* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 9, 2010

သက္ကယ္ရိတ္စကားမ်ား(၆)

အိမ်ခေါင်မိုးကို သက်ကယ်မိုးတော့ ညီညီ့သူငယ်ချင်းများ၊ ကိုကို့သူငယ်ချင်းများနှင့် တရုန်းရုန်း။ အမျိုးသမီးများက အိမ်အောက်မှနေ၍ သက်ကယ်ပျစ်များကို ကမ်းပေးကြသည်။ အမိုးပေါ်မှ ကာလသားများက သက်ကယ်ပျစ်များကို လှမ်းယူပြီး အိမ်ရှေ့ခေါင်းဖျားဘက်မှစ၍ ခေါင်ရင်းဘက်သို့ ခပ်စိပ်စပ် စေ့စေ့စပ်စပ် မိုးလာကြသည်။ ဆံပင်များတွင် သက်ကယ်စ သက်ကယ်မှုန်များက အဖွေးသား။ ကိုကို့ကျောပြောင်ကြီးသည်ကား နေရောင်ချည်အောက်တွင် လက်လက်ထနေသည်။

အမေနှင့် မမနွယ်က ထမင်းချက်သည်။ ဟင်းကတော့ ထုံးစံအတိုင်း ကာလသားချက်ချက်ထားသော ကြက်သားနှင့်ဘူးသီး။ ငါးပိထောင်း။ အိမ်ဖြစ် ငါးပိရည်နှင့် တို့စရာက ကန်စွန်းရွက်ပြုတ်။ အနံ့ကလေးမွှေးလာတော့ မိန်းကလေးများက ဗိုက်ဆာပြီး တခိခိရယ်သည်။ ကိုကို့သူငယ်ချင်း ကိုရင်သာဂိ တစ်ဖြစ်လဲ ကိုနေမျိုးက "မကျက်သေးဘူးလား ကြီးဒေါ်ရေ ဗိုက်ထဲမှာ တယောထိုးနေပြီ " ဟု အော်ပြောတော့ အားလုံးဝိုင်းရယ်ကြသည်။ နေမင်း၏ ပူပြင်းသောအစွမ်းသတ္တိကြောင့် စိမ့်ထွက်လာသော ချွေးစက်အသီးသီးသည် သက်ကယ်မှုန်များ၊ ဖုန်မှုန့်များနှင့်ရောကြူ၍ မည်းညစ်သော ချွေးစက်များအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်ဒေသအသီးသီးတွင် ဧရာဝတီသံလွင်စသော မြစ်ကြောင်းများကဲ့သို့ နှေးတစ်လှည့်မြန်တစ်ခါ စီးဆင်းပြီး အနိမ့်ဆုံးနေရာ၌ စုဆုံပေါင်းစည်းမိကြ၍ ကမ္ဘာမြေကြီး၏ဆွဲအားကို မလွန်ဆန်နိုင်တော့ဘဲ ကြမ်းပြင်ပေါ် သို့ တစ်ပေါက်ပြီးတစ်ပေါက် ခုန်ဆင်းခိုနားကြလေသည်။ နေမင်းကား သူ့လက်ချက်ကို အားရ၍ ပြင်းပြင်းပူ၏။ သို့သော် အချင်းချင်း ချစ်စနိုး,စနောက်၍ တဟားဟား တခစ်ခစ် ရယ်မောနေသော ရွှင်မြူးကြည်သာသည့် ဆယ်ကျော်သက်တို့၏ ရယ်သံများသည် မျက်နှာပြင်အပူချိန် ၅၅၀၀ ဒီဂရီ စင်တီဂရိတ်ရှိသော ကီလိုမီတာ ၁၄၉သန်းက သူရိယနေမင်းကို လှောင်ပြောင်သရော် သကဲ့သို့ ရှိလေသည်။

ညီညီသည် သက်ကယ်မိုးသော မြင်ကွင်းကို ကြည့်၍ ရင်တွင်းမှ ဖိုလှိုက်လာမိသည်။ သူ၏ ရင်တွင်းတွင် သူ၏ သူငယ်ချင်းများကို ချစ်သောစိတ်တို့က အသွေးထဲအသားထဲသို့ နေရာလပ်မရှိ ပျံ့နှံ့ကုန်ဘိသည်။ ထိုမှတစ်ဆင့် သူ၏ရွာကို ချစ်သောစိတ်သည် ဆက်လက်၍ ဖြစ်ပေါ်လာသည်။ ထိုမှတစ်ဆင့် တိုင်းပြည်ကို ချစ်သောစိတ်သည် ဆက်လက်၍ ဖြစ်ပေါ်လာသည်။ အသွေးထဲအသားထဲက ချစ်သောစိတ်ဟူသည်ကား သက်ကယ်မိုးအိမ်၏ အရိပ်ကို တစ်ခါမျှ မခိုနားဖူးသော တိုင်းတစ်ပါးသားတို့ နားမလည်နိုင်သည့် ဗြဟ္မစိုရ်တရား နှင့်ယှဉ်သည့်၊ ကတညုတ တရားနှင့်ယှဉ်သည့် ချစ်နည်းမျိုးဖြစ်သည်။ စင်စစ် ညီညီ ကိုယ်တိုင်ပင်လျှင် သူ၏ အသွေးအသားထဲက ဖြစ်လာသော ချစ်ခြင်းမေတ္တာ သဘောကို ကောင်းမွန်စွာ နားမလည်သေး။ အရွယ်ငယ်သေး သောကြောင့် ဖြစ်သည်။ ခွန်အားရှိသော မေတ္တာသည် အသက်အရွယ်နှင့် မဆိုင်။ ဘယ်အကြောင်းတရားက ချစ်ခြင်းမေတ္တာနှင့် တိုက်ရိုက်သက်ဆိုင်သလဲ ဆိုတာကိုတော့ ညီညီလည်း မပြောတတ်။ စာရေးသူလည်း မပြောတတ်။ ကိုကိုကတော့ ပြောတတ်မည် ထင်သည်။

ဤသို့ပေါ်လာသော ချစ်ခြင်းမျိုးသည်ကား တိမ်မည်းလှိုင်းရိပ်တွေကြား လျှပ်စီးနွယ်လက်ပုံမျိုးနှင့် တူလေသည်။ လျှပ်ပြက်သလို လက်လိုက်သော်လည်း လောကအလုံး ထိန်လင်းသွားအောင် တတ်နိုင်သကဲ့သို့ ညီညီ၏ လျှပ်ကနဲလက်လိုက်သော အချစ်သည်ပင် ညီညီ့ဘ၀၏ မီးရှူးတန်ဆောင်ဖြစ်လောက်အောင် ခွန်အားကောင်းလေသည်။ ဤချစ်ခြင်းမျိုးသည်ကား ဆင်းရဲဒုက္ခရောက်သော်လည်း ချိနဲ့မသွားသော ဒေါင်ဒေါင်မြည် ချစ်ခြင်းမျိုးဖြစ်သည်။ စကြာဝဠာတံတိုင်း အထပ်ထပ်ခြား သော်လည်း ဝေးမသွားသော ချစ်ခြင်းမျိုးဖြစ်သည်။ အလွန်အေးမြသော အအေးပေးစက် တပ်ဆင်ထားသည့် အခန်းထဲသို့ ရောက်သော်လည်း "မာ" မသွားသော ချစ်ခြင်းမျိုးဖြစ်လေသည်။ ဖော့လို အ၀တ်အစားများကို ၀တ်ဆင်နေရသော်လည်း ပျော့မသွားသော ချစ်ခြင်းမျိုးဖြစ်သည်။ ဗာကျူရယ်ဝေါလ်(virtual world) မှာ စကားလုံးများနှင့် တူတူပုန်းတိုင်း ကစားနေသော်လည်း "မေ့လျော့" မသွားနိုင်သော ချစ်ခြင်းမျိုးဖြစ်လေသည်။

အမျိုးကိုချစ်သောစိတ်က ဖေးမသောအခါ နို့ပျဉ်းများကို တလှုပ်လှုပ်ရမ်း၍ အော်ကြီးဟစ်ကျယ် စကားပြောနေသော ရှေးအဘွားကြီးများသည် လည်းကောင်း၊ နေပူပူမှာ ပြာမွဲနေသော ကျောကို ပြောင်ပြောင်ဖော်ပြ၍ တဟားဟား အော်ရယ်နေသော ကာလသားများသည် လည်းကောင်း၊ သနပ်ခါးချွေးကွက်သဖြင့် သမန်းဆီ တက်နေသော ခြေသလုံးတို့ အထင်းသားပေါ်နေသည့် လုံမ တို့သည်လည်းကောင်း ချစ်ဖွယ်မြတ်နိုးဖွယ် ကောင်းနေလေသည်။ ဤမြင်ကွင်းမျိုး ဤချစ်ခြင်းမျိုး တစ်သက်မှာ တစ်ခါရှိခဲ့ဖူးလျှင်ကား မင်းကြီးမဟာဗန္ဓုလဘ၀ ကို ရောက်သော်လည်း မောင်ရစ်ဘ၀ကို မေ့နိုင်တော့မည် မဟုတ်သကဲ့သို့ ခင်ကလျာ မြမြညှာ ဘ၀သို့ ရောက်သော်ငြားလည်း ပူစူးမဘ၀ကို မေ့နိုင်တော့မည် မဟုတ်ပါချေ။ အကြောင်းကြောင်းကြောင့် ပမာဒလေခ၍ မေ့လျော့ခဲ့လျှင်လည်း အကြောင်းတိုက်ဆိုင်တိုင်း ဒိုင်းကနဲသတိရ၍ ယခင်ကရှိခဲ့သည့် ကျေးဇူး ဂုဏ်သိက္ခာတို့ ပြန်လည်ပေါ်ပေါက်နိုင်မည့် ချစ်ခြင်းမျိုး ဖြစ်လေသတည်း။

အဲသည်ညက ကိုကိုက ညီညီ့ကို ကတညုတ ကတဝေဒီ (သူ့ကျေးဇူးကို အထူးသိတတ်ခြင်း) အကြောင်း ဆွေးနွေးပြသည်။ ဆွေးနွေးပြရင်း ဆရာကြီးဦးရွှေအောင်၏ စာပိုဒ်တစ်ပိုဒ်ကို ရွတ်ပြသောအခါ မမနွယ်က ကိုကို့ကို ရှိခိုးသည်။ ကိုကိုက ဆရာကြီးဦးရွှေအောင်ကို ရှိခိုးသည်။ မေမေကလည်း ဆရာကြီးဦးရွှေအောင်ကို ရှိခိုးသည်။ ညီညီကမျက်လုံးအကြောင်သား ကြည့်နေပြီးမှ ကိုကို့ကိုရော မမနွယ်ကိုရော မေမေ့ကိုရော ဆရာကြီးဦးရွှေအောင်ကိုရော ရှိခိုးလေသည်။ ကိုကိုသည် အားလုံးအတွက် သွေးသားအရင်း သဖွယ် ဖြစ်နေမှန်း အားလုံးက ခံစားနားလည် နေကြသည်။ ညီညီသည် ကိုကို့ကို အစ်ကိုအရင်းကဲ့သို့ရော အဖေကဲ့သို့ရော ချစ်ခင်မိလေသည်။ ညီညီ၏ရင်တွင်းတွင် ဆရာကြီး၏ နက်ရှိုင်းသော စကားသံတို့သည် အထပ်ထပ် ရိုက်ခတ်နေဘိ၏။ ပိုမိုမှတ်မိစေရန် နောက်တစ်ခေါက် ထပ်မံရွတ်ပြဖို့ ကိုကို့ကို တောင်းပန်ရပါသည်။

ကိုကို၏ စာရွတ်သော အသံသည် တရားပြသော ကမ္မဋ္ဌာန်းဆရာ၏ အလွန်လေးနက်သော လေးနက်ခြင်းမျိုးဖြင့် ညဥ့်ဦးယံကို ရဲတင်းစွာ ထွင်းဖောက်ကာ ကြည်လင်စွာ ထွက်ပေါ်လာခဲ့သည်။

---"ကျွန်တော်တို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့် အားလျော်စွာ ကျွန်တော်တို့၏ အမျိုးဘာသာ၊ သာသနာအတွက် ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ရာ၌ ဤကတညုတ အမြင်မျိုးသာ အားထုတ်အပ်ပါသည်။

ကျွန်တော်တို့သည် မိမိတို့၏ အမျိုးကို ချစ်ကြ၏။ ကမ္ဘာပေါ်ရှိ အခြားလူမျိုးများကိုလည်း ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍ ချစ်သည်ပင် ဖြစ်ပါ၏။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်သောအခါ ပဋ္ဌာန်းပါဠိတော် ဥပနိဿယ ပစ္စည်းအရ ကျွန်တော်တို့အပေါ်၌ ကျွန်တော်တို့ လူမျိုးက ပို၍ ကျေးဇူးကြီးသည်။ ထို့ကြောင့် အခြားလူမျိုးများ အပေါ်ထက် ကျွန်တော်တို့ လူမျိုးများအပေါ် ကျွန်တော်တို့က ပို၍ကျေးဇူးဆပ်ရ၏။ ဤသို့ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများကလည်း "နရယည" ဟူ၍ဆို၏။ "နရယည" ဟူသည်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့၏ လူမျိုးများ ဟူ၍ ဖြစ်သည်။

ထိုနည်းအတူ ကျွန်တော်တို့သည် မိမိတို့၏ဘာသာကို မြတ်နိုးကြ၏။ ကမ္ဘာပေါ်ရှိ အခြားလူမျိုးတို့၏ ဘာသာများကိုလည်း ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍ မြတ်နိုးသည်ပင် ဖြစ်၏။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်ပါက ကျွန်တော်တို့၏ ဘာသာက အခြားလူမျိုးတို့၏ ဘာသာထက် ကျွန်တော်တို့အပေါ် ပို၍ ကျေးဇူးများ၏။ ထို့ကြောင့် ကျွန်တော်တို့၏ဘာသာအပေါ် ပို၍ ကျေးဇူးဆပ်ရ၏။ ဤသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများက "ဗြဟ္မယည"ဟူ၍ ဆို၏။ "ဗြဟ္မယည"ဟူသည်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့၏ စာပေများဟူ၍ ဖြစ်၏။

အလားတူပင် ကျွန်တော်တို့သည် ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍အခြားလူမျိုးများ၏ ဘာသာ၊သာသနာကို လေးစားသည်ပင် ဖြစ်၏။ သို့ရာတွင် ကတညုတမျက်စိဖြင့် ကြည့်သောအခါ ကျွန်တော်တို့၏ သာသနာ ကျွန်တော်တို့အပေါ် ပို၍ကျေးဇူးများ၏။ ထို့ကြောင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ သာသနာအပေါ် ပို၍ ကျေးဇူးဆပ်ရ၏။ ထိုသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများက "ဒေ၀ယည" ဟူ၍ ဆို၏။ "ဒေ၀ယည"၏ အနက်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော ဘုရားဟူ၍ ဖြစ်၏။

သို့ရာတွင် ကျွန်တော်တို့၏ ဘုရားကား အခြားသူများ၏ဘုရားနှင့်မတူ။ ထို့ကြောင့် ကျွန်တော်တို့၏ သာသနာသည်လည်း အခြားသူများ၏ သာသနာနှင့်မတူချေ။ဤသည်မှာ ကတညုတမျက်စိဖြင့် လောကကို ကြည့်သော အခါ မြင်ရသော အမြင်များ ဖြစ်၏။ ဤအမြင်မျိုးဖြင့်သာ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာကို တိုးတက်သည်ထက် တိုးတက်အောင်၊ သန့်ရှင်းသည်ထက် သန့်ရှင်းအောင် ပြန့်ပွားသည်ထက် ပြန့်ပွားအောင် အားထုတ်အပ်ပါ၏။

အမှန်အားဖြင့် အရေအတွက်ထက် အရည်အချင်းသည် ပြဋ္ဌာန်း၏။ အရေအတွက်သည် "အားသစ်"ကို မဖြစ်ပေါ်စေနိုင်ဘဲ အရည်အချင်းသည်သာ အားသစ်ကို ဖြစ်ပေါ်စေနိုင်၏။ အမှန်အားဖြင့် အရည်အချင်းအားဖြင့် ဖွဲ့စည်းနိုင်ပါမှလည်း ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာသည် တကယ်တမ်း တိုးတက်နိုင်မည် ဖြစ်၏။

ထို့ကြောင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမျိုးဘာသာ သာသနာကို တကယ်တမ်း တိုးတက်စေလိုပါလျှင် လောကကို ကတညုတ(သူ့ကျေးဇူးကို အထူးသိတတ်သော) မျက်စိဖြင့် ကြည့်ပြီး အရေအတွက်အရ ဖွဲ့စည်းမှုနည်းထက် အရည်အချင်းအရ ဖွဲ့စည်းမှု နည်းဖြင့် လုပ်သင့်ပါသည်။ ဤသည်မှာ ဗုဒ္ဓအလိုကျနည်း ဖြစ်ပါ၏။"

မြန်မာပြည် လူဦးရေ၏ တစ်ဝက်မျှ ရှိမည်ဖြစ်သော ကလေးသူငယ် အများစုကဲ့သို့ပင် ညီညီသည်လည်း "အညတရ" ကလေးတစ်ဦးသာ ဖြစ်ပါသည်။ သို့ရာတွင် လောကကို အညတရများက တည်ဆောက်ထားတာကို သတိပြုမိသော ကိုကိုကမူ သူ၏ညီကို ကောင်းမွန်စွာ ပြုစုပျိုးထောင် ပေးလေသည်။ ပြုစုပျိုးထောင်ရာတွင် အညတရအဖြစ်မှ ထင်ရှားကျော်ကြား အောင်မြင်သော ညီတစ်ယောက် ဖြစ်လာအောင် ပြုစုပျိုးထောင်သည့် နည်းမျိုးဖြင့် ပျိုးထောင်ခဲ့သည်ကား မဟုတ်။ အညတရအဖြစ်ဖြင့် လောက၏ ကျေးဇူးကို ဆပ်တတ်ရန်သာ ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်ပါသည်။ အသာစံလိုသော စိတ်ထားမျိုးဖြစ်အောင် ပျိုးထောင်ခဲ့ခြင်းမဟုတ်ဘဲ အနစ်နာခံတတ်သော စိတ်ထားမျိုး မွေးမြူတတ်ရန်သာ ပျိုးထောင်ခဲ့ခြင်း ဖြစ်ပါ၏။

အညတရများက စောင့်ရှောက်ခဲ့၍သာ မိမိတို့၏ အမျိုးဘာသာ သာသနာသည် ဤမျှကြာရှည်တည်တံ့၍ မိမိတို့ကို ကျေးဇူးပြုနေနိုင်ခဲ့သည် မဟုတ်ပါလော။

(အကြောင်းတိုက်ဆိုင်၍ ပြန်လည်ဖော်ပြသည်။ ဖော်ပြခဲ့ဖူးသားဖြစ်ပါသည်။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP