပူ မဖြစ်စေဖို့လည်း အရေးကြီးတယ်။ လမင်းက ပိုးစုန်းကြူရဲ့အလင်းလေးပဲဆိုပြီး ပျက်ရယ်မပြုသလို နေမင်း ကြီးရဲ့အလင်းပဲ ဆိုပြီးလည်း မနာလိုမရှုဆိတ် မရှိဘူး။ နေ့အချိန် နေမင်းကြီးထွက်လာတော့ သူကအသာအယာ သူ့အလင်းကို ရုပ်သိမ်းပေးလိုက်တာပဲ။ လမင်းကြီးက တကယ့်ကိုမှ မုဒိတာကြီးတယ်လေ။ သူထက်သာတဲ့ အလင်းတွေရောက်လာတော့လည်း လမင်းကြီးက မနာလိုဖြစ်မနေဘူး။ သူတို့ကို လင်းခွင့်ပေးလိုက်တာပဲ။
နောက်ပြီး လမင်းကြီးကို ကြည့်ပါလား။ အမြဲပြုံးနေတယ်လေ။ ငါ့မြေးလည်း လမင်းလိုစိတ်ထားနဲ့ အမြဲတမ်းပြုံး နေနိုင်အောင် ကြိုးစားရမယ်။ ငါ့မြေးကြောင့် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မပူလောင်စေရဘူး။ နောက်ပြီး လမင်းကြီးလိုပဲ ငါ့မြေးလည်း ဟိုလူ့ကိုသာစေ၊ ဒီလူ့ကိုနာစေဆိုတဲ့ စိတ်ထားမျိုး မရှိစေရဘူး။ လကွယ်ညများမှာ အခွင့်မရလို့ မသာရတာကို စိတ်ညစ်မနေပဲ အခွင့်ရတဲ့ လသာညများမှာ လမင်းကြီးက အစွမ်းကို ထိန်ထိန်သာ တာပဲလေ။ ဒါဟာ လရဲ့အလှပဲပေါ့ မြေးရယ်။ မြေးလဲ လမင်းကြီးလို အေးမြခြင်းတွေ၊ အလင်းတွေကို အများကြီး ပေးနိုင်အောင် ကြိုးစားရမယ်-ရယ်လို့ ဘဝနဲ့လကို ယှဉ်တွဲပြကာ ပြောတတ်တဲ့အဖွားစကားသံတွေကို နားထဲမှာ ထင်ထင်ရှားရှား ပြန်လည် ကြားယောင်မိတယ်။ ကိုယ့်စိတ်ကိုသိလို့များ လမင်းကတဆင့် အဖွားက ခုလိုစကား ဆိုလေသလားလို့လည်း တွေးမိလိုက်သေးတယ်။
အေးမြခြင်းတွေ၊ ညီမျှခြင်းတွေ၊ အလင်းတွေပေးတတ်တဲ့လမင်းအကြောင်းနဲ့အတူ "မုဒိတာလမင်း"ဆိုတဲ့ စကားလုံးလေးက ကိုယ့်နှစ်လုံးသားက တဆင့် နှုတ်ဖျားကိုရောက်လာတယ်။ အခြားဘယ်အရာတွေကိုမှ ပိုင်ဆိုင်ဖို့ လိုလိုလားလား မရှိတတ်ပေမယ့် မနာလိုဝန်တိုခြင်းကင်းတဲ့ စိတ်ထား ကောင်းတစ်ခုကိုတော့ ပိုင်ဆိုင်တဲ့ လူသား တစ်ဦးဖြစ်ချင်တယ်။ အထူးသဖြင့်တော့ အဖွားမျှော်လင့်ခဲ့သလို လမင်းကြီးလို အလင်းတွေ အေးမြခြင်း တွေကို အများကြီး မပေးနိုင်သည့်တိုင် ကိုယ်ဟာ လူသားတွေအတွက် နဲနဲလေးဖြစ်စေဦးတော့ အေးမြတဲ့ အလင်းရောင် ပေးသူတစ်ယောက်လည်းပဲ ဖြစ်ချင်နေမိတယ်။ ။
မုဒိတာလမင်း (Mudita Moon)

0 comments:
Post a Comment