* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 15, 2010

“ရှစ်ဖြာ အဓမ္မ ပယ်ရှောင်ကြ”

“မကောင်းမှု့ရှောင်၊ ကောင်းမှု့ဆောင်၊ ဖြူအောင်စိတ်ကိုထား”ဆိုတဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်ချူပ် အမြတ်တရားကို ဗုဒ္ဓမြတ်စွာတိုင်းက ဟောကြားထားခဲ့တဲ့ လိုက်နာကျင့်ကြံဖို့ကောင်းတဲ့ အဆုံးအမစကားတော်ကို လူသားတိုင်း ရင်းနှီးပြီးသားဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များပဲဖြစ်ပါလိမ့်မယ်။ “သဗ္ဗပါပဿ အကရဏံ-မကောင်းတာကို ရှောင်ကြဉ်ပါ၊ မပြုလုပ် မကျူးလွန်ပါနဲ့” ဆိုပြီး ပထမဦးစွာ မကောင်းမှု့ မှန်သမျှကို ရှောင်ကြဉ်ဖို့ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တာပါ။ ဗုဒ္ဓရဲ့ အဆုံးအမတရားတော်များကို လိုက်နာကျင့်ကြံနေကြတဲ့၊ လိုက်နာကျင့်ကြံရမယ့် ဗုဒ္ဓဘာသာဝင်များအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ အကုသိုလ်တရားများကို ရှောင်ကြဉ်ကာ ပြုလုပ်သင့်တဲ့ ကုသိုလ်တရားများကို ပြုလုပ်ရမှာပါ။ ဒါမှလည်း “ဗုဒ္ဓဘာသာဝင် စစ်စစ်”တစ်ယောက်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဦးစွာပထမ မကောင်းမှု့များကို ရှောင်ကြဉ်ရပါမယ်၊ ပယ်ရပါမယ်။

ဘယ်လို မကောင်းမှု့များကို ရှောင်ကြဉ်ရမလဲ၊ ပယ်ရမလဲဆိုတာကိုတော့ ဗုဒ္ဓမြတ်စွာ ဟောကြားထားခဲ့ပါတယ်။ ဘယ်လိုတရားတွေလဲဆိုတာ သိဖို့ ဖတ်ကြည့်ရအောင်ပါ။ ဖတ်သိပြီးမှ လိုက်နာရမယ်မဟုတ်ပါလား။ “အသိရဲ့ နောက်မှာ အကျင့်ဆိုတာ တစ်ခါတည်း တွဲလိုက်ရပါတယ်။” ဒီတော့ ပထမဆုံး ကောင်းတာ မကောင်းတာကို သိရှိအောင် ဖတ်ရှု့လေ့လာရမယ်။ ပြီးမှ ကျင့်ကြံ ရမှာပါ။
ဗုဒ္ဓမြတ်စွာ အင်္ဂတိုင်း တစ်ခုသော အာပဏနိဂုံးမှာ သီတင်းသုံးစဉ်ကဖြစ်ပါတယ်။ တစ်ခုသော နံနက်ခင်းမှာ ဗုဒ္ဓမြတ်စွာက အာပဏနိဂုံးအတွင်း ဆွမ်းခံဝင်၊ ဆွမ်းခံကပြန်ကြွမှာ နေ့သန့်စင်ဖို့အတွက် တစ်ခုသော တောအုပ်ထဲမှာရှိတဲ့ သစ်ပင်ရင်းမှာ ထိုင်နေတော်မှုစဉ် ပေါတလိယ အမည်ရှိတဲ့ သူကြွယ်တစ်ယောက်ဟာ ဗုဒ္ဓမြတ်စွာ သီတင်းသုံးရာသို့ လာရောက်ကာ နှုတ်ဆက်စကားပြောကြားပြီးနောက် ရှိခိုးဦးချကာ ရပ်နေပါတယ်။
ဒီတော့ ဗုဒ္ဓမြတ်စွာက “သူကြွယ်၊ သင်ထိုင်ချင်တဲ့ဆန္ဒရှိရင် ထိုင်ဖို့အတွက် ခုံများရှိပါတယ် ထိုင်ပါ”လို့ ပြောတော့ ပေါတလိယသူကြွယ်ဟာ သူ့ကို “သူကြွယ်”လို့ ခေါ်ရပ့ါမလားဆိုပြီး စိတ်ဆိုးဒေါသထွက်ကာ စိတ်မချမ်းမသာနဲ့ စကားမတုန့်ပြန်ဘဲ ရပ်နေပါတယ်။ သူကြွယ်ဆိုတာ သူဋ္ဌေးလို့ဆိုတာပါ။ ဗုဒ္ဓမြတ်စွာက “သူကြွယ်၊ သင်ထိုင်ချင်တဲ့ဆန္ဒရှိရင် ထိုင်ဖို့အတွက် ခုံများရှိပါတယ် ထိုင်ပါ” လို့ သုံးကြိမ်မြောက်ပြောတော့ သူကြွယ်က “အရှင်ဂေါတမ၊ ကျွန်ုပ်ကို သူကြွယ်လို့ ခေါ်ပြောနေတာဟာ လုံးဝမသင့်ပါဘူးဘုရား။” လို့ပြန်လျှောက်ပါတယ်။ “သင်ရဲ့ အမှုအရာများက သူကြွယ်တစ်ယောက်ပုံဖြစ်နေလို့ သူကြွယ်လို့ ငါဘုရား ခေါ်တာပါ” ဆိုပြီး ဗုဒ္ဓမြတ်စွာက ပြန်ပြောတော့…….
“အရှင်ဂေါတမ၊ တပည့်တော်ဟာ ရွှေ၊ ငွေ၊ ဥစ္စာ စည်းစိမ်များကို သားမယားတို့အား အမွေပေးထားပြီးသားဖြစ်ပါတယ်။ ပစ္စည်း ဥစ္စာများနဲ့ ပတ်သက်ပြီး တပည့်တော်မှာ မက်မောခြင်း တက်မက်ခြင်း စီမံခြင်းမရှိတော့ပါ၊ တပည့်တော်အတွက် စားဖို့ ၀တ်ဖို့ နေဖို့အတွက် လုံလောက်ရုံမျှသာ သုံးဆောင်နေပြီး လှုမှု့ကိစ္စအ၀၀ကို ပယ်ထား ဖြတ်တောက်ထားပြီးဖြစ်တဲ့အတွက် သူကြွယ်လို့ ခေါ်ဖို့ လုံးဝမသင့်ပါဘူး၊ အရှင်ဂေါတမ”လို့ လျှောက်တင်ပါတယ်။
ပါတလိယ သူကြွယ်ရဲ့ သူ့ကိုယ်သူခံယူချက်က သူဟာ လောကီရေးရာများကို ပယ်ထားပြီးဖြစ်တာကြောင့် သူ့ကိုယ်သူ သမဏ (သို့) သူတော်စင် စင်စစ်တစ်ယောက်ဖြစ်တယ်လို့ ခံယူထားပုံရပါတယ်။
ဒီတော့ ဗုဒ္ဓမြတ်စွာက “သူကြွယ် ငါဘုရားအဆုံးအမအရ လှုမှု့ကိစ္စများ၊ လူ့အသုံးအဆောင်များကို ပယ်ထားဖြတ်တောက်တဲ့ နည်းက သင့်လိုမဟုတ် တစ်မျိုးတစ်ဖုံဖြစ်တယ်”လို့ မိန့်တော်မှုတော့ ပါတလိယသူကြွယ်က “အရှင်ဂေါတမ၊ တောင်းပန်ပါတယ် သနားခြင်းကို အကြောင်းပြုကာ အရှင်ဂေါတမရဲ့ အဆုံးအမနည်းအရ လှုမှု့ကိစ္စများ၊ လှု့အသုံးအဆောင်များကို ဘယ်ပုံဘယ်နည်းဖြင့် ပယ်ထားဖြတ်တောက်ပါသလဲဆိုတာကို ဟောကြားပေးတော်မှုပါ မြတ်စွာဘုရား”လို့ လျှောက်ထားပါတယ်။
ထိုပေါတလိယသူကြွယ်ရဲ့ လျှောက်ထားမှု့ကြောင့်ဗုဒ္ဓမြတ်စွာက လောကလူသားများ သက်ရှိတိုင်းသောသူများအတွက် ပယ်သတ်ဖြတ်တောက်ရမယ့် အရာများကို အခုလိုဟောကြားခဲ့ပါတယ်။
၁။ “သက်ရှိသတ္တ၀ါများအသက် မသတ်ခြင်းကို အမှီပြု၍ အသက်သတ်ခြင်းကို ပယ်ရပါမယ်။”
“သူကြွယ်၊ တကယ်လို့ ငါဟာ သူတစ်ပါးအသက်ကို သတ်လေ့ရှိသူဖြစ်ခဲ့မယ်ဆိုရင် လက်ရှိဘ၀မှာတင် သူတစ်ပါးအသက်ကို သတ်ခြင်းအကြောင်းကြောင့် င့ါကို ငါကိုယ်တိုင်လည်း သူသတ်သမားဟု စွပ်စွဲနိုင်မယ်၊ မကောင်းမှု့ပြုခြင်းကို ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းခြင်းမပြု ကဲ့ရဲ့ခြင်းသာပြုလေ့ရှိတာကြောင့် ငါ့အားပညာရှိသူတော်ကောင်းတို့က ကဲ့ရဲ့ ပြစ်တင်ကြလိမ့်မယ်။ သူတစ်ပါးအသက်ကို သတ်ခြင်းကြောင့် သေလွန်ပြီးနောက် ဘ၀များစွာမှာလည်း မကောင်းသောဂတိသို့ သေချာရောက်ရှိပြီး ဆင်းရဲခြင်းကို ခံစားရလိမ့်မယ်။ သူတစ်ပါးအသက်ကို သတ်ခြင်းကြောင့် င့ါရဲ့ သန္တာန်မှာ ပင်ပန်းခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတရားများ ဖြစ်ပေါ်ခံစားရလိမ့်မယ်။ ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ပြစ်တင်တဲ့၊ ချမ်းသာခြင်းကင်းရာ ဒုဂ္ဂတိဘုံသို့ ရောက်စေနိုင်တဲ့၊ ပင်ပန်းခြင်း၊ ပှုပန်ခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတို့ကို ဖြစ်ပေါ်ကြောင်းဖြစ်တဲ့ ဒီသူတစ်ပါးအသက်ကို သတ်ခြင်းဟူသော မကောင်းတဲ့အကုသိုလ်တရားကိုပယ်ပြီး ဒီသာသနာတော်မှာ မြတ်စွာဘုရား၏ တပည့်သားများအနေနဲ့ ဆင်ခြင်ခြင်းပြုကာ ကျင့်ကြံနေထိုင်သင့်ပါတယ်။ နေထိုင်ရမယ်”
၂။ “ပေးသော ဥစ္စာကိုသာ ယူခြင်းကို အမှီပြု၍ မပေးသော ဥစ္စာ ယူခြင်းကို ပယ်ရပါမယ်။”
“သူကြွယ်၊ တကယ်လို့ ငါဟာ ကိုယ်၊ နှုတ်၊ စိတ် ကံသုံးပါးဖြင့် မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူလေ့ရှိသူဖြစ်ခဲ့မယ်ဆိုရင် လက်ရှိဘ၀မှာတင် သူတစ်ပါးဥစ္စာကို ခိုးယူခြင်းအကြောင်းကြောင့် င့ါကို ငါကိုယ်တိုင်လည်း ခိုးသူဟု စွပ်စွဲနိုင်မယ်၊ မကောင်းမှု့ပြုခြင်းကို ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းခြင်းမပြု ကဲ့ရဲ့ခြင်းသာပြုလေ့ရှိတာကြောင့် ငါ့အားပညာရှိသူတော်ကောင်းတို့က ကဲ့ရဲ့ ပြစ်တင်ကြလိမ့်မယ်။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းကြောင့် သေလွန်ပြီးနောက် ဘ၀များစွာမှာလည်း မကောင်းသောဂတိသို့ သေချာရောက်ရှိပြီး ဆင်းရဲခြင်းကို ခံစားရလိမ့်မယ်။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းကြောင့် င့ါရဲ့ သန္တာန်မှာ ပင်ပန်းခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတရားများ ဖြစ်ပေါ်ခံစားရလိမ့်မယ်။ ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ပြစ်တင်တဲ့၊ ချမ်းသာခြင်းကင်းရာ ဒုဂ္ဂတိဘုံသို့ ရောက်စေနိုင်တဲ့၊ ပင်ပန်းခြင်း၊ ပှုပန်ခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတို့ကို ဖြစ်ပေါ်ကြောင်းဖြစ်တဲ့ ဒီသူတစ်ပါးဥစ္စာကို ခိုးယူခြင်းဟူသော မကောင်းတဲ့အကုသိုလ်တရားကိုပယ်ပြီး ဒီသာသနာတော်မှာ မြတ်စွာဘုရား၏ တပည့်သားများအနေနဲ့ ဆင်ခြင်ခြင်းပြုကာ ကျင့်ကြံနေထိုင်သင့်ပါတယ်။နေထိုင်ရမယ်”
၃။ “မှန်ကန်သော စကားကို ပြောဆိုခြင်းကို အမှီပြု၍ မမှန်ကန်သော စကားကို ပယ်ရပါမယ်။”
“သူကြွယ်၊ တကယ်လို့ ငါဟာ မမှန်မကန် ပြောဆိုလေ့ရှိသူဖြစ်ခဲ့မယ်ဆိုရင် လက်ရှိဘ၀မှာတင် မမှန်မကန် မုသားပြောဆိုခြင်းကြောင့် င့ါကို ငါကိုယ်တိုင်လည်း လိမ်ညာပြောဆိုသူဟု စွပ်စွဲနိုင်မယ်၊ မကောင်းမှု့ပြုခြင်းကို ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းခြင်းမပြု ကဲ့ရဲ့ခြင်းသာပြုလေ့ရှိတာကြောင့် ငါ့အားပညာရှိသူတော်ကောင်းတို့က ကဲ့ရဲ့ ပြစ်တင်ကြလိမ့်မယ်။ မမှန်မကန်မုသားပြောဆိုခြင်းကြောင့် သေလွန်ပြီးနောက် ဘ၀များစွာမှာလည်း မကောင်းသောဂတိသို့ သေချာရောက်ရှိပြီး ဆင်းရဲခြင်းကို ခံစားရလိမ့်မယ်။ မမှန်မကန်မုသားပြောဆိုခြင်းကြောင့် င့ါရဲ့ သန္တာန်မှာ ပင်ပန်းခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတရားများ ဖြစ်ပေါ်ခံစားရလိမ့်မယ်။ ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ပြစ်တင်တဲ့၊ ချမ်းသာခြင်းကင်းရာ ဒုဂ္ဂတိဘုံသို့ ရောက်စေနိုင်တဲ့၊ ပင်ပန်းခြင်း၊ ပှုပန်ခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတို့ကို ဖြစ်ပေါ်ကြောင်းဖြစ်တဲ့ ဒီမမှန်မကန်ပြောဆိုခြင်းဖြတ်ဆိုတဲ့ မကောင်းတဲ့အကုသိုလ်တရားကိုပယ်ပြီး ဒီသာသနာတော်မှာ မြတ်စွာဘုရား၏ တပည့်သားများအနေနဲ့ ဆင်ခြင်ခြင်းပြုကာ ကျင့်ကြံနေထိုင်သင့်ပါတယ်။ နေထိုင်ရမယ်။”
၎။ “ကုန်းမတိုက်သော စကားကို ပြောဆိုခြင်းကို အမှီပြု၍ ကုန်းတိုက်သော စကားကို ပယ်ရပါမယ်။”
“သူကြွယ်၊ တကယ်လို့ ငါဟာ ကုန်းတိုက်သော စကားကို ပြောဆိုလေ့ရှိသူဖြစ်ခဲ့မယ်ဆိုရင် လက်ရှိဘ၀မှာတင် ကုန်းတိုက်သော စကားကို ပြောဆိုခြင်းအကြောင်းကြောင့် င့ါကို ငါကိုယ်တိုင်လည်း ကုန်းတိုက်ပြောဆိုသူဟု စွပ်စွဲနိုင်မယ်၊ မကောင်းမှု့ပြုခြင်းကို ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းခြင်းမပြု ကဲ့ရဲ့ခြင်းသာပြုလေ့ရှိတာကြောင့် ငါ့အားပညာရှိသူတော်ကောင်းတို့က ကဲ့ရဲ့ ပြစ်တင်ကြလိမ့်မယ်။ ကုန်းတိုက်သော စကားကိုပြောဆိုပြီးခြင်းကြောင့် သေလွန်ပြီးနောက် ဘ၀များစွာမှာလည်း မကောင်းသောဂတိသို့ သေချာရောက်ရှိပြီး ဆင်းရဲခြင်းကို ခံစားရလိမ့်မယ်။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းကြောင့် င့ါရဲ့ သန္တာန်မှာ ပင်ပန်းခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတရားများ ဖြစ်ပေါ်ခံစားရလိမ့်မယ်။ ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ပြစ်တင်တဲ့၊ ချမ်းသာခြင်းကင်းရာ ဒုဂ္ဂတိဘုံသို့ ရောက်စေနိုင်တဲ့၊ ပင်ပန်းခြင်း၊ ပှုပန်ခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတို့ကို ဖြစ်ပေါ်ကြောင်းဖြစ်တဲ့ ဒီကုန်းတိုက်ပြောဆိုခြင်းဆိုတဲ့ မကောင်းတဲ့အကုသိုလ်တရားကိုပယ်ပြီး ဒီသာသနာတော်မှာ မြတ်စွာဘုရား၏ တပည့်သားများအနေနဲ့ ဆင်ခြင်ခြင်းပြုကာ ကျင့်ကြံနေထိုင်သင့်ပါတယ်။ နေထိုင်ရမယ်"
၅။ “မတပ်မက် မလိုချင်မှု့ကို အမှီပြု၍ တပ်မက် လိုချင်မှု့ကို ပယ်ရပါမယ်။”
“သူကြွယ်၊ တကယ်လို့ ငါဟာ တပ်မက် လိုချင်မှု့ ရှိသူဖြစ်ခဲ့မယ်ဆိုရင် လက်ရှိဘ၀မှာတင် တပ်မက်လိုချင်မှု့ရှိသူ ဖြစ်ခြင်းကြောင့် င့ါကို ငါကိုယ်တိုင်လည်း လောဘကြီးသူဟု စွပ်စွဲနိုင်မယ်၊ မကောင်းမှု့ပြုခြင်းကို ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းခြင်းမပြု ကဲ့ရဲ့ခြင်းသာပြုလေ့ရှိတာကြောင့် ငါ့အားပညာရှိသူတော်ကောင်းတို့က ကဲ့ရဲ့ ပြစ်တင်ကြလိမ့်မယ်။ တပ်မက်လိုချင်မှု့ ရှိသူဖြစ်ခြင်းကြောင့် သေလွန်ပြီးနောက် ဘ၀များစွာမှာလည်း မကောင်းသောဂတိသို့ သေချာရောက်ရှိပြီး ဆင်းရဲခြင်းကို ခံစားရလိမ့်မယ်။ တပ်မက်လိုချင်မှုရှိသူဖြစ်ခြင်းကြောင့် င့ါရဲ့သန္တာန်မှာ ပင်ပန်းခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတရားများ ဖြစ်ပေါ်ခံစားရလိမ့်မယ်။ ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ပြစ်တင်တဲ့၊ ချမ်းသာခြင်းကင်းရာ ဒုဂ္ဂတိဘုံသို့ ရောက်စေနိုင်တဲ့၊ ပင်ပန်းခြင်း၊ ပှုပန်ခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတို့ကို ဖြစ်ပေါ်ကြောင်းဖြစ်တဲ့ ဒီတပ်မက်လိုချင်ခြင်း လောဘတရားဖြစ်တဲ့ မကောင်းတဲ့အကုသိုလ်တရားကိုပယ်ပြီး ဒီသာသနာတော်မှာ မြတ်စွာဘုရား၏ တပည့်သားများအနေနဲ့ ဆင်ခြင်ခြင်းပြုကာ ကျင့်ကြံနေထိုင်သင့်ပါတယ်။ နေထိုင်ရမယ်"
၆။ “မကဲ့ရဲ့ မချူပ်ချယ်ခြင်းကို အမှီပြု၍ ကဲ့ရဲ့ ချူပ်ချယ်ခြင်းကို ပယ်ရပါမယ်။”
သူကြွယ်၊ တကယ်လို့ ငါဟာ ကဲ့ရဲ့ချူပ်ချယ်တတ်သော အလေ့ရှိသူဖြစ်ခဲ့မယ်ဆိုရင် လက်ရှိဘ၀မှာတင် ကဲ့ရဲ့ချူပ်ချယ်တတ်သော အလေ့ရှိသူဖြစ်ခြင်းကြောင့် င့ါကို ငါကိုယ်တိုင်လည်း ကဲ့ရဲ့ချူပ်ချယ်တတ်သူဟု စွပ်စွဲနိုင်မယ်၊ မကောင်းမှု့ပြုခြင်းကို ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းခြင်းမပြု ကဲ့ရဲ့ခြင်းသာပြုလေ့ရှိတာကြောင့် ငါ့အားပညာရှိသူတော်ကောင်းတို့က ကဲ့ရဲ့ ပြစ်တင်ကြလိမ့်မယ်။ ကဲ့ရဲ့ချူပ်ချယ်တတ်သော အလေ့ရှိသူဖြစ်ခြင်းကြောင့် သေလွန်ပြီးနောက် ဘ၀များစွာမှာလည်း မကောင်းသောဂတိသို့ သေချာရောက်ရှိပြီး ဆင်းရဲခြင်းကို ခံစားရလိမ့်မယ်။ ကဲ့ရဲ့ချူပ်ချယ်တတ်သော အလေ့ရှိသူဖြစ်ခြင်းကြောင် င့ါရဲ့သန္တာန်မှာ ပင်ပန်းခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတရားများ ဖြစ်ပေါ်ခံစားရလိမ့်မယ်။ ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ပြစ်တင်တဲ့၊ ချမ်းသာခြင်းကင်းရာ ဒုဂ္ဂတိဘုံသို့ ရောက်စေနိုင်တဲ့၊ ပင်ပန်းခြင်း၊ ပှုပန်ခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတို့ကို ဖြစ်ပေါ်ကြောင်းဖြစ်တဲ့ ဒီကဲ့ရဲ့ချူပ်ချယ်တတ်တဲ့ မကောင်းတဲ့အကုသိုလ်တရားကိုပယ်ပြီး ဒီသာသနာတော်မှာ မြတ်စွာဘုရား၏ တပည့်သားများအနေနဲ့ ဆင်ခြင်ခြင်းပြုကာ ကျင့်ကြံနေထိုင်သင့်ပါတယ်။ နေထိုင်ရမယ်"
၇။ “ အမျက်ထွက်ခြင်း မပင်ပန်းခြင်းကို အမှီပြု၍ အမျက်ထွက်ခြင်း ပင်ပန်းခြင်းကို ပယ်ရပါမယ်။”
“သူကြွယ်၊ တကယ်လို့ ငါဟာ အမျက်ထွက်လေ့ရှိသူ ပင်ပန်းလေ့ရှိသူဖြစ်ခဲ့မယ်ဆိုရင် လက်ရှိဘ၀မှာတင် ကဲ့ရဲ့ချူပ်ချယ်တတ်သော အလေ့ရှိသူဖြစ်ခြင်းကြောင့် င့ါကို ငါကိုယ်တိုင်လည်း အမျက်ဒေါသကြီးသူဟု စွပ်စွဲနိုင်မယ်၊ မကောင်းမှု့ပြုခြင်းကို ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းခြင်းမပြု ကဲ့ရဲ့ခြင်းသာပြုလေ့ရှိတာကြောင့် ငါ့အားပညာရှိသူတော်ကောင်းတို့က ကဲ့ရဲ့ ပြစ်တင်ကြလိမ့်မယ်။ အမျက်ထွက်လေ့ရှိသူ ပင်ပန်းလေ့ရှိသူဖြစ်ခြင်းကြောင့် သေလွန်ပြီးနောက် ဘ၀များစွာမှာလည်း မကောင်းသောဂတိသို့ သေချာရောက်ရှိပြီး ဆင်းရဲခြင်းကို ခံစားရလိမ့်မယ်။ အမျက်ထွက်ြခင်း ပင်ပန်းလေ့ရှိသူဖြစ်ခြင်းကြောင့် င့ါရဲ့သန္တာန်မှာ ပင်ပန်းခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတရားများ ဖြစ်ပေါ်ခံစားရလိမ့်မယ်။ ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ပြစ်တင်တဲ့၊ ချမ်းသာခြင်းကင်းရာ ဒုဂ္ဂတိဘုံသို့ ရောက်စေနိုင်တဲ့၊ ပင်ပန်းခြင်း၊ ပှုပန်ခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတို့ကို ဖြစ်ပေါ်ကြောင်းဖြစ်တဲ့ ဒီအမျက်ထွက်ခြင်း ပန်းပန်းခြင်း ဒေါသတရားကိုပယ်ပြီး ဒီသာသနာတော်မှာ မြတ်စွာဘုရား၏ တပည့်သားများအနေနဲ့ ဆင်ခြင်ခြင်းပြုကာ ကျင့်ကြံနေထိုင်သင့်ပါတယ်။ နေထိုင်ရမယ်"
၈။ “လွန်စွာ မာန်မမှုခြင်းကို အမှီပြု၍ လွန်စွာ မာန်မှုခြင်းကို ပယ်ရပါမယ်။”
“သူကြွယ်၊ တကယ်လို့ ငါဟာ မာန်မာနထောင်လွှားလေ့ရှိသူဖြစ်ခဲ့မယ်ဆိုရင် လက်ရှိဘ၀မှာတင် မာန်မာနထောင်လွှားလေ့ရှိခြင်းကြောင့် င့ါကို ငါကိုယ်တိုင်လည်း မာန်မာနခက်ထတ်သူဟု စွပ်စွဲနိုင်မယ်၊ မကောင်းမှု့ပြုခြင်းကို ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းခြင်းမပြု ကဲ့ရဲ့ခြင်းသာပြုလေ့ရှိတာကြောင့် ငါ့အားပညာရှိသူတော်ကောင်းတို့က ကဲ့ရဲ့ပြစ်တင်ကြလိမ့်မယ်။ မာန်မာနထောင်လွှားလေ့ရှိသူဖြစ်ခြင်းကြောင့် သေလွန်ပြီးနောက် ဘ၀များစွာမှာလည်း မကောင်းသောဂတိသို့ သေချာရောက်ရှိပြီး ဆင်းရဲခြင်းကို ခံစားရလိမ့်မယ်။ မာန်မာနထောင်လွှားလေ့ရှိခြင်းကြောင့် င့ါရဲ့သန္တာန်မှာ ပင်ပန်းခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတရားများ ဖြစ်ပေါ်ခံစားရလိမ့်မယ်။ ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့ပြစ်တင်တဲ့၊ ချမ်းသာခြင်းကင်းရာ ဒုဂ္ဂတိဘုံသို့ ရောက်စေနိုင်တဲ့၊ ပင်ပန်းခြင်း၊ ပှုပန်ခြင်း၊ ဆင်းရဲခြင်း သောက ဗျာပါဒတို့ကို ဖြစ်ပေါ်ကြောင်းဖြစ်တဲ့ ထောင်လွှားခြင်း မာနဆိုတဲ့ အကုသိုလ်တရားကိုပယ်ပြီး ဒီသာသနာတော်မှာ မြတ်စွာဘုရား၏ တပည့်သားများအနေနဲ့ ဆင်ခြင်ခြင်းပြုကာ ကျင့်ကြံနေထိုင်သင့်ပါတယ်။ နေထိုင်ရမယ်" လို့ ဗုဒ္ဓမြတ်စွာက ပယ်ရှောင်ရမယ့် အရာရှစ်ပါးကို မိန့်တော်မှုခဲ့ပါတယ်။
"အကုသိုလ်များကို ဖြစ်စေတတ်တဲ့ အဓိကအကြောင်းအရင်းကတော့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ တရားသုံးပါးပါပဲ။ အထက်က မကောင်းတဲ့ အကုသိုလ်တရားများကို ဖြစ်စေတတ်တဲ့ ဒီမကောင်းမှု့များကို ဖြစ်စေတတ်တဲ့ အရင်းအမြစ်တရား ဒီသုံးပါးကို အမှန်တကယ် ပယ်သင့်ပါတယ်၊ ပယ်ရပါမယ်။"
လောကလူသားများအနေနဲ့ ဘယ်အရာကို လုပ်လုပ် အပြစ်ကင်းတဲ အလုပ်များကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အပြစ်မကင်းတဲ့ မကောင်းတဲ့အလုပ်များကို လုပ်မိပြီဆိုရင“မကောင်းဆိုတာ စိတ်ကွယ်ရာမရှိဘူး”ဆိုတဲ့ ဗုဒ္ဓမြတ်စွာ ဟောပြခဲ့တဲ့ စကားအရ ဦးစွာပထမ ဘယ်သူမသိသိ ကာယကံရှင်ဖြစ်တဲ့ မိမိကိုယ်တိုင်ကတော့ သိနေမှာပါ။ မိမိကိုယ်တိုင်လည်း တကယ်တမ်း စိတ်ချမ်းသာမှု့မရှိပါဘူး။ ကိုယ့်ကိုယ်ကိုလည်း စွပ်စွဲလာတတ်ပါတယ်။ ပညာရှိသူတော်ကောင်းများရဲ့ ပြစ်တင်ကဲ့ရဲ့မှု့ကိုလည်း ခံရမှာပါ။ အထူးသဖြင့် ဘုရားအစရှိတဲ့ ပညာရှိသူတော်ကောင်းများရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို မခံရလေအောင် ချီးမွမ်းပြောဆိုခြင်းကို ရရှိလေအောင် ဘုရားအစရှိတဲ့ ပညာရှိသူတော်ကောင်းများ မနှစ်သက်တဲ့ အကုသိုလ်အလုပ်များကို ရှောင်ကြဉ်ပြီး ကုသိုလ်အလုပ်များကို လုပ်ဆောင်ရမှာပါ။
မကောင်းတဲ့ အကုသိုလ်အလုပ်များကို လုပ်ဆောင်မယ်ဆိုရင် ပင်ပန်းခြင်း၊ ဆင်းရဲခြင်း၊ ပှုပန်ခြင်း ၊ သောက၊ ဒုက္ခ၊ ဗျာပါဒတရားများကိုသာ အမှန်တကယ် ရရှိခံစားရမှာပါ။ ဒီတော့ ဆင်းရဲခြင်းတွေကို မခံစားချင် မရရှိချင်ဘူးဆိုရင်တော့ အထက်ကပြောခဲ့ အရာများကို ရှောင်ရှားပြီး ကောင်းတဲ့အရာများကို လုပ်ဆောင်ဖို့ တစ်လမ်းပဲရှိပါတယ်။
(ဥယျာဉ်မှုးလေး)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP