* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 3, 2010

ဘဝရဲ့အပိုင်းအစများ(၄)

အို- ခရီသွားဒုက္ခ
အခက်အခဲနဲ့ ကြုံရဖန်များတော့လဲ
စိတ်ပျက်စရာတော့
မဟုတ်တော့ပါဘူး။
အထုပ်အပိုးတွေကို
သယ်လိုက် ချလိုက်နဲ့
ပင်ပန်းလိုက်တာ။
ပစ္စည်းများကို ယူမသွားနိုင်၍
လေဆိပ်တစ်နေရာ
ပစ္စည်းအပ်ရာတာကလဲ
ဈေးမသေးလှ
“ပစ္စည်းတစ်ထုပ်ကို
တစ်ရက်အပ်ရင်
တစ်ရာကျပ်”တဲ့။
မန္တလေးနှင့် တံတားဦးလေဆိပ်
မော်တော်ကားနဲ့ဆို
(၁)နာရီလောက်ပင်သွားရသည်။
မန္တလေးဆိုတာသိတဲ့အတိုင်း
အသိမရှိတော့
အနေအထိုင်ခက်ခဲသည်။
ဒီတစ်ခေါက်ပြန်လာ
တက္ကသိုလ်မှာမတည်း
အပြင်ကျောင်းမှာပဲ တည်ခဲ့ပြီး
ဗုဒ္ဓဟူးနေ့ခရီးမချောမွေ့လျှင်
ကြာသပတေးနေ့
ခရီးချောမွေ့အောင်
ဆုတောင်း၍သာနေရပါ၏။
ကြာသပတေးနေ့မှာတော့
ကောင်းကင်ပြင်ရှင်း
မြူတိမ်ကင်းပြီး
ရာသီဥတုကကောင်း
ခရီးကြောင်းတော့
ဖြောင့်တန်းမည်ထင်သည်။
မန္တလေးလေဆိပ်
သွားလိုက်ပြန်လိုက်နဲ့
ဝန်ထမ်းတွေကတော့
မျက်စိရှုပ်နေလောက်ပါပြီ။
စာရေးသူကတော့
ခေါက်တုန့်ခေါက်ပြန်
လာလိုက်ပြန်လိုက်
စိတ်မညစ်ပဲ
မန္တလေးလေဆိပ်မှာ
ဗဟုသုတများစွာ
ရရှိခဲ့ပါသည်။
အလုပ်ဆိုတာ
“အတွေ့အကြုံက သက်သေထူတာပဲ မဟုတ်ပါလား”။
မသွား၊ မလာတတ်ခင်
လူတိုင်းကိုမေး
အတွေ့အကြုံများလာတော့လည်း
မေးစရာတော့
မလိုတော့ပါဘူး။
ကြာသပတေးနေ့မှာ
ခန္တီးလေယာဉ်
မန္တလေးလေဆိပ်မှ
(၁)နာရီမှာ စတင်ထွက်ခွာ
စာရေးသူတို့အဖွဲ့လည်း
ဒုတိယအကြိမ်
လိုက်ပါခဲ့လေပြီ။
မြူတိမ်ကကင်း
ရှင်းလင်းနေတဲ့
ကောင်းကင်ပြင်
လေယာဉ်ပေါ်က
စစ်ကိုင်းတောင်ရှုခင်း
လုံးစုံမြင်ရတော့
စိတ်ထဲမှာ ကြည်နုး
ဆွမ်းဦးပုညရှင် ဘုရားကို
လက်နှစ်ဖက်ကိုကပ်
ဦးညွတ်လိုက်ပါ၏။
“ဘုရားတပည့်တော်တို့
သွားလေရာလမ်းခရီး
ဖြောင့်တန်းအောင်မြင်ပါစေဘုရား”။
ဟုမ္မလင်းအလွန်
မကြာခင်မှာပင်
ဥယုမြစ်ကို မြင်တွေ့ရသည်။
“ဥယုမြစ်ဆိုတာ မြစ်တွင်းထဲမှာ
ရွှေကျင်လို့ရတဲ့ မြစ်”တဲ့။
တစ်မြစ်လုံး ရေများဝင်းထိန်
ရွှေရည်ကဲ့သို့ပါပဲလား။
တောတောင်တွေကထူထပ်
စစ်ကိုင်းတိုင်း
အထက်ပိုင်းက
ခန္တီဆိုတဲ့ မြို့ကလေး
မကြာခင်ရောက်ရတော့မည်ပင်။
လေယာဉ်မောင်းဆရာလည်း
တိမ်တိုက်တွေကို ထိုးဖောက်
မောင်းချက်ကတော့
ကျွမ်းကျင်လှသည်။
ဘယ်တွေ့ညာကွေ့နဲ့
တက်မပါနဲ့ လှေကလေးလိုပါပဲ။
(၂)နာရီ မိနစ်သုံးဆယ်
ခန္တီးလေဆိပ်
ဆင်းသက်ခဲ့လေပြီ။
ခန္တီးလေဆိပ်ရောက်
အပြင်ဘက်ကို
လမ်းလျှောက်ထွက်ပြီး
“သက်ကြီးစကား
သက်ငယ်ကြားဆိုသလို”
ဒကာမတစ်ယောက်
မှာကြားချက်ဖြင့်
ရေခံမြေခံ
ငှက်ဖျားမဝင်အောင်
ခဲ-လေးတစ်လုံးတော့
မျိုလိုက်ပါသေးသည်။
တောင်တန်းဒေသ
ငှက်ဖျားဖြစ်က
အလွန်ပင် ကြောက်စရာဖြစ်၍
ဟုတ်၊ မဟုတ်ကိုတော့မသိ
ကြိုတင်ကာကွယ်လိုက်ပါ၏။
ခန္တီးဆိုတဲ့မြို့ဟာ
ချင်းတွင်းမြစ်နံဘေးမှာ တည်ထား
သိပ်တော့မဆန်းပြားပါဘူး။
တောင်ပေါ်ဒေသက မြို့ခန္တီး
စာရေးသူတို့
ရောက်ရှိခဲ့လေပြီ။
မြို့လေးခန္တီး
ချင်းတွင်းမြစ်နံဘေးမှာ တည်ရှိ
ဒီဘက်ကမ်းက ခန္တီး
ဟိုဘက်ကမ်းက ကချင်ရွာ
မြစ်ကျောနားက
သဲသောင်ပြင်မှာ
ရွှေကျင်တဲ့ လူတွေချည်းပါပဲလား။
တစ်ချိန်တုန်းက ခန္တီး
ကျောက်အရောင်အဝယ်
ရွှေအရောင်အဝယ်တွေနဲ့
မြို့အလယ်မှာ
ပြည့်ကျပ်လို့နေတယ်တဲ့။
ပျော်စရာလည်း အလွန်ကောင်းဆိုပဲ။
ယခင်က အလွန်စည်
ယခုအချိန်မှာတော့
ခြောက်ကပ်လို့နေလေပြီ။
ခန္တီးဆိုတဲ့မြို့လေးဟာ
ခရိုင်မြို့လေးတစ်မြို့ပေါ့
အိမ်ခြေက
နှစ်ထောင်ကျော်လောက်ပဲရှိသည်။
အရှေ့ဘက်က ချင်းတွင်း
အနောက်ဘက်က တောင်တန်း
မြို့လယ်မှာတော့
ဈေးလမ်းတစ်လမ်းပဲရှိပါတယ်။
ချင်းတွင်းမြစ်ကမ်းနား
မြသိန်းတန်ဘုရားလေးနဲ့
မြို့ခန္တီးကတော့ ပနာရလို့နေပါသည်။
မြို့ခန္တီးမှာ
အလုံးစုံဈေးကြီး၍
ဆင်းရဲသူတွေအတွက်
အနေရခက်တာကတော့
အမှန်ပါပဲတဲ့။
ခန္တီးမြို့က
ဗဟိုသာသနာပြုကျောင်း
ပေါမိုင်းကျောင်းဟု ခေါ်သတဲ့။
ထိုကျောင်းမှာပဲ
စာရေးသူတို့အဖွဲ့
တည်းခိုခဲ့ကြသည်။
ရောက်လျှင်ရောက်ချင်း
ဘုမသိဘမသိ
ရေမချိုးဖြစ်သေးပါဘူး။
တကယ့်တော့
ရေချိုးမှားပြီး
ငှက်ဖျားဖြစ်မှာစိုးလို့ပါ။
ဒေသခံတွေ ပြောတဲ့စကား
တွင်းရေက ငှက်ဖျားဖြစ်
မြစ်ရေက ငှက်ဖျားမဖြစ်ပြောလို့
နှစ်ရက်အကြာမှာ
ချင်းတွင်းမြစ်၏ သဲသောင်းပြင်နား
ရေချိုးဆိပ်ကို
ရောက်အောင် သွားပြီး
မြစ်ရေကိုပဲ ချိုးခဲ့ရသည်။
ချင်းတွင်းမြစ်ဟာ
အမိမြန်မာနိုင်ငံ
ဧရာဝတီ၊သံလွင်၊
ချင်းတွင်း၊ စစ်တောင်း
မြစ်ကြီးလေးသွယ်မှာ
တစ်ခုအပါအဝင်ပေါ့။
ချင်းတွင်းမြစ်ရဲ့ရှုခင်း
စမ်းရေတွေက စီးဆင်း
ကြည့်မဝအောင်
လှပလို့နေလိုက်တာ။
ချင်းတွင်းမြစ်ရဲ့အလှ
စာရေးသူကိုယ်တိုင်ရောက်မှ
တဝကြီးခံစားမိသည်။
ချင်းတွင်းမြစ်တွင်းမှာ
ရွှေကျင်လို့ ရတယ်ဆိုတော့
မြန်မာနိုင်ငံအနှံ့က
ရွှေလာကျင်ကြတာလဲ
ရေတွက်လို့ မရလောက်အောင်ပါပဲ။
ချင်းတွင်းမြစ်အထက်
မြို့ခန္တီးနဲ့ မနီးမဝေး ရွှေမော်ထဲမှာလဲ
ကျောက်တူးရွှေတူး
လူမျိုးပေါင်းစုံ
ပြည့်ကျပ်နေလို့ပင်။
ချမ်းသာသူက ချမ်းသာ
ဘဝပျက်သူက ပျက်
အဖြစ်အပျက်တော့ စုံလင်ပါသည်။
လူသားတို့ဘဝ
ဝမ်းရေးအတွက် ရှာရတာကလဲ
မလွယ်လှသလို
သာသနာပြုဘဝ
ဖြစ်ပျက်ပုံကလည်း
ဒီလိုရှိပါသည်။
တစ်ခါတုန်းက
သာသနာ့တက္ကသိုလ်
ရန်ကုန်မြေမှ
သာသနာပြု တာဝန်ကျ
ဦးဇင်း တိက္ခဟာ
မိဝေးဘဝေး
ဆွေမျိုးဝေးပြီး
တောင်တန်းမြေ တစ်နေရာ
ခန္တီးမြို့နယ်
ကချင်ရွာလေးမှာ
သာသနာပြုတာဝန်
သူပင်ကျခဲ့သည်။
သာသနာပြုတာဝန်
ထမ်းဆောင်နေရင်းပင်
ဝါတွင်းကာလမှာ
ငှက်ဖျားရောဂါ
စွဲကပ်ပါတော့သည်။
ရောဂါက ပြင်းထန်လာ
ဆေးဝါးက ရှား
ဆေးထိုးမှားပြီး
သူ့မျက်စိ နှစ်လုံး
လုံးလုံးကြီး မမြင်ရှာတော့ပြီ။
မျက်စိ ကွယ်သွားရ
ဦးတိက္ခ ဘဝက
ရင်နင့်စရာပါပဲလား။
(ဆက်လက်ဖေါ်ပြပါမည်)
စာရေးသူ-သစ္စာရောင်ခြည်
(၁-၂-၂၀၁၀)
0 comments   Links to this post

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP