* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 15, 2010

ခန္ဓာကိုယ်တွင်း ချိန်ပီယံဘောလုံးပွဲ

Saturday, 14 August 2010 03:58 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Resized_IMG_0674

“အောင်ပွဲမှန်သမျှတို့တွင် ကိုယ်ဟာကိုယ် အနိုင်ရတဲ့အောင်ပွဲသာ အမြင့်မြတ်ဆုံးပါ၊ ရှုံးပွဲမှန် သမျှထဲမှာလဲ ကိုယ့်ဟာကိုယ် အရှုံးပေးရတဲ့ ရှုံးပွဲသာ အယုတ်ညံ့ဆုံး အောက်တန်းအကျဆုံးပါ”။ (တိပိဋကဓရ (ယော) ဆရာတော်)

၁၃၅၈-ခု၊နှစ်၊ တန်ဆောင်မုန်းလထဲမှာပဲ ကေလာသဖတောင်ပေါ်က သဒ္ဓမ္မသီတဂူကျောင်း တိုက်အတွင်းမှာ ရန်ကုန် တက်လမ်းဆောက်လုပ်ရေး ကုမ္မဏီမိသားစုတို့ရဲ့ ကောင်းမှုဖြစ်တဲ့ သိမ်သမုတ်ပွဲမှာ တိပိဋကဓရ တိပိဋကဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော် ကြွရောက်ပြီး သိမ်သမုတ်ပွဲနဲ့ ရေစက်ချတရားပွဲမှာ နိဗ္ဗာန်ဆိုတဲ့ ဆုဖလားကြီးကို ရယူပိုင်ဆိုင်မည့် ခန္ဓာကိုယ်ထဲက ဘောလုံးပွဲကြီးကို စနစ်တကျ ကိုယ်က အနိုင်ရအောင် ကန်တတ်ကြဖို့အတွက် အထက်ပါစကားကိုးနဲ့ အစချီပြီး ဟောညွှန်ဆုံးမပါတယ်။

ဒီဘောလုံးပွဲကြီးဟာ ဗဟန်း ၀ိသုဒ္ဓါရုံ ရွှေကျင်ကျောင်းတိုက်မှာ နေ့စဉ် နံနက်ဘုရားဝတ်ပြုပြီး တစ်ကြိမ်၊ ညဘုရားဝတ်ပြုပြီး တစ်ကြိမ် တစ်နေ့ (၂)ကြိမ် မှန်မှန် ဆရာတော်ကိုယ်တိုင် ကြီးကြပ်ပြီး ကျင်းပလေ့ရှိကြောင်း မိန့်ကြားပါတယ်၊ ဆရာတော် ဟောညွှန်ချက် အနှစ်ချုပ်ကတော့…..

လောကမှာ ဟိုဘက်ဒီဘက်ခွဲပြီး သူများတွေကန်နေကြတဲ့ ဘောလုံးပွဲဆိုတာ ဘယ်ဘက်က ရှုံးရှုံး နိုင်နိုင် ကိုယ့်အတွက် အကျိုးလဲမရှိ အကျိုးလဲမယုတ်ဘူး၊ အဲဒါကြောင့် သူများတွေ အပြင်မှာ ကန်ကြတဲ့ ဘောလုံးပွဲမျိုးကိုတော့ ကန်လဲမကန်ကြနဲ့ ကြည့်လဲမကြည့်ကြနဲ့ ကိုယ်ခန္ဓာတွင်းက ဘောလုံးပွဲကိုသာ ကိုယ်က မရှုံးအောင် ဂရုစိုက်ကန်ရမယ်။

ခန္ဓာကိုယ်ဆိုတဲ့ ဘောလုံးကွင်းကြီးထဲမှာ စိတ်ဆိုတဲ့ ဘောလုံးလေးကို အသင်းကြီးနှစ်သင်း လုပြီး ကန်နေကြတာ နံနက်အိပ်ရာထချိန်ကနေ ည အိပ်ယာဝင်ချိန်အထိပဲ တစ်ဘက်က သဒ္ဓါ ၀ီရိယ သတိစတဲ့ ဗလငါးတန်ပါဝင်တဲ့ အဖြူရောင် (သုက္ကပက္ခ)လို့ခေါ်တဲ့ ကုသိုလ်အသင်း၊ တစ်ဘက် က လောဘ ဒေါသ စတဲ့ နီဝရဏတရားများ ပါဝင်တဲ့ စိတ်ကို မည်းညစ် ပူလောင်စေတဲ့ အမည်းရောင် (ကဏှပက္ခ)လို့ ခေါ်တဲ့ အကုသိုလ်အသင်း။

အဖြူရောင်အသင်းဟာ----

၁။ နိဗ္ဗာန်ဆိုတဲ့ ရည်ရွယ်ချက်လဲပါတယ်၊

၂။ မဂ္ဂဆိုတဲ့ လမ်းကြောင်းလဲပါတယ်၊

၃။ သီလ သမာဓိ ပညာဆိုတဲ့ နောက်တန်း,အလယ်တန်း,ရှေ့တန်းတို့ညီမျှတဲ့ အစီအစဉ်လဲပါတယ်။

နည်းစနစ်ပိုင်းမှာဆိုရင်လဲ ဘုရားရှင်ချမှတ်ခဲ့တဲ့ စနစ်တကျ ထိန်းသိမ်းလာခဲ့တဲ့ နည်းကောင်း နည်းမှန် စနစ်မှန် ဖြစ်တယ်။ ကန်ကြမဲ့ အသင်းသား တွေကို ကြည့်ရင်လဲ သတိပဋ္ဌာန်, သမ္မပဒါန်, ဣဒ္ဓိပါဒ်, ဣနြေ္ဒ, ဗိုလ်, ဗောဇ္ဈင်,မဂ္ဂင်ဆိုတဲ့ တကယ့်အကောင်းဆုံး ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေကို ရရှိထားကြသူတွေ ဖြစ်လို့ အားကောင်း ဒေါင်ကောင်း အရည်အချင်းကောင်းတွေ ချည်းပဲ၊ ဒါကြောင့် သူတို့အသင်းဟာ ဆန့်ကျင်ဘက်ကို ဖယ်ရှားပြီး မိမိတို့ အသင်းကို တိုးပွားစေနိုင်တဲ့ စွမ်းရည်အပြည့် ရှိတဲ့ (ဘာဝေတဗ္ဗ)အင်အားစု အသင်းဖြစ်တယ်၊

အမဲရောင်အသင်းကတော့ ရည်ရွယ်ချက်လဲမရှိ၊ လမ်းကြောင်းနဲ့အစီအစဉ်လဲမရှိ၊ နည်းစနစ် ရယ်လို့ သတ်သတ် မှတ်မှတ် မရှိကြသလို အသင်းသားတွေဟာလဲ ချည့်နဲ့ လိမ်ကွေ့ ကလိမ်ကကျစ်၊ မူယာမာယာသမားတွေချည်း ဖြစ်လို့ ကိလေသာ, သံယောဇဉ်, သြဃ,ယောဂစတဲ့ အမည်ဆိုးတွေနဲ့ ထင်ရှားတဲ့ အသင်းဖြစ်တယ်။ တကယ့်အသင်းကြီးတွေနဲ့ ရင်ဆိုင်လိုက်တိုင်း ပြုတ်အောင် အဖယ်ရှား ခံရတဲ့ (ပဟာတဗ္ဗ)အင်အားစုအသင်းညံ့ပါ၊

အဖြူရောင်အသင်းမှာ သတိဆိုတဲ့ ဂိုးသမားက အသင်းခေါင်းဆောင်အဖြစ်နဲ့ တစ်သင်းလုံးကို ထိန်းသိမ်းပေးပြီး ရှေ့တန်းမှာ ၀ိပဿနာဂိုး၊ မဂ်ဂိုး၊ ဖိုလ်ဂိုးအထိ အဖိုးတန်ဂိုးတွေကို သွင်းပေးနိုင်စွမ်း ရှိတဲ့ “ပညာ”က လှုပ်ရှားတယ်၊ သဒ္ဓါ၊ ၀ီရိယတို့က တစ်သင်းလုံးကို တက်ကြွနေအောင် နေရာစုံမှာ လှုပ်ရှားပေးနိုင်ကြတယ်။

အမည်းရောင်အသင်းမှာတော့ တစ်ဘက်အသင်းသားတွေ ဂိုးပေါက်မမြင်နိုင်အောင် ဖုံးကွယ် ပေးနေတဲ့ မောဟဆိုတဲ့ ဂိုးသမားက အသင်းခေါင်း ဆောင်အဖြစ် တာဝန်ယူပြီး လောဘဆိုတဲ့ အကြမ်းအရမ်းသမားတို့ အားကိုးနဲ့ ယှဉ်ပြိုင်နေတာပါ၊

အဓိက သူတို့ရဲ့ အားသာချက်ကိုကြည့်ရင် သဘာတော့ရင့်တယ်၊ သံသရာအစကတည်းက ခန္ဓာကိုယ်ကို အပိုင်စီးလာကြတဲ့ အသင်းဆိုတော့ ကွင်းရှင် အိမ်ရှင်လို ဖြစ်နေကြတာ၊ ဒါကြောင့်လဲ အဖြူရောင်အသင်းက “သတိ”ဆိုတဲ့ ဂိုးသမားလစ်ရင် လစ်သလို သူတို့က ခိုးဂိုး၊ သတ်ဂိုး၊ လိမ်ညာဂိုး စတဲ့ အကုသိုလ်ဂိုးတွေကို သွင်းသွင်းသွားတတ်ကြတာ၊

အဖြူရောင်အသင်းရဲ့ ခေါင်းဆောင် သတိဂိုးသမားက ဂိုးပေါက်လဲလုံခြုံအောင် မစောင့်၊ အသင်းသားတွေအပေါ်လဲ နှိုးဆော်မပေးနိုင်ဘူးဆိုရင် သဒ္ဓါ ပညာ ၀ီရိယစတဲ့ အသင်းသားတွေလဲ အင်အားလျော့ပါးပြီး ဘာမှ ထိထိရောက်ရောက် မလုပ်ကြလို့ တစ်ဘက်အသင်းရဲ့ ရမ်းသန်းကန် လိုက်တဲ့ဂိုးတွေကို ပေးရပြီး အရှုံးနဲ့ ရင်ဆိုင်နေကြတာ။ “ရေများ ရေနိုင်၊ မီးများ မီးနိုင်”ဆိုတာမျိုးပေါ့။

အသင်းနှစ်ခုကို ယှဉ်ကြည့်လိုက်ရင်တော့ အဖြူရောင်အသင်းဟာ အထက်အသင်းဖြစ်ပြီး အမည်းရောင်အသင်းက အောက်အသင်းပါ။ ဒါပေမဲ့ တစ်နေ့တာ ဘောလုံးပွဲကြီးပြီးလို့ ညအိပ်ရာဝင် စာရင်းချုပ်ကြည့်လိုက်တဲ့အခါမှာတော့ အံ့သြဖို့ကောင်းလောက်အောင် အထက်ကြေးသမားတွေ ခွက်ခွက်လန်ရှုံးပြီး အောက်ကြေးသမားတွေကချည်း အနိုင်ရသွားကြတာ နေ့စဉ်လိုလိုပဲ။

ဒီလိုဖြစ်ရတာကို ဆန်းစစ်ကြည့်လိုက်ရင် အားပေးပုံမမှန်ကန်တာလဲ ချွတ်ယွင်းချက်တစ် ခုဖြစ်နေတယ်။ အပြင်ပမှာ သူတစ်ပါးတွေကန်တဲ့ ဘောလုံးပွဲမှာတော့ လူတွေဟာ ကိုယ်နိုင်စေချင်တဲ့ အသင်းကို ဖိပြီး အားပေးတတ်ကြတယ်။ ကိုယ်ခန္ဓာကိုယ်ထဲက ဘောလုံးပွဲကျတော့ ကိုယ်က ကောင်းကျိုးကို ရချင်ကြသူတွေဖြစ်လို့ ကောင်းကျိုးကို ပေးနိုင်စွမ်းရှိတဲ့ အဖြူရောင်အသင်း နိုင်စေချင် ပေမဲ့ တကယ်တမ်းအားပေးတာကျတော့ အမည်းရောင်အသင်းကို ပိုပြီး စိတ်အားထက်ထက်သန် သန်နဲ့ အားပေးနေမိကြတယ်။

ကိုယ်က နိုင်စေချင်တဲ့ အသင်းဘက်ကို မှန်မှန်ကန်ကန်အားပေးတတ်ကြမယ်ဆိုရင် သတိဆိုတဲ့ဂိုးသမားကလည်း နိုးနိုးကြားကြားနဲ့ အာရုံနဲ့ တွေ့တိုင်းတွေ့တိုင်း စိတ်မှာကပ်ကပ်ပါလာတဲ့ လောဘစိတ်၊ ဒေါသစိတ်ကလေးတွေကို ပညာအကူနဲ့ ရှုမှတ်ပြီး ပုတ်ထုတ်လွှတ်၊ သဒ္ဓါ ၀ီရိယတို့ ကလဲ ထက်ထက်သန်သန်လှုပ်ရှားရင် ဒါနဂိုး၊ သီလဂိုး၊ ဘာဝနာဂိုးတွေကစပြီး ၀ိပဿနာဂိုးတွေနဲ့ ဖိသွင်းလိုက်ကြတဲ့အတွက် နောက်ဆုံးတော့ အမည်းရောင်အသင်းဟာ သူ့ရဲ့အပယ်ခံ (ပဟာတဗ္ဗ) သဘောအတိုင်း ဘုံးဘုံးလဲ ရှုံးနိမ့်ပြီး အဖြူရောင်အသင်းကသာ သူ့ရဲ့တိုးပွားတတ်တဲ့ ပင်ကိုယ်စွမ်းအား (ဘာဝေတဗ္ဗ)နဲ့အညီ တိုးပွားလာလို့ မဂ်ဖိုလ်ဆိုတဲ့ အဆုံးအဖြတ်ဂိုးတွေကို သွင်းပြီး နိဗ္ဗာန်ဆိုတဲ့ ချန်ပီယံဆုဖလားကြီးနဲ့ ဂုဏ်ယူဝမ်းမြောက်သွားကြရမှာ ဖြစ်တယ်ဆိုတဲ့အကြောင်းကို မိန့်ကြားအား ပေးရင်း သြ၀ါဒကို နိဂုံးချုပ်လိုက်ပါတယ်။ တစ်ကိုယ်တော်ကန်ရတဲ့ ခန္ဓာကိုယ်တွင်းက ဘောလုံးကြီး မှာ အားပေးပုံမှန်မှန်ကန်ကန်နဲ့ အနိုင်နွဲပြီး ဒုက္ခအားလုံးလွတ်ကင်းရာ နိဗ္ဗာန်ဆိုတဲ့ ဆုဖလားကြီးကို ကိုင်မြှောက်ခွင့်ရတဲ့ လောကအားလုံးကို လွန်မြောက်တဲ့ ချန်ပီယံကြီးများ ဖြစ်နိုင်ကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP