* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 23, 2010

၅။ ဘူရိဒတ်ဇာတ် နိဂုံး

0005052Kph0.jpg

အလမ္ပာယ်ပုဏ္ဏားမြင်လျှင် ရှင်ရသေ့ကို နဂါးက ပေါက်လိုက်သည်ဟု ထင်မှတ်သည်။ နဂါးဆိပ်ကျအောင် ဆေးကုသပေးမည်ဟု ဆိုသည်။ သုဒဿနက “သင့်မြွေသည် ငါ့ကို မကိုက်ဝံ့။ ငါ့လောက် စွမ်းသောမြွေ မရှိ” ဟုဆိုသည်။

အလမ္ပာယ်ပုဏ္ဏားသည် အမျက်ထွက်ကာ သုဒဿနနှင့် အချင်းများသည်။ နောက်ဆုံးတွင် ပညာချင်း ပြိုင်ကြသည်။ အဇမုခီ ဖားမကလေးသည် သုဒဿန ရသေ့၏ ဆံကျစ်ကြားမှ ခုန်ဆင်းပြီးလျှင် အဆိပ်သုံးစက်ကို အန်ချသည်။ ထိုအဆိပ်ငွေ့ ဟပ်မိသဖြင့် အလမ္ပာယ် ပုဏ္ဏားသည် တစ်ကိုယ်လုံး နူသွားသည်။ သူသည် ထိတ်လန့် ကြောက်ရွံ့လှသဖြင့် ဘူရိဒတ်နဂါးမင်းကို လွှတ်ပြီးလျှင် ထွက်ပြေးသွားလေသည်။

ထိုအခါမှ ဘူရိဒတ်၊ သုဒဿနနှင့် အဇမုခီတို့သည် မိမိတို့၏ အဖြစ်မှန်ကို ဖော်ပြကြသည်။ ဗာရာဏသီမင်းကြီးလည်း မိမိ၏ တူတော်များ ဖြစ်ကြောင်း သိရှိရသောအခါ ဝမ်းသာဝမ်းနည်း ဖြစ်လျက် မျက်ရည်ကျရှာသည်။

ဘူရိဒတ်တို့၏ အဘိုးဖြစ်၍၊ ဗာရာဏသီမင်းနှင့် သမုဒ္ဒဇာတို့၏ ခမည်းတော်ဖြစ်သော ဗာရာဏသီမင်းကြီးဟောင်းသည် တောထွက်၍ ရသေ့ပြုနေသည်။ ထို ဗာရာဏသီမင်းကြီးဟောင်းထံ သွားရောက်၍ ကန်တော့ကြရန် အချိန်းအချက် ပြုကြပြီးသော် ဘူရိဒတ်တို့သည် နဂါးပြည်သို့ ပြန်ခဲ့ကြလေသည်။

ဘူရိဒတ် နဂါးမင်း ရောက်လာသောအခါ နဂါးပြည် တစ်ပြည်လုံး ငိုကြွေးကြလေသည်။ ၏ ဘူရိဒတ်သည် အလမ္ပာယ် ပုဏ္ဏား၏ ညှင်းပန်းနှိပ်စက်မှုဒဏ်ကြောင့် လွန်စွာပင်ပန်း နွမ်းနယ်နေသည်။ ထို့ကြောင့် အိပ်ယာထဲတွင် အနားယူလျက် အပန်းဖြေနေသည်။ ညီတော် ကာဏာရိဌ်ကို အစောင့်ထားသည်။

ထိုအချိန်၌ ဟိမဝန္တာတွင် ဘူရိဒတ်ကို ရှာဖွေသော သုဘောဂနဂါးမင်းသည် ကျေးဇူး သစ္စာမဲ့သော နေသာဒပုဏ္ဏားကို တွေ့သဖြင့် ဖမ်းဆီး၍ နဂါးပြည်သို့ ခေါ်လာခဲ့သည်။ ဘူရိဒတ်၏ အိပ်ဆောင်တံခါးဝတွင် စောင့်ရှောက်လျက်ရှိသော ကာဏာရိဌသည် ယခင်ဘဝက ပုဏ္ဏားဖြစ်ခဲ့ဖူးသည်။ နေသာဒကို မြင်လျှင် သုဘောဂအား “ပုဏ္ဏားတို့သည် ဗြဟ္မာမင်း၏ သားဖြစ်သည်။ မညှင်းဆဲအပ်။ ညှင်းဆဲသော် ဗြဟ္မာမင်း အမျက်ထွက်၍ နဂါးပြည်အလုံး ပျက်စီးလတ္တံ့။ ပုဏ္ဏားတို့သည် မြင့်မြတ်၏။ ယဇ်ပူဇော်ခြင်းကို ပြု၏။ ယဇ်ပူဇော်ခြင်းသည် အကျိုးကျေးဇူး ကြီးမားလှသည်” ဟူ၍ ဆိုသည်။ ထိုအခါ ဘူရိဒတ်ကို လာရောက်ဖူးမြော် ကန်တော့ကြသော နဂါး ပရိသတ်သည် ဟုတ်မှန်သည်ဟု ထင်မှတ်ကြသည်။ ယဇ်ပူဇော်မှုဘက်သို့ စိတ်ညွတ်ကြသည်။

ဤတွင် ဘူရိဒတ်နဂါးမင်းသည် အနားယူရာမှ ထွက်လာပြီးလျှင် ကာဏာရိဌ်နှင့် တကွ နဂါးပရိသတ်အား ယဇ်ပူဇော်ခြင်း၏ မှားယွင်းမှုကို ရှင်းလင်းဟောကြားသည်။ အယူမှန်ကို ရစေသည်။ နေသာဒပုဏ္ဏားအားလည်း နဂါးပြည်မှ နှင်ထုတ်စေသည်။

အချိန်းအချက်ပြုသောနေ့တွင် ဘိုးတော် ရသေ့ကြီးကို ပူဇော်ကန်တော့ရန်အတွက် ဘူရိဒတ်နဂါးမင်းက နဂါးအခြံအရံပေါင်းများစွာဖြင့် ဦးဆောင်သွားသည်။ ခမည်းတော်၊ မယ်တော်နှင့် ညီတော်၊ နောင်တော်များလည်း နောက်မှ အတူလိုက်ပါကြသည်။ ဗာရာဏသီပြည့်ရှင် သာဂရ ဗြဟ္မဒတ်မင်းလည်း စစ်အင်္ဂါ ၄-ပါး ခြံရံလျက် ထွက်လာသည်။ နောက်ဆုံးတွင် ဆွေတော်မျိုးတော်တစ်စု ဝမ်းသာကြည်ရွှင်စွာ ပြန်လည် တွေ့ဆုံကြသည်။

ထို့နောက် အားလုံးပင် ရသေ့ကြီးကို ရှိခိုးကာ မိမိတို့ နေရင်းဒေသသို့ ပြန်သွားကြသည်။ သမုဒ္ဒဇာမိဖုရားသည် နဂါးပြည်၌ပင် အနိစ္စရောက်သည်။ ဘူရိဒတ် နဂါးမင်းသည် အသက်ထက်ဆုံး သီတင်းသီလ ဆောက်တည်သည်။ သက်တမ်းစေ့၍ သေလွန်သောအခါ နတ်ပြည်သို့ ရောက်လေ၏။

(ဇာတ်ပေါင်းသော် ဘူရိဒတ်နဂါးမင်းသည် ဂေါတမမြတ်စွာဘုရား၊ ဓတရဌနဂါးမင်းသည် သုဒ္ဓေါဒနမင်းကြီး၊ သမုဒ္ဒဇာမိဖုရားသည် မယ်တော်မာယာ၊ သောမဒတ္တသည် အရှင် အာနန္ဒာ၊ အဇမုခီနဂါးမသည် ဥပ္ပလဝဏ်၊ သုဒဿနသည် အရှင်သာရိပုတ္တရာ၊ သုဘောဂသည် အရှင်မောဂ္ဂလာန်၊ ကာဏာရိဌ်သည် သုနက္ခတ်၊ နေသာဒမုဆိုးသည် ဒေဝဒတ် အသီးသီး ဖြစ်လာကြသည်)
***ဤဘူရိဒတ်ဇာတ်တော်တွင် ဂေါတမဘုရားရှင် သီလပါရမီ၊ ခန္တီပါရမီ၊ အဓိဌာန်ပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်***

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP