ကိုယ်ပိုင် ဘိုးဘွားရိပ်သာ... ပေးစာ (၂၃)...
သားတို့၊ သမီးတို့အတွက် ကိုယ်ပိုင်ဘိုးဘွားရိပ်သာ အကြောင်းလေးကို ဘုန်းဘုန်းက ပြောပြချင်တယ်။ ဘိုးဘွားရိပ်သာတွေကို သားတို့၊ သမီးတို့ ရောက်ဖူးကြမှာပေါ့။ သားတို့၊ သမီးတို့ ဘိုးဘွားရိပ်သာတွေကို ရောက်သွားတဲ့ အခါကျရင် -
“တို့လည်း နောင်တစ်ချိန်မှာ အဲဒီလိုပဲ အဘိုးအဘွားတွေ လို အိုမင်းလာကြမှပဲ”
လို့ မတွေးမိကြဘူးလား။
သတ္တ၀ါတိုင်းဟာ မွေး၊ အို၊ နာ၊ သေ ဆိုတဲ့ တရားတွေကို အဟုတ်အမှန် ရင်ဆိုင်ကြရမှာလေ။ အဲဒီ သံဝေဂတရားလေးတွေ သားတို့၊ သမီးတို့မှာ ရှိနေဖို့လိုတယ်။ အဲဒီ အဘိုးတွေ၊ အဘွားတွေဟာလည်း ဟိုးတစ်ချိန်တုန်းကတော့ သားတို့၊ သမီးတို့လိုပဲ ငယ်ရွယ်နုပျို ခဲ့တယ်လေ။
“နုနယ်ရုပ်ဆင်း ပျိုမြစ်ခြင်းကား အိုမင်းနောက်ဆုံး ရှိချေ၏” တဲ့။
သားတို့၊ သမီးတို့က ထင်ကြလိမ့်မယ်။ အဘိုး အဘွားတွေဟာ အိုမင်းမစွမ်းဖြစ်နေကြတော့ ဘာမှ တန်ဖိုးမရှိတော့ဘူး လို့လေ။ အမှန်တော့ အဘိုးတွေ၊ အဘွားတွေမှာ အဖိုးတန်တဲ့ ရတနာတွေ အများကြီး ရှိနေတာ။ အဲဒါကို သားတို့၊ သမီးတို့က ထုတ်ယူ အသုံးချတတ်ရမှာ။အဖိုးတန်တဲ့ ရတနာတွေ ဆိုတာက သူတို့မှာ ပိုင်ဆိုင်ကြတဲ့ ရွှေငွေ ဥစ္စာတွေကို ပြောတာ မဟုတ်ဘူး။ သူတို့ဆီကနေ ရယူရမယ့် အသိပညာတွေ၊ အတွေးအခေါ်တွေ၊ အတတ်ပညာတွေကို ပြောတာ။ အဘိုး အဘွားတွေဟာ သူတို့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ အတွေ့အကြုံတွေကို ပေါင်းစုပြီး တန်ဘိုးရှိတဲ့ ပညာ အဆီအနှစ်တွေကို ပေးစွမ်းနိုင်တဲ့ ပုဂ္ဂိုလ်တွေပါ။
သားတို့၊ သမီးတို့ရဲ့ အိမ်မှာ သက်ရှိထင်ရှား ရှိနေကြသေးတဲ့ အဘိုးတွေ၊ အဘွားတွေ ရှိကောင်းရှိနေကြလိမ့် ဦးမယ်။ အဘိုးတွေ၊ အဘွားတွေ အထဲမှာ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်ကြတဲ့ ဦးလေးတွေ၊ အဒေါ်တွေလည်း ပါတယ်နော်။
အဘိုးတွေ၊ အဘွားတွေ အရွယ်ငယ်တုန်းက ဆိုရင် သားတို့ သမီးတို့က အူဝဲလေးတွေ၊ ကလေး လေးတွေပေါ့နော်။ အဲဒီအချိန်တုန်းက ဆိုရင် သားတို့၊ သမီးတို့ရဲ့ ချေး၊ သေး မစင် အညစ်အကြေးတွေ၊ အ၀တ်အစားတွေကို အဘိုး၊ အဘွားတွေက မရွံမရှာနဲ့ လျှော်ဖွပ်၊ သန့်စင် ပေးခဲ့တာပဲလေ။
ဘုန်းဘုန်းရဲ့ မိခင်ကြီး ဆိုရင် သူ့ရဲ့ မြေးလေး ၀မ်းမသွားနိုင်လို့ ၀မ်းချုပေးလိုက်တာ မြေးလေးက ၀မ်းချူပေးလိုက်တာနဲ့ ရုတ်တရက် ချက်ချင်း ၀မ်းက ထွက်လာတော့ အဘွားရဲ့ ပါးစပ်ထဲကို မစင်တွေ တန်းဝင် သွားပါလေရော။ အဲဒီအချိန်မှာ အဘွားက သူ့ပါးစပ်ထဲကို မြေးလေးရဲ့ မစင်ဝင်လာတာကို မရွံရှာဘဲ သူ့မြေးလေး ၀မ်းမှန်သွားလို့ ပျော်နေလိုက်တာလေ။ အဘိုးဖြစ်သူကလည်း နေမကောင်း ဖြစ်နေတဲ့ သူ့မြေးလေး အတွက် ညအချိန်ဆိုရင် မအိပ်ရှာဘူး။ လိုအပ်တာတွေ ပြုစုပေးနေရတာ။
ကဲ အဘိုး၊ အဘွားတွေရဲ့ မေတ္တာဟာလည်း ဘယ်လောက်ကြီးမားလိုက်လဲ နော်။
“သားအချစ်၊ မြေးအနှစ်” တဲ့။
အဘိုးအဘွားတွေက မြေးလေးတွေ ဘယ်သွားသွား၊ ဘယ်လာလာ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်တတ်ကြတယ်။
သားတို့၊ သမီးတို့တွေက တစ်ခုခု အမှားအယွင်း လုပ်မိလို့ မိဘတွေက ရိုက်ပြီး ဆုံးမတဲ့ အခါကျရင် အဘိုး၊ အဘွားတွေက မြေးတွေဘက်ကနေ တာဝန်ယူ ဖြေရှင်းပေးတတ်ကြတယ်။
သားတို့၊ သမီးတို့ အသက်အရွယ် ကြီးလာတော့ အဘိုးအဘွားတွေနားကို ကပ်ရော ကပ်ချင်ကြရဲ့လား။
သားတို့၊ သမီးတို့ကတော့ အဘိုးတွေ၊ အဘွားတွေနားကို သိပ်မကပ်ချင်ကြဘူး။ ဒါပေမဲ့ အဲဒီ အဘိုးတွေ၊ အဘွားတွေကတော့ သားတွေ၊ သမီးတွေနားကို ကပ်ချင်ကြတယ်။ မြေးတွေရဲ့ ချစ်ခြင်း မေတ္တာကို ခံယူချင်ကြတယ်။ သားတို့၊ သမီးတို့ကတော့ အဘိုးတွေ၊ အဘွားတွေ ကို လျစ်လျူရှုနေ တတ်ကြတယ်။
အဘိုးတွေ၊ အဘွားတွေ က အသက်ကြီးလာတော့ ယောင်ယောင်မှားမှား ဖြစ်တတ်တဲ့ အခါဆိုရင် သားတို့၊ သမီးတို့က စိတ်မရှည်တတ်ကြဘူး။ ဒါမှမဟုတ်ရင်လည်း ရယ်စရာ ပျက်လုံး တစ်ခုအဖြစ် သတ်မှတ်တတ်ကြတယ်။ သားတို့၊ သမီးတို့ ငယ်ငယ်တုန်းက ကိစ္စ၀ိစ္စတွေကို ဆိုရင် အဘိုး၊ အဘွားတွေက ၀မ်းသာအားရနဲ့ ဆောင်ရွက်ပေးခဲ့ ကြတာကို သားတို့၊ သမီးတို့က သတိရချင်မှ ရလိမ့်မယ်။
အိမ်မှာ အဘိုးတွေ၊ အဘွားတွေ နေမကောင်းဖြစ်ရင် ချေး၊ သေး အညစ်အကြေးတွေကို ရွံတတ်ကြတယ်။ ငယ်ငယ်တုန်းက သားတို့၊ သမီးတို့ရဲ့ အညစ်အကြေးတွေကို အဲဒီ အဘိုး၊ အဘွားတွေက သန့်စင်ပေးခဲ့ကြတယ် ဆိုတာကိုတော့ မေ့မနေသင့်ဘူး။
သားတို့၊ သမီးတို့ ငယ်ငယ်တုန်းက စာသင်ကျောင်းသွားတဲ့ အခါကျရင် အဘိုး၊ အဘွားတွေက မညည်းမညူဘဲ လက်ကိုဆွဲပြီး လိုက်ပို့တတ်ကြတယ်။ အဘိုးတွေ အဘွားတွေကိုရော ဥပုသ်သီတင်း ဆောက်တည်ဖို့ ဘုရား၊ ကျောင်းကန်၊ ဘုန်းကြီးကျောင်းကို သားတို့၊ သမီးတို့ လိုက်ပို့ဖူးကြရဲ့လား။
အဘိုး၊ အဘွားတွေကို ပြုစုစောင့်ရှောက်တယ် ဆိုတာက ဘိုးဘွားရိပ်သွား သွားလှူမှ အဘိုးအဘွားတွေကို ကူညီတယ်လို့ ပြောလို့ မရဘူး။ သားတို့၊ သမီးတို့ရဲ့ အိမ်မှာ ရှိနေတဲ့ အဘိုးတွေ။ အဘွားတွေကို မငြူစူဘဲ ပြုစု စောင့်ရှောက်တာဟာ အိမ်မှာ ရှိနေတဲ့ ကိုယ်ပိုင် ဘိုးဘွားရိပ်သာမှာ နေထိုင်နေကြတဲ့ အဘိုးတွေ၊ အဘွားတွေကို ပြုစု စောင့်ရှောက်နေကြတာပဲ။
အဘိုး၊ အဘွားတွေ အိမ်မှာ ရှိနေရင် သားတို့၊ သမီးတို့ရဲ့ အိမ်ဟာ ကိုယ်ပိုင် ဘိုးဘွား ရိပ်သာပါပဲ။ ဘိုးဘွားရိပ်သာကို ဝေးဝေးမှာ ရှာနေစရာ မလိုပါဘူး။
မဝေးကွာလှတဲ့ နောင်တစ်ချိန်မှာ သားတို့၊ သမီးတို့လည်း အိုမင်း ရင့်ရော်လာကြဦးမှာ။ အဲဒီ အခါကျရင် အဲဒီ အိမ်မှာ သားတို့၊ သမီးတို့ဟာလည်း အဘိုး၊ အဘွားတွေ ပြန်ဖြစ်ကြရဦးမယ်။ အဲဒီတော့ အဲဒီ အိမ်ဟာ သားတို့၊ သမီးတို့ ကိုယ်တိုင်အတွက် လည်းပဲ ကိုယ်ပိုင် ဘိုးဘွားရိပ်သား ဖြစ်နေပြန်တော့ တာပဲ။
အောက်တိုဘာ - ၁ ရက်နေ့ကိုတော့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အဖြစ်တော့ သတ်မှတ်ထားကြတယ်။ ဘုန်းဘုန်း ကတော့ သားတို့၊ သမီးတို့ကို မှာလိုက်ချင်တာက သတ်မှတ်ထားရုံနဲ့ မပြီးဘူး ဆိုတာပါပဲ။ ကိုယ်ကိုယ်တိုင်ကလည်း သက်ကြီး ရွယ်အိုများ၊ အဘိုး၊ အဘွားတွေကို မေတ္တာတွေ မျှဝေပေးပြီး ပြုစု စောင့်ရှောက် ကြဖို့ လိုအပ်တယ်လေ။
ဒီလိုဆိုရင် သားတို့၊ သမီးတို့ ကိုယ်တိုင် အဘိုး၊ အဘွားတွေ မဖြစ်လာခင်မှာ အခု အိမ်မှာ ရှိနေတဲ့ အဘိုး၊ အဘွားတွေကို ကိုယ်ပိုင် ဘိုးဘွားရိပ်သာမှာ ရှိနေတဲ့ အဘိုး၊ အဘွားတွေ အဖြစ်နဲ့ ပြုစု စောင့်ရှောက်ရင်း ကုသိုလ်တွေ ယူလိုက်ကြပါစို့ကွယ်…..

0 comments:
Post a Comment