* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 9, 2010

“မပြုလုပ်ခင် စဉ်းစားစေချင်ပါသည်”

လောကလူသားတွေ အတွက် လောကကြီးထဲမှာ လုပ်စရာ အလုပ်နှစ်မျိုးနှစ်စားပဲ ရှိပါတယ်။ ဒီအလုပ်နှစ်မျိုးနှစ်စားကို ပြုလုပ်ဖို့ကလည်း ပြုလုပ်ပုံ ပြုလုပ်နည်း သုံးမျိုးသုံးစားနဲ့ပဲ ပြုလုပ်နေကြတာပါ။ ဒီသုံးမျိုးသုံးစားသော ပြုလုပ်ပုံ ပြုလုပ်နည်းတွေနဲ့ နှစ်မျိုးနှစ်စားသော အလုပ်များကို လုပ်ဆောင်ကြရတဲ့အတွက် နှစ်မျိုးနှစ်စားသော အကျိုးတရားသာ ရရှိပိုင်ဆိုင်နေကြရတာပါ။

စောဒကတက်မယ်ဆိုလည်း တက်စရာပါပဲ၊ ဘာကြောင့်လဲဆိုတော့ လောကမှာ အလုပ်ပေါပါတယ်ကွာဆိုတဲ့ ပေတံနဲ့တိုင်းတာမှု့ ပြုကြမယ်ဆိုရင်ပေါ့။ ဥပမာ စာရေးဆရာအလုပ်၊ ၀န်ထမ်းအလုပ်၊ သမ္မတ အလုပ်၊ လက်သမားအလုပ် ဆရာဝန်အလုပ်၊ ကျောင်းဆရာအလုပ် စသည်အားဖြင့် ပညတ်အားဖြင့် လုပ်စရာ အလုပ်တွေ သိပ်ကိုပေါလွန်းပါတယ်။ ဟုတ်ပါတယ်၊ ဒါပေမယ့် ပညတ်အားဖြင့် ခွဲခြားထားကြတဲ့ ကွဲပြားသော အလုပ်တွေကို ပေါင်းစုပြီး အနှစ်ချူပ်လိုက်မယ်ဆိုရင် ဒီအလုပ်တွေထဲက ကောင်းတာကို လုပ်ခြင်းနဲ့၊ မကောင်းတာကို လုပ်ခြင်းဆိုတဲ့ အလုပ်နှစ်မျိုးနှစ်စားပဲ ရှိတာပါ။ အထက်က စောဒကကို ဒီသောဓနာလေးနဲ့ပဲ လုံလောက်မယ်ထင်ပါတယ်။

ပြုလုပ်ပုံ ပြုလုပ်နည်းအားဖြင့် သုံးမျိုးသုံးစားပဲ ရှိတယ်၊ သုံးမျိုးသုံးစားနဲ့ပဲ ပြုလုပ်နေကြတယ်ဆိုတာဟာ ကာယကံ၊ ကိုယ်အားဖြင့် ပြုလုပ်နေကြရတဲ့ အမှု့၊ ၀စီကံ၊ နှုတ်မြွက်စကား ပြောကြားခြင်းဖြင့် ပြုလုပ်နေကြရတဲ့ အမှု့နဲ့၊ မနောကံ၊ စိတ်အကြံအားဖြင့် တွေးတောကာ ပြုလုပ်နေကြရတဲ့ အမှု့တွေကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။

ဒီပြုလုပ်နည်းတွေကို အသုံးပြုပြီး လုပ်ဆောင်နေကြရတဲ့ နှစ်မျိုးသော အလုပ်တွေဆီက နှစ်မျိုးသော အကျိုးတရားများကိုသာ ရရှိနေကြပါတယ်ဆိုတဲ့ သဘောကတော့ ကာယကံ၊ ကိုယ်အားဖြင့် ကောင်းမွန်စွာ ပြုလုပ်မယ်၊ ၀စီကံ၊ နှုတ်အားဖြင့် ကောင်းမွန်စာ ပြောဆို ပြုလုပ်မယ်၊ မနောကံ၊ စိတ်အားဖြင့် ကောင်းစွာ တွေးကြံပြီး ပြုလုပ်မယ်ဆိုရင် ကောင်းသော စိတ်ကို အရင်းခံကာ ပြုလုပ်တာဖြစ်တဲ့အတွက် ကောင်းတဲ့အကျိုးတရားကိုပဲ ရရှိမှာဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့်၊ ကာယကံ၊ ကိုယ်အားဖြင့် မကောင်းမှု့ကို ပြုလုပ်မယ်၊ ၀စီကံ၊ နှုတ်အားဖြင့် မကောင်းမှု့ကို ပြောဆိုပြုလုပ်မယ်၊ မနောကံ၊ စိတ်အားဖြင့် မကောင်းမှု့ကို တွေးကြံပြီး ပြုလုပ်မယ်ဆိုရင် မကောင်းသော စိတ်ကို အရင်းခံကာ ပြုလုပ်တာဖြစ်တဲ့အတွက် မကောင်းသော အကျိုးတရားတွေကိုပဲ ရရှိမှာဖြစ်ပါတယ်။

မိမိဘ၀ရဲ့ အနာဂတ်ကို သာယာတဲ့အနာဂတ်ဖြစ်အောင် မိမိရဲ့ ကံသုံးပါးနဲ့ပဲ တည်ဆောက်နိုင်ပါတယ်။ မိမိရဲ့ အနာဂတ်ကို သာယာမှု့ကင်းတဲ့ အနာဂတ်ဖြစ်အောင်လည်း မိမိရဲ့ ကံသုံးပါနဲ့ တည်ဆောက်နိုင်ပါတယ်။ ကာယကံ၊ ၀စီကံ၊ မနောကံဆိုတဲ့ သုံးပါးသောကံများနဲ့ ကောင်းတဲ့အရာကို ပြုလုပ်ဖန်တီးနေတာဟာ မိမိဘ၀ရဲ့ အနာဂတ်ကို သာယာတဲ့ အနာဂတ်ဖြစ်အောင်၊ ငြိမ်းချမ်းမယ့် အနာဂတ်ဖြစ်အောင် ပြုလုပ် ဖန်တီး တည်ဆောက်နေတာပါ။ ကာယကံ၊ ၀စီကံ၊ မနောကံဆိုတဲ့ သုံးပါသောကံများနဲ့ မကောင်းတဲ့အရာကို ပြုလုပ် ဖန်တီးနေတာဟာ မိမိဘ၀ရဲ့ အနာဂတ်ကို သာယာမှု့ကင်းတဲ့ အနာဂတ်ဖြစ်အောင်၊ ငြိမ်းချမ်းမှု့ကင်းပြီး၊ ပေါများတဲ့ ဆင်းရဲခြင်းကို ဖြစ်စေမယ့် အနာဂတ်ဖြစ်အောင် ပြုပ်လုပ်ဖန်တီး တည်ဆောက်နေတာပါ။

ဒါကြောင့် ဒီဘ၀တစ်လျှောက်မှာပဲဖြစ်ဖြစ်၊ သံသရာတစ်လျှောက်လုံးမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းသာယာစွာ လျှောက်လှမ်း ဖြတ်သန်းချင်တယ်ဆိုရင်တော့ ကံသုံးပါးရဲ့ ပြုလုပ်တဲ့အရာတိုင်းမှာ ကောင်းတဲ့အရာများကို ပြုလုပ်ဖို့ပဲ လိုပါတယ်၊ ပြုလုပ်သင့်ပါတယ်၊ ပြုလုပ်ရပါမယ်။

တစ်ဖက်သားကို ဒီဘ၀တစ်လျှောက်မှာပဲဖြစ်ဖြစ်၊ သံသရာတစ်လျှောက်လုံးမှာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းမှု့ကင်းမဲ့တဲ့၊ ချမ်းသာမှု့ကင်းမဲ့တဲ့၊ သာယာမှု့ကင်းမဲ့တဲ့ ဘ၀ခရီးလမ်းကို လျှောက်လှမ်း ဖြတ်သန်းစေလိုခြင်းမရှိသလို၊ သူတို့ကိုယ်တိုင်ကလည်း ဒီလိုဘ၀မျိုးကို လျှောက်လှမ်းကြဖို့ တောင့်တမှု့မပြုမှာ အသေအချာပါပဲ။
ရယူချင်တယ်ဆိုရင်တော့ အားထုတ်မှု့တော့ ပြုရမယ်မဟုတ်လား။ ငြိမ်းချမ်း သာယာတဲ့ဘ၀တစ်ခုကို ရယူချင်တယ်ဆိုရင်တော့ ရရှိအောင် မိမိကိုယ်တိုင်ပဲ အားထုတ်မှု့ကို ပြုရမှာပါ။

အရာတစ်ခုကို ရယူချင်လို့ အားထုတ်မှု့ကို ပြုလုပ်တဲ့အရာတိုင်းမှာ ချက်ချင်းပြုလုပ်ဖို့ မပြုလုပ်သင့်ပါဘူး။ ငါတစ်ယောက် ချမ်းသာရာရဖို့ သူတစ်ပါးဘယ်လိုနေနေ ဆင်းရဲနေပါစေ လုပ်မှာပဲဆိုတဲ့ အတ္တဆန်တဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးမျိုး မဖြစ်ရလေအောင် သတိတရားလေးရှိနေသင့်ပြီး စဉ်စားမှု့လေးပြုလုပ်ခြင်းကို မြတ်နိုးတတ်စေချင်ပါတယ်။ သူတစ်ပါးအနေနဲ့ ဆင်းရဲခြင်းကို ခံစားဖြစ်စေပြီးမှ ရရှိလာတဲ့ ချမ်းသာမှု့၊ ပျော်ရွှင်မှု့ဟာ စစ်မှန်တဲ့ ပျော်ရွှင် ချမ်းသာမှု့ မဟုတ်ပါဘူး။ မိမိလည်း ချမ်းသာ ပျော်ရွှင်မယ်၊ သူတစ်ပါးလည်း ချမ်းသာ ပျော်ရွှင်မယ်၊ မိမိ သူတစ်ပါး နှစ်ဦးသားလည်း ချမ်းသာ ပျော်ရွှင်မယ့် ချမ်းသာ ပျော်ရွှင်မှု့ကသာ စစ်မှန်တဲ့ ပျော်ရွှင် ချမ်းသာမှု့ ဖြစ်ပါတယ်။

တစ်ခုခုကို မပြုလုပ်ခင်မှာ သတိတရားလေးထားကာ စဉ်းစားမှု့လေးကို မြတ်နိုးစေချင်တာကြောင့် မြတ်နိုးစရာကောင်းတဲ့ စဉ်းစားပုံ စဉ်းစားနည်းလေးကို ဗုဒ္ဓမြတ်စွာက ဟောပြထားခဲ့တာရှိပါတယ်။

“ကိုယ်ဖြင့်ပြုလုပ်မယ့် အရာတိုင်းမှာပဲ ဖြစ်ြဖစ်၊ နှုတ်ဖြင့်ပြောဆိုမယ့် အရာတိုင်းမှာပဲ ဖြစ်ြဖစ်၊ စိတ်ဖြင့်တွေးကြံမယ့် အရာတိုင်းမှာပဲဖြစ်ဖြစ်ပေါ့ အဲဒီအရာကို သင်မပြုလုပ်ခင် အရင်စဉ်းစားလိုက်ပါ။ ဒီအလုပ်ဟာ င့ါကိုယ်ငါပြန်ပြီး နာကျင်စေမယ့်အလုပ်လား၊ တစ်ဖက်သားကို နာကျင်စေမယ့် အလုပ်လား၊ ဒါမှမဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို နာကျင်စေမယ့် အလုပ်မျိုးလား၊ ဒီအလုပ်ကို ပြုလုပ်ခြင်းအားဖြင့် မိမိ သူတစ်ပါး နှစ်ဦးသားကို ဆင်းရဲခြင်းတရားတွေပဲ တိုးပွားဖြစ်ပေါ်စေမှာလား။ ပျော်ရွှင်မှု့တွေကို ရရှိစေမှာလား။ သေချာတာ တစ်ခုကတော့ အဲဒီအလုပ်ကို ပြုလုပ်ခြင်းအားဖြင့် မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို နာကျင်စေမယ့်အလုပ်၊ ဆင်းရဲခြင်းတရားတွေကိုပဲ တိုးပွားဖြစ်ပေါ်စေမယ့် အလုပ်မျိုးဆိုရင် ပြုလုပ်ခြင်းမှ ရပ်ဆိုင်းလိုက်ပါ၊ စွန့်လွှတ်လိုက်ပါ။”

“ကိုယ်ဖြင့်ပြုလုပ်မယ့် အရာတိုင်းမှာပဲ ဖြစ်ြဖစ်၊ နှုတ်ဖြင့်ပြောဆိုမယ့် အရာတိုင်းမှာပဲ ဖြစ်ြဖစ်၊ စိတ်ဖြင့်တွေးကြံမယ့် အရာတိုင်းမှာပဲဖြစ်ဖြစ်ပေါ့ အဲဒီအရာကို သင်မပြုလုပ်ခင် အရင်စဉ်းစားလိုက်ပါ။ ဒီအလုပ်ဟာ င့ါကိုယ်ငါပြန်ပြီး စိတ်ကျေနပ်မှု့ဖြစ်စေမယ့် အလုပ်လား၊ တစ်ဖက်သားကို စိတ်ကျေနပ်မှု့ဖြစ်စေမယ့် အလုပ်လား၊ မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို စိတ်ကျေနပ်မှု့ ဖြစ်စေမယ့် အလုပ်လား၊ ဒီအလုပ်ကို ပြုလိုက်ခြင်းအားဖြင့် မိမိ သူတစ်ပါး နှစ်ဦးသားကို ချမ်းသာခြင်းတရားတွေပဲ တိုးပွားဖြစ်ပေါ်စေမှာလား၊ ပျော်ရွှင်မှု့ကို ဖြစ်ပေါ်စေမှာလား၊ အကောင်းဆုံးကတော့ အဲဒီအလုပ်ကို ပြုလုပ်ခြင်းအားဖြင့် မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို စိတ်ကျေနပ်မှု့ဖြစ်စေမယ့်အလုပ်၊ ပျော်ရွှင်မှု့ကို ဖြစ်စေမယ့် အလုပ်၊ ချမ်းသာခြင်းတရားတွေပဲ တိုးပွားဖြစ်ပေါ်စေမယ့် အလုပ်မျိုးဆိုရင် ချက်ခြင်းပဲ ပြုလုပ်လိုက်ပါ၊ အားထုတ်လိုက်ပါ၊ မြတ်နိုးစွာ ပြုလုပ်လိုက်ပါ။” ဆိုတဲ့ စဉ်းစားနည်းလေးကို မြတ်နိုးတတ်ဖို့ လိုအပ်ပါတယ်။

သေချာပါတယ် စာချစ်သူ………။

တစ်ခုခုကို မပြုလုပ်ခင်မှာ သတိတရားလေးထားကာ ဗုဒ္ဓမြတ်စွာရဲ့ မြတ်နိုးစရာကောင်းတဲ့ စဉ်းစားပုံ စဉ်းစားနည်းလေးကို မြတ်နိုးစွာ စဉ်းစားပြီးမှ ပြုလုပ်မယ်ဆိုရင်…..

“ငြိမ်းချမ်း သာယာပြီး ပျော်ရွှင်စရာအလွန်ကောင်းတဲ့ ဘ၀ခရီးလမ်းကို လျှောက်လှမ်းခွင့်ရရှိမှာပါ။”

(ဥယျာဉ်မှုးလေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP