* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 15, 2010

*မင့်အိမ်*


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက်မကောင်း
စိတ်ထောင်းကိုယ်ကြေ၊ တခွေခွေသည်
နေထိကြွေမည့်၊ ပန်းယဉ်အိ။

လှိုင်းအိအယောင်
ဆောင်မြိုင်သာမော၊ သူ့အိမ်ချောသို့
စကြောသပ်ရပ်၊ စံပယ်ထပ်နှင့်
ပန်းကပ်ပန်းကြွ၊ သူ့အိမ်လှသို့
ဝေးကမျှော်မှန်း၊ မင်းရော်ရမ်းသည်
ပန်းအိနေထိ၊ ကြွေတော့မည်။

မကောင်းမင့်အိမ်၊ ကောင်းမင့်အိမ်တည့်
မင့်အိမ်ရွှဲစို၊ အမိုးယိုသော်
မငြိုသင့်ပါ၊ မင့်တက်ဖာပေါ့
အကာအခင်း၊ ပျက်ယိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင်အနဲ့၊ အရွဲ့အစောင်း
မကောင်းမပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း။ ။

ဇော်ဂျီ

~~~~~~~~~~~~~~~~~~~~~

ဒီကဗျာလေးကို တစ်ခေါက် စဖတ်ကတည်းက ဆရာဇော်ဂျီ ရေးလိုသည့် အိမ်၏ ဆိုလိုရင်းကို သဘောပေါက် သလို ရှိသည်။ ဆရာဇော်ဂျီက မိမိ အမိမြေ၊ မိမိတိုင်းပြည်ကို အိမ်အဖြစ် တင်စားကာ ဥပမာအလင်္ကာ မြောက်အောင် ရေးဖွဲ့ခဲ့ဟန်တူသည်။ အခု စာဖတ်သူ အနေနှင့်လည်း ကဗျာ၏ ဆိုလိုရင်းကို သဘောပေါက် လောက်ပေမည်။

ကျွန်တော် နောက်တစ်ကြိမ် ထပ်ဖတ်မိသည်.. လျော့နေသော စိတ်များကို တင်းလိုက်မိသည်။ ဘာအတွက် တင်းတာလဲ.. အိမ်ပြင်ရမယ်လေ.. မိုးယိုရင် အမိုးဖာရမယ်.. အခြေရွဲ့ရင် အခြေ ပြင်ရမယ်.. အခင်း ဆွေးရင် အခင်းလဲရမယ်.. သို့သော် အရမ်းကာရော မဟုတ်.. ဉာဏ်ဖြင့် ချင့်ချိန်၍။ လေးတိလေးကန် မဟုတ်.. လုံ့လ အားလေးထည့်၍..။

လေးငါးခါလောက် ဒီကဗျာကို ဖတ်မိတဲ့ အချိန်ကျတော့.. *မင့်အိမ်* ဆိုသည့် သဘောကို ကျွန်တော့် စိတ်ကူးနှင့် လိုရာစွဲ၍ ထပ်သဘောပေါက်သွားသလို ရှိပြန်သည်..။

မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက်မကောင်း
စိတ်ထောင်းကိုယ်ကြေ၊ တခွေခွေသည်
နေထိကြွေမည့်၊ ပန်းယဉ်အိ။

မင့်အိမ်.. မင့်အိမ်.. ဘာကို ပြောနေတာပါလိမ့်..။ မင့်ရဲ့ ခန္ဓာအိမ်ကို ပြောနေတာ.. ဟုတ်တယ်.. မင်းရဲ့ တဏှာလက်သည် ထင်တိုင်း ခြယ်လှယ်နေတဲ့ ခန္ဓာအိမ်ကို ပြောနေတာ.. ကြည့်ပါဦး.. တဏှာစေရာ လိုက်နေရတဲ့ မင်းရဲ့စိတ်တွေ မငြိမ်မသက် ဖြစ်နေလိုက်တာ.. မင်းအိမ်ဖို့၊ မင်းမိသားစုဖို့၊ မင်းသားသမီးဖို့၊ မင်း တပည့်တပန်းဖို့.. ဖို့ ပေါင်းများစွာနဲ့ လုံးလည်လိုက်ပြီး မင်း ခန္ဓာကိုယ် ပင်ပန်း နွမ်းလျ တခွေခွေ ဖြစ်နေလိုက်တာ..

*နေထိကြွေမည့်၊ ပန်းယဉ်အိ* တဲ့.. လှလိုက်တဲ့ အသုံး.. မင်းကသာ မကြွေသေးဘူး ထင်ပြီး မင့်ဖို့မင်း အချိန်မပေး.. အချိန်ပေးနည်း.. အများ အတွက်ချည်းပဲ လုံးပန်းနေလိုက်တာ.. ရနံ့တွေ ပေးနေလိုက်တာ.. သတိထား.. သတိထား.. ပန်းယဉ်အိရေ.. နေလောင်တာ များရင်တော့ မင်းကြွေရတော့မယ်.. ရုတ်တရက် ခြွေမယ့်သူ လာရင်လည်း မင်း ငြင်းလို့ မရဘူးလေ..

လှိုင်းအိအယောင်
ဆောင်မြိုင်သာမော၊ သူ့အိမ်ချောသို့
စကြောသပ်ရပ်၊ စံပယ်ထပ်နှင့်
ပန်းကပ်ပန်းကြွ၊ သူ့အိမ်လှသို့
ဝေးကမျှော်မှန်း၊ မင်းရော်ရမ်းသည်
ပန်းအိနေထိ၊ ကြွေတော့မည်။

မင်းက မင်းအိမ်ထက်သာတဲ့.. (ဒါနတရားတွေ) မြိုင်နေတဲ့ သူတစ်ပါးအိမ်ကို သဘောကျနေသလား.. (သီလ) စံပယ်ပန်းတွေ မင်းအိမ်ထက် ပွင့်လန်းနေတာကို မှန်းမျှော်နေသလား.. (ဘာဝနာ) ပန်းကပ် ပန်းကြွတွေနဲ့ လှပတင့်တယ် လှသွေးကြွယ်တာကို ရမ်းရော် တမ်းတနေသလား..။ သဘောမကျရဘူး မဟုတ်.. သဘောကျပါ..၊ မတမ်းတရဘူး မပြော.. တမ်းတပါ..။ သို့သော်.. မှန်းမျှော် တမ်းတ လွမ်းပြနေရုံနဲ့ ကျေနပ်မနေနဲ့လေ.. ရောင့်ရဲမနေနဲ့လေ.. ငေးမျှော်ရင်းနဲ့ ကြွေရမယ့် ဘ၀တော့ အဖြစ်မခံပါနဲ့ ပန်းကလေးရေ..

မကောင်းမင့်အိမ်၊ ကောင်းမင့်အိမ်တည့်
မင့်အိမ်ရွှဲစို၊ အမိုးယိုသော်
မငြိုသင့်ပါ၊ မင့်တက်ဖာပေါ့
အကာအခင်း၊ ပျက်ယိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင်အနဲ့၊ အရွဲ့အစောင်း
မကောင်းမပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း။ ။

အခုရနေတဲ့ မင်းခန္ဓာအိမ် လှလှ မလှလှ မင်းရထားပြီ၊ ကောင်းကောင်း မကောင်းကောင်း မင်းပိုင်နေပြီ။ မလှဘူးလား.. လှအောင် လုပ်လို့ရတယ်လေ.. မကောင်းဘူးလား.. ကောင်းအောင် ပြင်ရမှာပေါ့.. မင်းခန္ဓာအိမ် (ကိလေသာ) မိုးယိုလို့ စိုရွှဲနေလား.. ပြစ်မထားနဲ့.. ကိုယ့်ကိုယ်ကို အားမရလည်း မဖြစ်နဲ့.. ချက်ချင်း တက်ဖာပြစ်၊ (သီလ) အကာအခင်းတွေ ယိုယွင်းနေလား.. ပျက်စီးနေလား.. ဒီအတိုင်းမထားနဲ့.. ပြင်ရမယ်လေ.. မင်းကိုယ်တိုင် ပြင်ရမယ်..

မင်းရဲ့ စိတ်နေစိတ်ထားတွေ ခွင်နဲ့ နေလား.. မတ်အောင်ပြန်လုပ်၊ မင်းရဲ့ အမြင်တွေကော ရွဲ့စောင်းနေလား.. တည့်အောင် ပြန်ချိန်.. သူတစ်ပါးက မင်းကို မကောင်း ပြောခဲ့တာတွေ.. မင်းနဲ့ သူတစ်ပါး မပြေမလည် ဖြစ်ခဲ့တာတွေ.. ဒါတွေအားလုံးကို မင်းကိုယ်တိုင် အခြေအနေ သုံးသပ် ကြည့်စမ်း.. ဉာဏ်နဲ့ ထောက်ဆ လိုက်စမ်း.. ၀ီရိယ လုံ့လအားတွေ ထည့်လို့ မင်းရဲ့ ခန္ဓာအိမ်ကို လှပသပ်ရပ် သစ်လွင် တောက်ပြောင်အောင် မွမ်းမံ ခြယ်သလိုက် စမ်းပါ ပန်းယဉ်အိရေ..။

လေးစားစွာဖြင့်
ဖိုးသား

8/14/2010, SAT:, 12:56:41 AM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP