* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 3, 2010

သမာနတ္တတာစီးဆင်းမှု

၁-က

'' The days of a lonely wolf are ending."

"သင်းကွဲဝံပုလွေတစ်ကောင်ရဲ့ နေ့ရက်များကုန်ဆုံးသွားပါပြီ"တဲ့။

ရာစုသစ်ထောင့်ချိုးမှာ စီးစီးပိုးပိုး ကြားလိုက်ရတဲ့ အသံတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ နံရံအသီးသီးမှာ ရုတ်ရုတ်သဲသဲ စိန်ခေါ်မှုတွေက ဆူနာမီ(Tsunami) လှိုင်းတံပိုးတွေလို ကြောက်မက်ဖွယ် ရှုပ်ထွေးမြင့်တက်လာခဲ့ကြပါတယ်။ တိမ်းရှောင်ပုန်းလို့ မလွတ်နိုင်တော့ပါဘူး။ ဆန်းသစ်တီထွင်မှုတွေ လျှံကျနေတဲ့ နည်းပညာခေတ်ရဲ့ လိုအပ်ချက်အသစ်စက်စက်တွေက လူသားတစ်ယောက်ရဲ့ နေ့စဉ်ဒိုင်ယာရီကို မလူးလွန့်သာအောင် ချည်နှောင်ထားလိုက်ကြပါပြီ။

တစ်နေ့ထက်တစ်နေ့ လေးလံပုံကျလာတဲ့ လူနေမှုဘ၀ပုံစံသစ်ကလည်း လူသားတစ်ဦးချင်းစီရဲ့ ခံနိုင်စွမ်းရည်ကို အမျိုမျိုးစမ်းသပ်နေတဲ့ ဖိအားတစ်ခုဖြစ်လာခဲ့ပါတယ်။ အလုံးအဖန်ကျုံ့ဝင်သွားပေမယ့် အရေးအရာတွေ နက်ရှိုင်းပြန့်ကားလာတဲ့ ကမ္ဘာ့ကွန်ရက်ကြီးထဲမှာ တစ်ဦးတစ်ယောက်ကောင်းနဲ့တော့ ခြေဖျားထောက်ချင်လို့မရနိုင်တော့ပါဘူး။

နှစ်ဆယ့်တစ်ရာစုကို သူရဲကောင်းလွန်ခေတ်(Post Heroic Era)လို့ ညွှန်းဆိုနေကြရပါပြီ။

၁-ခ

ပုဂ္ဂိုလ်ရေးကိုးကွယ်မှု(Personal Cult)ကို ဗဟိုပြုစံထားပြီး တစ်ဦးတစ်ယောက်တည်းရဲ့ အရည်အသွေးနဲ့ ၀န်ဆောင်မှုကိုသာ အားပြုလည်ပတ်နေတဲ့ ပုဂ္ဂလိက၀ါယမစနစ်ဟာ ကျယ်ပြန့်တဲ့ နယ်ပယ်ချဲ့ထွင်မှုနဲ့ ခိုင်မာတဲ့ အနာဂတ်မျိုးဆက်ကို ဖော်ဆောင်ဖွဲ့ စည်းနိုင်မှာ မဟုတ်ပေဘူး။ အသင်းအဖွဲ့လိုက် ဆောင်ရွက်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ Team-work ဆိုတဲ့ စကားကို ဒီနေ့ ကျယ်ကျယ် လောင်လောင် ပြောနေကြရပါပြီ။

အုပ်စုဖွဲ့ဆောင်ရွက်ခြင်းကသာ အမြင့်မားဆုံးပန်းတိုင်နဲ့ အကျယ်ပြန့်ဆုံးအင်အားကို ဆွတ်ခူးနိုင်မှာ ဖြစ်သလို စွမ်းရည်ပြည့်မျိုးဆက်ကိုလည်း လက်ဆင့်ကမ်းမွေးမြူနိုင်ခဲ့မှာ ဖြစ်ပါတယ်။

နံနက်ခင်းတံခါးချပ်ကို တွန်းဖွင့်ကြည့်လိုက်တဲ့အခါ အရောင်အသွေးမတူပေမယ့် အုပ်စုဖွဲ့ပျံသန်းနေတဲ့ ငှက်တွေကို တစ်အုပ်ကြီးတွေ့ရသလိုဟိုးအဝေးဆီက ဧကစာငှက်တွေရဲ့ သင်းကွဲတေးကိုလည်း ကြားနေရပြန်ပါတယ်။

၁-ဂ

ဘီစီခြောက်ရာစု အိန္ဒိယပြည်ကြီးရဲ့ နယ်ပယ်အနှံ့မှာ ညီညွတ်တဲ့သံဃာ့အဖွဲ့အစည်းကြီးရဲ့ ၀န်ဆောင်မှုကို အားပြုပြီး ကျယ်ပြန့်တဲ့ ဗုဒ္ဓနိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့တဲ့ သကျမုနိအရှင်ဟာ အသင်းအဖွဲ့လိုက်ဆောင်ရွက်မှု Team-work ရဲ့ အားသာချက်ကို ယုံကြည်တော်မူခဲ့သလို မျိုးဆက်သစ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း အားထားတော်မူခဲ့ကြောင်း ထင်ရှားလှပါတယ်။

မျက်မှောက်ခေတ်တိုင်အောင် သာသနာ့မီးရှုးတိုင်ကို လက်ဆင့်ကမ်းထွန်းညှိသွားမယ့် ညီညွတ်ခိုင်မာတဲ့ မျိုးဆက်သစ်ဝန်ဆောင် သံဃာတော်များကို မွေးမြူချန်ရစ်ထားတော်မူနိုင်ခဲ့ခြင်းက အရှင်မြတ်ရဲ့ " သမဂ္ဂါနံ တပေါ သုခေါ '' ဆိုတဲ့ ပူပေါင်းဆောင်ရွက်ရေး (Working-together) ဥပဒေသကို လေးမြတ်နက်ရှိုင်းစေခဲ့ပါတယ်။

ဒီလို ပြည့်ဝအောင်မြင်လှတဲ့ အသင်းအဖွဲ့လိုက် ဆောင်ရွက်မှုလမ်းစဉ်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းရဲ့ အဓိကသော့ချက်ကတော့ အရှင်မြတ်ကျင့်သုံးခဲ့တဲ့ သမာနတ္တတာ သင်္ဂဟတရားမြတ်ပဲဖြစ်ပါတယ်။

(၁)မြတ်နိုးဖွယ်လက်ဆောင်ပေးကမ်းမှု(ဒါန) (၂)စကားချိုချိုပြောဆိုဧည့်ခံမှု(ပေယျဝဇ္ဇ) (၃)သူတစ်ပါးအရေးကို ကိုယ့်အရေးလို သဘောထားကူညီဆောင်ရွက်ပေးမှု(အတ္တစရိယ)နဲ့ (၄)ကိုယ်နဲ့ထပ်တူပြု ဆက်ဆံတတ်မှု (သို့) ကိုယ်နဲ့တန်းတူရည်တူ နေရာပေးတတ်မှု(သမာနတ္တတာ) ဆိုတဲ့ သင်္ဂဟတရားလေးပါးဟာ လူတွေကို ချစ်ကြည်အောင်သိမ်းသွင်းရေးနဲ့ အသင်းအဖွဲ့တွေ ညီညွတ်အောင် စုစည်းရေးမှာ ကျင့်သုံးဖို့ အရှင်မြတ်ကိုယ်တော်တိုင် သိင်္ဂါလဆိုတဲ့ အမျိုးကောင်းသားတစ်ယောက်ကို ညွှန်ပြခဲ့တဲ့ နည်းလမ်းကောင်းများပဲ ဖြစ်ပါတယ်။

စတုတ္တမြောက်သင်္ဂဟတရားကတော့ လိုက်နာကျင့်သုံးဖို့ အခက်အခဲဆုံးဖြစ်သလို အသင်းအဖွဲ့လိုက် ဆောင်ရွက်မှုရဲ့ မဟာဗျူဟာအမြောက်ဆုံး အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

အရင်းအမြစ်မတူတဲ့ ပုဂ္ဂိုလ်တွေများစွာနဲ့ ဖွဲ့စည်းထားတဲ့ ထုထည်ကောင်းကောင်း အသင်းအဖွဲ့ကြီးတွေက အစ သွေးရင်းသားရင်းတွေပဲ ပါဝင်တဲ့ မိသားစု အသိုက်အမြုံသေးသေးလေးအထိ အကျုံးဝင်နေတဲ့ ဆက်ဆံရေးနယ်ပယ်မှာ တစ်ဦးနဲ့တစ်ဦး မြတ်နိုးချစ်ကြည်စွာ လက်ဆောင်တွေ ဖလှယ်ခဲ့ကြဖူးပါတယ်။ ချိုသာအေးမြတဲ့စကားလုံးတွေ အပြန်အလှန်သွန်းလောင်းခဲ့ကြဖူးပါတယ်။ သူ့အရေးမှာလည်း ကိုယ့်သွေးတွေနွေးခဲ့ကြဖူးမှာပါပဲ။

ဒါပေမယ့် တကယ့်ကို ဒါပေမယ့်ပါပဲ၊ အဲဒီဆက်ဆံရေးမှာ သမာနတ္တတာ ပျော်ဝင်မှုတွေ သိပ်သည်းဆများခဲ့ကြပါသလား။မိဘက သားသမီးကို၊ အကိုကြီးအမကြီးက ညီလေး ညီမလေးကို၊ ဆရာက တပည့်ကို၊ အကြီးအကဲက လက်အောက်ငယ်သားကို ၊ မိတ်ဆွေက လုပ်ဖော်ကိုင်ဖက်ကို ထိုက်သင့်တဲ့အချိန်မှာ ထိုက်သင့်တဲ့ နေရာပေးဖို့ တွန့်ဆုတ်ခဲ့ကြလေသလား။ ရေလောင်းခဲ့ပြီးပါမှ အညွှန့်တက်ဖို့ မှီတိုင်ကိုတော့ ကွယ်ဝှက်ခဲ့ကြလေသလား။ ဒီလိုနဲ့ မျိုးဆက်တွေ ဆွံ့အသွားခဲ့ကြရတော့တာပါပဲ။ နှစ်တစ်ရာတိုင်အောင် ရှင်သန်နိုင်တဲ့ အသင်းအဖွဲ့ဆိုတာ ရှားပါးပစ္စည်းတစ်ခုပမာ ဓမ္မတာဖြစ်ခဲ့ပါပြီ။ လောကဟိတ နဲ့ လောကသုခဆိုတဲ့ လောကကောင်းစားရေး လောကချမ်းသာရေးရည်ညွှန်းချက်သာ အလေးထားတော်မူခဲ့တဲ့ ဗုဒ္ဓအရှင်ရဲ့ စိတ်နှလုံးတော်မှာတော့ သမာနတ္တတာ ပန်းမြတ်တွေ ဖွေးဖွေးလှုပ်အောင် ပွင့်တော်မူခဲ့ကြပါလေရဲ့။

၂-က

ဗုဒ္ဓအရှင်မြတ်ဟာ ကိုယ်တော်တိုင် သဗ္ဗညုတဥာဏ်အလင်းပွင့်တော်မူပြီးတဲ့နောက် စကြာဝဠာရင်ဘတ်ထဲက အတ္တ၀င်ရိုးကြီးကို ဆွဲနှုတ်လို့ အနတ္တဒေသနာကို ရဲဝံ့စွာ ကြေငြာတော်မူခဲ့တဲ့ မိဂဒါဝုန်နေ့ရက်တွေမှာ ပဉ္စ၀ဂ္ဂီငါးဦးနဲ့အတူ ယသသတို့သားအုပ်စုကို ရှေးဦးအရိယာများအဖြစ် သစ္စာအလင်းမြှင့်ပေးတော်မူခဲ့သလို အရည်အချင်းပြည့် သာသနာပြုရဟန်းတော်များအဖြစ် ကိုယ်တော်နဲ့ ထပ်တူ အသိအမှတ်ပြုခန့်အပ်တော်မူခဲ့ပါတယ်။

အရည်အသွေးနဲ့ ၀န်ဆောင်အားမှာ အတုမဲ့ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုထက် သံဃာ့ညီညွတ်မှုအားကိုသာ ရှေ့တန်းတင်ခဲ့တဲ့ ဗုဒ္ဓအရှင်ဟာ တရားဟောဓမ္မာသနပလ္လင်ကို ကိုယ်တော်မြတ်မူပိုင် မပြုလုပ်ခဲ့လေဘူး။ လောကသားတိုင်းရဲ့ နှလုံးသားဖုန်းဆိုးတောမှာ စိမ်းလန်းတဲ့ ဓမ္မသစ်ပင်တွေ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေးသာအရှင်မြတ်ရဲ့ အန္တိမပန်းတိုင်ဖြစ်ခဲ့ပါတယ်။

“ ရဟန်းတို့ ခရီးထွက်ကြ၊ အများစုအကျိုးစီးပွားချမ်းသာ ၊လောကကို စောင့်ရှောက်ဖို့နဲ့ နတ်လူတို့ကောင်းစားရေးအတွက်။ လမ်းကြောင်းတစ်ခုတည်း နှစ်ပါးတွဲ မသွားကြလေနဲ့၊ အစအလယ်အဆုံး သုံးပါးလုံး ကောင်းမြတ်၊ အနက်အဓိပ္ပါယ် အတ္ထ၊သဒ္ဒဖွဲ့စည်းမှု အားလုံးပြည့်စုံ၊ စင်ကြယ်ပုံမြင့်မားတဲ့ အကျင့်တရားကို ထင်ရှားအောင်ပြသကြ။”

အနာဂတ်မြော်ခေါ်ချက်တွေ ပဲ့တင်ထပ်နေတဲ့ သာသနာပြုမိန့်ခွန်းတော်ဟာ သန္တရသမြစ်ကြီး တစ်ကမ္ဘာလုံး စီးဆင်းဖို့ ဖြစ်ခဲ့တယ်။

မိစ္ဆာဝါဒအမျိုးမျိုးနဲ့ ဖြားယောင်းအုပ်စုဖွဲ့ ၊ သံသရာမိုက်ကြေးခွဲလို့ ရောင်စုံဘုရားတွေ ကိန်းခန်းကြီးနေကြချိန်မှာ ဗုဒ္ဓအရှင်ကတော့ ရိုးရှင်းစွာ သာဝကတွေနဲ့ထပ်တူပဲ သာသနာပြုလမ်းကြောင်းတစ်ခုကို ရွေးချယ်လို့ ထီးတည်း ဧကစာရီ ကြွတော်မူခဲ့ပါလေရဲ့။

ဒီလိုနဲ့ တရွေ့ရွေ့ ထွက်ခွာသွားတဲ့ ရဟန်းမြတ်တို့ရဲ့ စွန့်စားမှုကဲသော သာသနာပြုလမ်းကြောင်းမှာ ဧကရာဇ်မင်းမြတ်တို့ရဲ့ နန်းပြသာဒ်ဥကင်မှသည် သူဖုန်းစားတို့ရဲ့ အမှိုက်သရိုက်တောအထိ သစ္စာတံခွန် ဓမ္မအလံတော်တွေ တလူလူလွင့်ခဲ့ကြဖူးပေါ့။

၂-ခ

မဇ္ဈိမဒေသရဲ့ နာလန္ဒာညနေချမ်းတစ်ခုဆီမှာလည်း တောပန်းတောင်ပန်းတွေက စီစီရီရီ ဖူးပွင့်လို့၊
မြေနဲ့သင်းသင်း လမ်းကလေးက ဖြူးဖြူးမှုံမှုံ ဖြောင့်ရှင်းလို့၊
အိပ်တန်းပြန်ငှက်တွေက မဂဓတေးသွားအလိုက် မြူးထူးကခုန် ပျံသန်းလို့......။

ဗုဒ္ဓအရှင်မြတ်ဟာ ပိပ္ပလိရဟန်းပျိုကို တွေ့ဆုံဖို့ စောင့်ကြိုနေခဲ့တာပါ။
သံသရာအနှောင်အဖွဲ့ စီးပွားချမ်းသာနဲ့ မယားအလှကို ကျောခိုင်းပြီး တရားရှာဖို့ ထွက်လာတဲ့ ပိပ္ပလိကို ဘုရားရှင်ကိုယ်တော်တိုင်က ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို စောင့်ကြိုနေခဲ့ပါရောလား။
ပါရမီရှင်ကြီးတွေရဲ့ ပထမဆုံးတွေ့ဆုံခန်းဟာ တိုးတိတ်ဆိတ်ငြိမ်ပေမယ့် ခမ်းနားထည်ဝါတဲ့ အဓိပ္ပါယ်တွေနဲ့ သိပ်သည်းနေခဲ့ပါတယ်။

ပိပ္ပလိရဟန်းပျိုက ဗုဒ္ဓအရှင်မြတ်အတွက် ပုခုံးထက်က သူ့ကိုယ်ပိုင်အဖိုးတန်ကမ္ဗလာကို မြတ်နိုးစွာ ဖြန့်ခင်းပေးလိုက်ပါတယ်။
ဗုဒ္ဓအရှင်မြတ်ကလည်း သုသာန်တစပြင်က ကိုယ်တော်တိုင် ကောက်ယူချုပ်စပ်ဖာထေးထားတဲ့ ပံ့သကူသင်္ကန်းတော်ကို ပိပ္ပလိရဟန်းပျိုရဲ့ ပုခုံးထက်မှာ နှစ်လိုစွာ လွှမ်းတင်ပေးလိုက်ပါတယ်။

ပရိဘောဂစေတီထိုက်တဲ့ ဗုဒ္ဓအရှင်ရဲ့ ပံ့သကူသင်္ကန်းတော်ကို ၀တ်ရုံခွင့်ဆိုတာ ဒီဘဒ္ဒကမ္ဘာမှာ ပိပ္ပလိရဟန်းတစ်ပါးတည်းသာ ခူးဆွတ်ခွင့်ရခဲ့တဲ့ ထူးမြတ်သောဆုပါပဲ။
အဲဒီသင်္ကန်းတော်ကို ကိုးကွယ်ပူဇော်ဖို့မဟုတ်ဘဲ ၀တ်ရုံဖို့ အပ်နှင်းခဲ့ခြင်းက ကိုယ်တော်မြတ်ရဲ့ သမာနတ္တတာကျင့်သုံးမှုကို လင်းလင်းချင်းချင်းဖြစ်စေခဲ့ပါတယ်။

တကယ်တော့ ပိပ္ပလိရဟန်းပျိုက သူ့ရဲ့ အဖိုးထိုက်တန်လှတဲ့ ကမ္ဗလာကိုသာ ဖြန့်ခင်းပေးလိုက်တာမဟုတ်ဘဲ သူ့ဘ၀တစ်ခုလုံးကိုပါ သာသနာအတွက် ရိုကျိုးလေးမြတ်စွာ နှင်းအပ်လိုက်ခြင်းဖြစ်ပါတယ်။ ဗုဒ္ဓအရှင်မြတ်ကလည်း ပိပ္ပလိရဟန်းပျိုရဲ့ ပုခုံးထက်မှာ ပံ့သကူသင်္ကန်းတော်ကိုသာ လွှမ်းတင်ပေးလိုက်တာမဟုတ်ဘဲ အနာဂတ်သာသနာတော်ကြီးတစ်ခုလုံးကိုပါ ယုံကြည်ရဲရင့်စွာ လွှဲအပ်လိုက်ခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓအရှင်နဲ့ ပိပ္ပလိရဟန်းတို့ရဲ့ ဆက်နွယ်မှုမှာ သမာနတ္တတာ ကြိုးတစ်မျှင်ဟာ ခိုင်မြဲခဲ့ပါပြီ။

ပိပ္ပလိရဟန်းပျိုဟာ အရှင်မဟာကဿပအဖြစ် အရောင်တောက်ပတဲ့ ကြယ်ဖြူကြီးတစ်လုံးအဖြစ် သာသနာ့မိုးကောင်းကင်မှာ လင်းပထွန်းသစ်ခဲ့ပါတယ်။
ဗုဒ္ဓအရှင်မြတ် ပရိနိဗ္ဗာန်ပြုတော်မူတဲ့အခါမှာတော့ ပံသကူသင်္ကန်းတော်ဟာ သာသနာ့သရဖူသဖွယ် ဖြစ်လာခဲ့ပါတယ်။ ပံသကူသင်္ကန်းလွှဲအပ်ခံထားရတဲ့ အရှင်မဟာကဿပမထေရ်မြတ်ဟာလည်း သံဃာ့အကြီးအမှူးအဖြစ် သံဃာထုတစ်ရပ်လုံးရဲ့ သဘောတူညီစွာ တင်မြှောက်ခြင်းကို ခံယူရရှိခဲ့ပြီး ဖရိုဖရဲ ပြန့်ကျဲ ကွဲအက်သွားနိုင်တဲ့ သာသနာ့အခြေအနေအရပ်ရပ်ကို တည်ငြိမ်စုစည်းညီညွတ်အောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ပထမဆုံးကျင်းပခဲ့တဲ့ သံဃာ့ညီလာခံ (ပထမသံဂါယနာ) ဟာ ဗုဒ္ဓအရှင်မြတ်ရဲ့ သမာနတ္တတာကျင့်သုံးမှုကြောင့်သီးပွင့်လာတဲ့ ပြယုဂ်ကောင်းတစ်ခုဖြစ်သလို ဗုဒ္ဓအရှင်ယုံကြည်အားကိုးစွာ နေရာပေးချီးမြောက်ခဲ့တဲ့ အရှင်မဟာကဿပနဲ့ သံဃာတော်အရှင်မြတ်တို့ရဲ့ စုပေါင်းဆောင်ရွက်မှုကို အခြေခံတဲ့ အနှိုင်းမဲ့ ရလဒ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP