ဆရာမြသန်းစံ၏အမှာစာ

ဆရာမြသန်းစံ၏အမှာစာ
ရပ်ဝေးတရားစခန်းတစ်ခု၌ တစ်လကျော်ကြာခဲ့ပြီး အိမ်သို့ပြန်ရောက်ချိန်တွင် စာအုပ်တစ်အုပ်ကကျွန်တော့်

ကို ဆီးကြိုနေလေသည်။ပုံနှိပ်စာအုပ်ဘဝသို့မရောက်သေးသည့် ကွန်ပျုတာစာစီမိတ္တူကူး စာအုပ်ကလေးဖြစ်ပါသည်။ စအုပ်အမည်က“နာဂတောင်တန်းသာသနာပြု အတွေ့အကြုံ မှတ်တမ်းစုံ”။ စာရေးသူကလောင်ရှင်က “နဂါးမောက်-စောသာရ”။
စာရေးဆရာနဂါးမောက်-စောသာရသည် သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ရ တောင်တန်းသာသနာပြု ဆရာတော်တစ်ပါးဖြစ်၏။ ဘွဲ့အမည်မှာ အရှင်နန္ဒသာရ။ ပရိယတ္တိသာသနာ့တက္ကသိုလ်မှ B.A (Buddhism)ဘွဲ့ရပြီးသည့် အရှင်မြတ်တို့သည် တောင်တန်းဒေသအသီးသီးတွင် (၂)နှစ်တာ တာဝန်ထမ်းဆောင်ကြရ၏။
အရှင်နန္ဒသာရသည်လည်း တာဝန်ကျရာ စစ်ကိုင်းတိုင်း၊ အထက်ပိုင်း၊ လဟယ်မြို့နယ်၊ အံ့ပေါ်ရွာသို့ သွားရောက်ခဲ့ရလေသည်။ “သွားလေရော့လဟယ်”ဆိုသည့် စကားအတိုင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရာသီဥတုပြင်းထန်သော နာဂတောင်းတန်းဒေသပေါ်သို့ အရှင်နန္ဒသာရ ရောက်သွားခဲ့ပုံ၊ နာဂလူမျိုးတွေကြားထဲ နေထိုင်သီတင်းသုံးရင်းဘာသာစကားအခက်အခဲ၊ ဆက်ဆံရေးအခက်အခဲ၊ အနေအတိုင်၊ အစားအသောက်အခက်အခဲအမျိုးမျိုးကြားမှ သာသနာပြုခဲ့ရပုံတို့သည်စိတ်ဝင်စားဖွယ်ကောင်းလှသလို သည်းထိတ်ရင်ဖိုဖြစ်ဖွယ်လည်း ကောင်းလှသည်။
ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးသည့် စာအုပ်အကြမ်းကလေးကပင် စာဖတ်သူကျွန်တော့်အား နာဂတောင်တန်းပေါ်သို့ အရောက်ခေါ်သွားနိုင်ခဲ့သည်။ တောင်တန်းသာသနာပြု အရှင်နန္ဒသာရတစ်ဖြစ်လဲ စာရေးသူ နဂါးမောက်-စောသာရနှင့်အတူ နှင်းငွေ့ကြားထဲမှာပင် ဇောချွေးပြန် မွန်းကြပ်မှုတို့ကို ခံစားရနေသလိုလို။
တရားစခန်းဝင်ပြီးကာစ အာရုံမှန်သမျှ သိမ်သိမ်မွေ့မွေ့ကလေး တွေ့ထိခံစားနေဆဲခဏ၌ နာဂတောင်တန်း၏ တူမီးသေနတ်သံနှင့်အတူ သွေးအိုင်ထဲလဲကျနေသော တောဝက်တစ်ကောင်၏ စူးစူးဝါးဝါးအော်သံက ကျွန်တော့်အာရုံတို့ကို ဆုပ်ကိုင်ချေမွလိုက်သလိုပင်။
ထေရဝါဒဗုဒ္ဓသာသနာထွန်းကားရာ အမိမြန်မာပြည်အတွင်း၌ပင်လျှင် ဤကဲ့သို့ယဉ်ကျေးမှုနောက်ကျ ကျန်ရစ်နေသေးသောနေရာတွေ ရှိနေသေးသည်ပဲ။ ဤသည်ကို အပြစ်ဆိုခြင်းဟု မယူဆစေလိုပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ ဝေးလဲသီခေါင်သောနေရာဒေသများ၌ ဒေသခံတို့သည် ရိုးရာဒေသအစွဲကလေးများ ရှိကြစမြဲဖြစ်ပါသည်။ ယဉ်ကျေးမှုမြင့်မားနေသော မြို့ပြပတ်ဝန်းကျင်များနှင့် အတွေ့အထိနည်းခဲ့သည့်အတွက်လည်း ရိုးရာဒေသအစွဲများကို မစွန့်လွတ်နိုင်ကြခြင်းပင်။ ထို့ပြင် မြို့ပြနှင့်ဝေးးကွာလွန်းသည့်အတွက်လည်း အဆင့်မြင့်အသီးအပွင့်များကို ကူးစက်ပြန့်ပွါး မျှဝေခံစားနိုင်ခြင်းလည်းမရှိခဲ့ပေ။
ယခုအခါ နိုင်ငံတော်အစီအစဉ်ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများတိုးချဲ့လုပ်ကိုင်ဆောင် ရွက်လာနိုင်ခဲ့ခြင်း၊ “အရှင်နန္ဒသာရ” ကဲ့သို့သော တောင်တန်းဒေသသာသနာပြုရဟန်းများ အရောက် သွားနိုင်ခြင်းတို့ကြောင့် တောင်တန်းဒေသမျိုးဆက်သစ်များအနေဖြင့် အဆင့်မြင့်ယဉ်ကျေးမှုတို့နှင့် ရင်းနှီးထိတွေ့ခြင်း ရခဲ့ကြပေပြီ။ တောင်တန်းသာသနာပြုကိုယ်တော်တို့၏ ကျေးဇူးကြောင့် ယဉ်ကျေးမှုအမွေအနှစ်တို့နှင့်ထိတွေ့မှုရကာ ယဉ်ကျေးလိမ္မာလာခဲ့ပြီဖြစ်သော တောင်တန်းဒေသ မျိုးဆက်သစ်များအနေဖြင့် တစ်ချိန်တွင် မိမိတို့ဒေသကို ပြန်လည်ကျေးဇူးတုံ့ပြန်လာရသည့်အခါ နွေးထွေးသော အနာဂတ်နေခြည်နုတို့သည် တောင်တန်းများပေါ်၌ ညင်သာသိမ်မွေ့စွာ ယှက်ဖြာကျလာပေတော့မည်။
သည့်နောက် သိဒ္ဓတ္ထ၊ ကပ္ပိလဝတ်၊ ဗုဒ္ဓဝင်မှသည် ဘုရားအလောင်း၊ ဘုရားရှင်ကိုယ်တော်မြတ်၊ အတုမရှိ ဗုဒ္ဓမြတ်စွာတို့၏ အနက်အဓိပ္ပါယ်တို့သည်လည်း တောင်တန်းပျော်တို့၏ နှလုံးသားထဲတွင်ကိန်းဝပ်ခိုအောင်း ပေဦးတော့မည်။ ထိုမှသည် ရုပ်နာမ်ဓမ္မ၊ သင်္ခါရ၊ ပဋိစ္စသမုပ္ပါဒ်၊သတိပဌာန်တရား၊ဗောဇ္ဈင်ခုနစ်ပါး၊ သဘာဝအနတ္တ၊ နိဗ္ဗာန်စသည့်အဆင့်မြင့် ဓမ္မဆိုင်ရာအသိအမြင်တို့သည်လည်း တောင်တန်းသာသနာပြု သွေးကြောများမှတဆင့် တောင်တန်းဒေသ-ဒေသခံတို့၏ နှလုံးသားထဲသို့အဓိပ္ပါယ်နက်ရှိုင်းစွာဖြင့် စီးဆင်းစိမ့်ဝင်ပေဦးတော့မည်။ မြေမခြား၊ ရေမခြားသော်လည်း အနေခြားနေသဖြင့် မတူညီကွဲပြားနေသော အယူအဆ၊ အစွဲအလမ်းတို့ကိုမြတ်ဗုဒ္ဓ၏ အဆုံးအမတို့ကသာ တူညီအောင်ညိပေးနိုင်ပါလိမ့်မည်။ “အတ္တမရှိဘူး၊ အနတ္တပဲရှိတယ်”၊ “ပညတ်က သတ်မှတ်ချက်၊ မရမတ်ကအမှန်တရား” ဆိုသည့်ဓမ္မတရားတို့သည်သာ အားလုံး၏ အသိအမြင်တို့ကို တစ်ညီတည်း၊ တစ်သားတည်း ဖြစ်စေပါလိမ့်မည်။ မြေအတူ၊ ရေအတူအတွင်း နေထိုင်သူအားလုံးကို စိတ်အနေတူစေပါလိမ့်မည်။
ဤအခြေအနေရောက်အောင် အတော့်ကို ကြိုးစားရပါဦးမည်။ သို့အတွက် စဉ်ဆက်မမြတ်သော တောင်တန်းသာသနာပြု ကိုယ်တော်တို့၏ အပင်ပန်းခံနိုင်မှု၊ သာသနာပြုပုဂ္ဂိုလ်ပီသစွာ အနစ်နာခံနိုင်မှု၊ စိတ်ရှည်မှု၊ သည်းခံမှု၊ ဘုရားသားတော်ပီသစွာ သာသနာပြုစိတ်ဓာတ်ကို နှလုံးသွင်းနိုင်မှုတို့သည်သာလျှင် ယုံကြည်အားထားဖွယ်ရာများ ဖြစ်ပါသည်။
အရှင်နန္ဒသာရ (စာရေးဆရာ နဂါးမောက်-စောသာရ)ရေးသား ပြုစုထားသော “နာဂတောင်တန်းဒေသ သာသနာပြုအတွေ့အကြုံ မှတ်တမ်းစုံ” စာအုပ်ကိုဖတ်ရှုပြီးသည့်အခါ စာရှုသူတို့သည်လည်း သာသနာ့ ဒါယကာ၊ ဒါယိကာမများ ပီသစွာဖြင့် တောင်တန်းသာသနာပြုလုပ်ငန်းငန်းများ အောင်မြင်တို့းတက်ရေးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရာ တိုးတက်ကြောင်းအတွက်မိမိတို့၏လူအား၊ ငွေအား၊ အကြံဥာဏ်အားတို့ဖြင့် နိုင်စွမ်းသလောက် ပါဝင်ပံ့ပိုးကာ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ကူညီနိုင်ကြပါစေကြောင်းဆုတောင်းမေတ္တာ ပို့သလိုက်ရပါကြောင်းပါ..။
မြသန်းစံ
၁၄-၇-၂၀၀၄

0 comments:
Post a Comment