* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 3, 2010

သို့သော် ထိုသို့သော်များ

ဗာရာဏသီမြို့တော်သည် နှင်းမိုးစက်တို့ဖြင့် စိုစွပ်လျက်ရှိသည်။အေးစိမ့်သောလေထုတွင် နှင်းစက်များ ဝေ့နေ၏။ သူအိပ်ရာထနောက်ကျခဲ့ချေသည်။ ညဦးပိုင်းဆီက မိတ်ဆွေရဟန်းတစ်ပါး၏အခန်းက ဆွဲယူလာသည့် ဒေါ်ခင်မျိုးချစ်၏ “ ကဲ ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” စာအုပ်က သူ့ကိုယ်ပိုင်အချိန်များကို အတွေးများထပ်ဖြည့်ပေးလိုက်ပြန်သည်။ သည်စာအုပ်က သူ့အတွက် အသစ်တော့ မဟုတ်ခဲ့။ တတိယအကြိမ် မြောက်ပြန်ဖတ်ရခြင်းဖြစ်သည်။

ဆရာမကြီး၏ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော Colourful Myanmar, King among Men , Flowers, and Festivals, Gift of Laughter စာအုပ်များကို မန္တလေးသာသနာ့တက္ကသိုလ်မှာ တက်နေစဉ်က သူ၏ ထော့နင်းထော့နင်းအင်္ဂလိပ်စာလေးဖြင့် ဖတ်ခဲ့ဖူးသည်။ သူ့တွင် ရှိသော အဘိဓါန်များက ဆရာမကြီး၏ ခက်ခဲနက်နဲစွာ ကြိုကြိုကြားကြားသုံးနှုံးထားသောဝေါဟာရများကို အနက်မပေးနိုင်ခဲ့။ သူဝယ်ထားသည်က ရှေ့ဆောင်အင်္ဂလိပ်-မြန်မာအဘိဓါန်၊ အောက်စဖို့ဒ်နှင့် လောင်းမဲင်န် အိပ်ဆောင်အဘိဓါန်များသာ။

ဟုတ်ဟုတ် မဟုတ်ဟုတ် ဖတ်ချင်ရာကို ဖတ်ရမှ စိတ်ဘ၀င်ကျတတ်သောသူက ၀ါဆိုသင်္ကန်းတစ်စုံနှင့် ကထိန်သင်္ကန်းတစ်စုံကို အဘိဓါန်စာအုပ်ထူထူကြီးများဖြစ်အောင် ဖန်တီးရချေသည်။ သို့နှင့် သူ၏ စာအုပ်စင်တွင် Oxford Advanced Learner's Dictionary နှင့် Webster New World Dictionary စာအုပ်များရောက်လာကြလေသည်။ ဖတ်ပေရော ဒေါ်ခင်မျိုးချစ်။ ထစ်ထစ်ငေါ့ငေါ့ စိတ်အားလျော့အောင် ခက်သောစာများပေတကား။

အရှင်ဇနကာဘိဝံသသည်ပင် သူ၏ ပထမဆုံးရေးသားသည့် “ ရတနာ့ဂုဏ်ရည်” ကျမ်းစာလေးထုတ်ဝေဖြန့်ချီဖို့ ဆရာတော့်ကိုယ်ပိုင်စာအုပ်ဘီဒိုလေးတွေ ခွဲစိတ်ခဲ့ရသည်ဟုမှတ်သားဖူးသည်။ တောင်မြို့ဆရာတော်လောင်းလျာ အရှင်ဇနကလေးသည်လည်း ပံ့ပိုးသူမရှိရှာ၊ ကိုယ်တိုင်သာ ဖြေရှင်းခဲ့ရဖူးလေသည်ပဲ။ ယခုတော့ အရှင်ဇနကာဘိဝံသအမည်တော်ပါသမျှ ထူထူးပါးပါး ဘုတ်အုပ်တော်များက စာအုပ်စင်တိုင်း၏ အရောင်ကို လင်းစေတော့သည်ပဲ။ အော် တောင်မြို့ဆရာတော်လို အရင့်အမာကြီးပင် ဤသို့`ဤပုံဖြစ်ခဲ့တုံသေး၏ရှင့်။ ဓမ္မဂင်္ဂါလို နုံချာသောမောင်ရှင်ကား အဘယ်မှာလျှင် ဆိုဖွယ်ရာရှိအံ့နည်း။

သူ့ကိုထောက်ပံ့နေသော ကျောင်းထိုင်ဆရာတော်များဖြစ်ကြသည့် ဦးလေးဘုန်းကြီးနှင့် နောင်တော် ရဟန်းတို့က ရှေးရိုးစွဲဝါဒီ(Conservative)များဖြစ်ကြသည်။ သူတက္ကသိုလ်ဝင်ခွင့် အောင်မြင်ခြင်းသည် ထိုကျေးဇူးရှင်များအတွက် ၀မ်းမြောက်ဖွယ်မဟုတ်။ အသိအမှတ်ပြုရန် စာမျက်နှာမဟုတ်ခဲ့ချေပြီ။

ကျေးဇူးရှင်များ၏ အမြင်တွင် သူ့အား သကျသီဟဓမ္မာစရိယမှလွဲ၍ အခြားမည်သည့်ခေါင်းစဉ်အောက်ကိုမှ တိုးမ၀င်စေလို။ စာအုပ်စာပေ၊ ဘာသန္တရနှင့် နိုင်ငံခြားသာသနာပြုဆရာတော်များ၏ အတ္ထုပ္ပတ်ဆွဲအားတို့ဖြင့် ပိပြားကိုင်းညွတ်နေသောသူက သကျသီဟနှင့် မနီးနိုင်တော့ကြောင်းသိနေလေသည်။ သူက စာကျက်လည်း အလွန်ပျင်းသည်။ တစိမ့်စိမ့်တွေးတော ဖတ်မှတ်ရသောရသကို သူက ခုံမင်တတ်လေသည်။ သကျသီဟ ဆိုသည်က တစာစာအော်ကာ စာကိုသာ အိပ်မက်ရသောစာမေးပွဲဖြစ်ချေ၏။

သို့နှင့် သူက သကျသီဟနှင့် ပြတ်ပြတ်သားသားလမ်းခွဲမှ ဖြစ်မည် ဟု ကျေးဇူးရှင်များအား အသိမပေးဘဲ တစ်ကိုယ်တော်ဆုံးဖြတ်ကာ တက္ကသိုလ်ဝင်စာမေးပွဲကို ၀င်ဖြေဖြစ်ခဲ့သည်။အမှန်တကယ် တက္ကသိုလ်ဝင်စာမေးပွဲ ဆိုသည်မှာလည်း လွယ်လွယ်ကူကူအောင်တတ်သောစာမေးပွဲတော့ မဟုတ်ခဲ့။စာဖြေသူ (၇၀၀)ခန့်မှာမှ (၇၀) ခန့်ကိုသာရွေးချယ်ခြင်းဖြစ်လေသည်။ “တက္ကသိုလ်ဝင်ခွင့်အောင်ပြီ” သတင်းစကားဖြင့် ရွာအပြန်လမ်း လှချေပြီ ဟူသောအတွေးများက မှန်းဆသလောက် မပေါက်ခဲ့။ ငါ့ရှင် မောင်ပဉ္ဇင်းရွေးတဲ့လမ်း မောင်ပဉ္ဇင်းသာ လျှောက်ချေဘိလော့။ လမ်းစရိပ်မျှကိုပင် အနိုင်နိုင်၊ငေးမှိုင်ကာ ပြန်ခဲ့ရဖူးချေသည်။ အော် ခဲကတ်သော နေ့ရက်များအစပေတကား။ ရဟန်းဒကာဆိုသည်ကိုလည်း သူက အရိပ်အမြွက်ပင် မဟရဲ။ “လိုအပ်လျှင် အလှူခံပါ” ဟူသော ဖိတ်မန်ချက်ရှိသော်လည်း လိုအပ်သည့်အချိန်မှာ လှူဖို့ရန် အသင့်ရှိမနေခဲ့လျှင် ဟူသောအတွေးက တောင်းရမ်းခြင်းကို နှောင့်နှေးစေတော့သည်။

သို့သော် ထိုသို့သော်သည် သူ့အတွက် လှပသောသို့သော်ဖြစ်ချေ၏။ သူ့ကို နားလည်သော မိတ်ဆွေရဟန်းတစ်ပါးအခိုင်အမာရှိခဲ့ပါလေသည်။ ထိုမိတ်ဆွေရဟန်းက ပညာပါရမီအားနည်းဟန်ရှိသည်။ အထိုက်အလျောက်စာကြိုးစားမှုရှိသောလည်း စာမေးပွဲမအောင်ခြင်းဖြစ်၍ ပါရမီဆိုသည်ထက် စာမေးပွဲကံမကောင်းခြင်းဖြစ်မည်။ ထိုမိတ်ဆွေရဟန်းကို မစိုးရိမ်တိုက်သစ်သို့ သူခေါ်လာခဲ့သည်။

မိတ်ဆွေရဟန်းက ဘုန်းကံကြီးမားသည်။ ရဟန်းသံဃာများပြား၍ ဆွမ်းကွမ်းခက်ခဲသော မန္တလေးလို မြို့ကြီးတွင် သူ့မိတ်ဆွေရဟန်းက ဆွမ်းခံ ထွက်ဖွယ်မလို။ ဆွမ်းချိုင့်နေ့စဉ်လှူမည့် ဒကာမရှိသည်။ စာကိုသာ ကြိုးစားကာသင် အိုအရှင်ပေါ့။ မိတ်ဆွေရဟန်းကလည်း အထူးကြိုးစားရှာပါသည်။ အတန်းပိုင်ဆရာကပင် လေးစားကာ အတန်းမော်နီတာ ခန့်ခဲ့သည်။ မည်သို့ပင်ကြိုးစားသော်လည်း စာမေးပွဲအောင်စာရင်းက မိတ်ဆွေ ၏ ဘွဲ့အမည်ကို နှစ်စဉ်ပင် ချန်ထားခဲ့ချေ၏။ မော်နီတာခမျာ စာမေးပွဲ တ၀ုန်းဝုန်းကျရှာပြီ။

ထိုသို့ဖြင့် မိတ်ဆွေရဟန်းက သူ့ကို “ ငါ့ရှင်သာ ပညာနယ်ပယ်မှာ လူတွင်ကျယ်လုပ်ပေတော့ ။ ငါတမူကား ရွာသူတို့ရပ်ဌာန် ပြန်၍သာ ရှိစုမဲ့စု သာသနာပြုတော့မည်။ သင့်အရေးအရာ ငါတာဝန်ယူမည်” တဲ့။ တကယ်လည်း မိတ်ဆွေရဟန်း ရွာပြန်သွားခဲ့သည်။ ဆွမ်းချိုင့်အလှူရှ့င်ဒကာမကိုလည်း သူ့အတွက် ငဲ့ကွက်ဖိတ်ကြားပေးခဲ့သည်။

မကြာမီမှာပင် သူ့မိတ်ဆွေရဟန်းက စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့လေးတစ်မြို့အနီးက ရွာလေးတစ်ရွာတွင် ကျောင်းထိုင်ဆရာတော်လေးဖြစ်လာသည်။ သူ့တက္ကသိုလ်နေ့ရက်များ၏ လိုအပ်ချက်များကို မိတ်ဆွေရဟန်း က ဖြည့်ဆည်းပေးခဲ့သည်။ သူ့မိတ်ဆွေ၏ ရွာလေးသို့ ကျောင်းပိတ်ရက်တိုင်း ရောက်ဖြစ်ခဲ့သည်။ ထိုနေ့ရက်များတွင် သူ့ကို ကျောင်းပင် လွှဲအပ်ထားသည်။ အိပ်နေကျအိပ်ရာကိုပင် သူ့အား ဖယ်ပေးခဲ့သည်။

ဘယ်စာစောင်မှ မထည့်ဖြစ်သောသူ့စာများ၏ အမာခံပရိသတ်လည်း ဖြစ်ခဲ့သည်။ သူရွတ်ပြသော ဂန္ထ၀င်နှင့် မော်ဒန်ကဗျာအမျိုမျိုးကို အူ့မြူးစွာ နားထောင်တတ်သည်။ “လုပ်ပါဦးဟ” ဟုလည်း အကြိမ်ကြိမ် တွန်းတတ်လေသည်။ ဦးရွှေအောင်စာအုပ်များအကြောင်းလည်း ပြောဖြစ်ကြသည်။ အတ္တထက် ပရကို ဗဟိုပြုရေးအတွေးအခေါ်များကို မိတ်ဆွေရဟန်းတော်က လိုက်နာကျင့်သုံးတတ်လေသည်။ ရွာကလေးက သာမက အနီးဝန်းကျင်နှင့် မြို့လေးကပင် မိတ်ဆွေရဟန်းကို ချစ်ခင်ကြသည်။

ထို့နောက် သူက သာသနာ့တက္ကသိုလ်နေ့ရက်များ ပြီးဆုံးကာ ကွင်းဆင်းသာသနာပြုရေးအစီအစဉ်အရ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံဗဟိုသာသနာပြုဌာနမှာနှစ်နှစ်တာ ကြာသွားခဲ့သည်။ သာသနာပြုကာလ အတွင်း သူဖွင့်လှစ်ခဲ့သော အသုံးချဗုဒ္ဓဘာသာနှင့် အင်္ဂလိပ်စကားပြောသင်တန်း။ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအတွက် အဆင့်မြင့်ဗုဒ္ဓဘာသာသင်တန်းများ၊ နာယကဒိုင်အဖြစ် သူဆောင်ရွက်ခဲ့သော ပရိတ်ကြီးပါဠိ၊ ပဌာန်းဒေသနာတော်နှင့် ဓမ္မစကြာရွတ်ဖတ်ပြိုင်ပွဲများ။ သူပုစ္ဆကနှင့် စာစစ်ဆရာတော်အဖြစ် ဆောင်ရွက်ခဲ့သော ပါဠိပထမပြန်စာမေးပွဲများ၊ လားဟူ အခါ ၀ လီရှော စသောတိုင်းရင်းသားများ ရှိရာတောင်ပေါ်သာသနာပြုဌာနတွေဆီ သွားရသည့် အတွေ့အကြုံများအကြောင်းကို သူ့မိတ်ဆွေရဟန်းအား စာတစ်စောင်ပေတစ်တန်ရေးကာ ပြောပြဖြစ်ခဲ့သည်။

သာသနာပြုကာလအပြီး ကမ္ဘာအေးကုန်းမြေတက္ကသိုလ်ဘွဲ့နှင်းတက်တော့လည်း သူ့မိတ်ဆွေက လိုအပ်သည် များကို ပံ့ပိုးပေးခဲ့သည်။ “ဆက်လုပ်ကွာ” ဟူသောမိတ်ဆွေရဟန်း၏ စကားက ရန်ကုန်အပြည်ပြည် ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဝင်ခွင့်စာဖြေခန်းသို့ သူ့ကို ပို့ပေးပြန်လေသည်။ သူ့ကိုယ်တိုင်ကလည်း ပညာရေးနယ်ထဲမှာ ပျော်ချင်သေးသည်မဟုတ်လား။

ထေရ၀ါဒတက္ကသိုလ်ကျောင်းပိတ်ရက်တစ်ခုမှာတော့ သူ့မိတ်ဆွေက “ သူတကာတွေ နိုင်ငံခြား တက္ကသိုလ်ဆိုတာ သွားတက်ကုန်ကြပြီ၊ ငါ့ရှင်ကော မကြွသေးဘူးလား။ တတ်နိုင်သမျှ ငါစိုက် ထုတ်ရပေမပ ”တဲ့။ သူစဉ်းစားတွေဝေသွားသည်။ ဟုတ်ပ။ ထေရ၀ါဒတက္ကသိုလ်တက်နေရင်း သူက စာချဆရာတစ်ပါးအဖြစ်လည်း ဆောင်ရွက်နေသည်။ တရားဟောပလ္လင်များပေါ်သို့လည်း တက်ဖြစ်၏။

စာဖတ်သောသူ့တရားကို နာကြသည့် တရားနာပရိသတ်အချို့က နိုင်ငံတကာအတွေ့အကြုံတွေများနေပြီဟု ထင်ကြသည်။ သူ့အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် သာသနာပြုတာဝန်ထမ်းဆောင်နေစဉ်ကပင် အလွန်နီးကပ်သော အိမ်နီးချင်းနိုင်ငံနယ်နိမိတ်သို့ ခြေမချဖူးခဲ့။ သူစဉ်းစားရချေမည်။ မြန်မာနိုင်ငံမှာတော့ တက္ကသိုလ်တွေစုံချေပြီ။ နိုင်ငံတကာတက္ကသိုလ်တစ်ခုခု၏ စာသင်ခန်းများကိုတော့ အမှန်တကယ် စိတ်ဝင်စားပါသည်။ သူ့မိတ်ဆွေရဟန်းက သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေချေ၏။

သို့သော် ထိုသို့သော်က သူ့အတွက် ကြေကွဲဖွယ်ရာ သတင်းကို ၀ါဆိုမိုးစက်များနှင့်အတူ ယူဆောင်လာခဲ့သည်။ နွေရာသီ ကျောင်းပိတ်ရက်တစ်ခုလုံး သူနှင့်အတူ သွားအတူ လာအတူ စားအတူ တပူးတွဲတွဲရှိနေခဲ့သော သူ့မိတ်ဆွေကျေးလက်က ကျောင်းထိုင်ဘုန်တော်ကြီးလေးကွယ်လွန်ရှာပြီတဲ့။
နှလုံးသွေးကြောပြတ်သောရောဂါတဲ့။
မိတ်ဆွေကိုယ်တိုင်ပင် သူ့မှာ ဘာရောဂါရှိမှန်းမသိဘဲ လွန်သွားခဲ့ခြင်းတဲ့။

မနက်ခင်းဆီကပင် ရွာကျောင်းလေး၏ ပရိဝုဏ်အတွင်းမှာ သန့်ရှင်းရေးများလုပ်နေခဲ့သည်တဲ့။ ဆွမ်းစားခါနီးမှ ရင်ဘတ်အောင့်လို့ ဆိုင်ကယ်ခရီးဆယ့်ငါးမိနစ်အကွာအဝေးက မြို့လေးကို ထွက်သွားခဲ့သည်တဲ့။ ရွာလမ်းမအတိုင်း ဆိုင်ကယ်လ်နောက်မှာ ထိုင်ရင်းတွေ့သမျှ ရွာသူရွာသားတွေကို နှုတ်ဆက်သွားခဲ့သေးသည် တဲ့။ ညနေပြန်လာခဲ့မယ် ဟုပင် မှာသွားခဲ့ပါသေးသတဲ့။ ညနေပိုင်းမှာတော့ အမှန်တကယ် သူ့မိတ်ဆွေက သူချစ်သောရွာလေးကို ပြန်ခဲ့ပါလေသည်။ သို့သော် စကားမဲ့ အသက်မဲ့ ခန္ဓာအိမ်တစ်ခုအဖြစ်သာ...။ ဆေးရုံသို့ရောက်ပြီး မကြာမီ သူ့မိတ်ဆွေ ရုတ်တရက်ကွယ်လွန်သွားခဲ့ရှာပါသည်။

ထိုစဉ်က မိတ်ဆွေအတွက် “နေက္ခမ္မလရောင်” ဟူသော စာလေးတစ်ပိုင်းတစ်စရေးခြစ်ကာ အလွမ်းဖြေခဲ့ဖူးပါသည်။
အော် လွန်ခဲ့သော ခြောက်နှစ်ခန့်က အဖြစ်အပျက်များ။

ခုတော့ သူ့မိတ်ဆွေ၏ အိပ်မက်များကို သူက ဆက်မက်နေခဲ့သည်။ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ပါရဂူကျောင်းသားတစ်ယောက်ဖြစ်နေပြီ။ ထိုမျှသာမက နိုင်ငံခြားတက္ကသိုလ်တစ်ခု၏ ကထိကဆရာတစ်ဆူ အဖြစ်ပင် ခန့်အပ်လွှာကို သူကိုင်ထားမိလေပြီ။မည်သို့ဆိုစေ “ ငါ့ရှင်ရဲ့ စာတွေ စာမျက်နှာတွေပေါ်မှာ ဖတ်ချင်ပါသေးတယ်” ဟူသောမိတ်ဆွေစကားကိုတော့ဖြည့်ဆည်းရချေဦးမည်။ မိတ်ဆွေရဟန်းက သူ့ကို အဘယ်မျှထိမျှော်လင့်ထားခဲ့ပါသလဲ။

အော် နှင်းတွေဝေမှဖြင့် ဟိုး မန္တလေးသာသနာ့တက္ကသိုလ်နေ့ရက်များဆီက အထက်အညာတွင် လုပ်သည့်“ခေါပုတ်”တွေ၊ ကောက်ညှင်းဆန်အိပ်တွေ ကိုယ်တိုင်သယ်ပိုးကာ အညာရထားဆိုက်ရောက်ချိန် နံနက် ဝေလီဝေလင်း ဆောင်းနှင်းမြူတွေကြား သူ့အခန်းဝကို ရောက်လာတတ်လေသည့် မိတ်ဆွေရဟန်းတော်၏ ပုံရိပ်များ။
လူချစ်လူခင် လူကြည်ညိုများသော။ လူတွေအားလုံးကို ပြုံးရွှင်ကြည်မြစွာကူညီတတ်သော သူ့မိတ်ဆွေ၏ လားရာဂတိကတော့ အလင်းရှိရာဘက်သို့သာ ဦးတည်ပါလိမ့်မည်။

ဓမ္မဂင်္ဂါ
(လွန်ခဲ့သော ဆောင်းရာသီက ရေးဖြစ်ခဲ့သော မှတ်စု)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP