* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 23, 2010

*ဥပုသ်စောင့်တတ်မှနတ်ပြည်ရောက်မည်*

ဝါတွင်းကာလ ရောက်လာပြီဆိုတော့ ဥပုသ်သီလ ဆောက်တည်ကြမှာ ဖြစ်ပါတယ်။ ဥပုသ်သီလဆောက်
တည်ကြရာမှာအကုန်လုံးကိုတော့မဆိုလိုပါ။ တချို့သူတွေကတော့ ဇရပ်၊ကျောင်းသွားပြီး အကျိုးရှိရှိရသမျှ အချိန်လေးမှာအသုံးမချဘဲ လူစုံတုန်းမိသားစုအကြောင်းပြောကြ၊ ဟိုရောက်ဒီရောက်ဖြင့်တန်ဖိုးရှိတဲ့အချိန် လေးကိုတရားနှလုံးမသွင်းဘဲ ဖြုန်းတီးမိကြပါတယ်။
သီလကိုကောင်းစွာ စောင့်စည်းခြင်းမရှိဘဲ နွားကျောင်း သားဥပုသ်ကဲ့သို့ နွားကျောင်းသားသည် “ယနေ့ မည်သည်နေရာတွင် နွားများရေသောက်၏။ မနက်ဖြန် မည်သည်နေရာ မြက်စား၍ မည်သည့် နေရာတွင် ရေသောက်လိမ့်မည်” ဟု တွေးတောကြံစည် သကဲ့သို့ “ယနေ့ မည်သည့် စားသောက်ဖွယ်ကို စား၍ မနက်ဖြန် မည်သည့် စားသောက်ဖွယ်ကိုစားသောက် မည်” ဟုအစားအသောက်နှင့် လောကီရေးရာကိုသာ ကြံစည်နေသော ဥပုသ်သည်” မျိုးဖြစ်နေလျှင် မသင့်တော်ပါ။ ဥပုသ်စောင့်ရင်း စားသောက်ကြ၊ ပျော်ရွင်ကြ သည်ကိုဘာသာခြားတို့က မြင်လျှင် များစွာသော ကျွန်တော်တို့မြန်မာလူမျိုးတွေ ဥပုသ်စောင့်ပုံကို “စဉ်းစား ဆင်ခြင်ဥာဏ်မရှိသော လူမျိုး” ဟုအထင်သေး ကြပေလိမ့်ဖြစ်ပါသည်။ ထို့ကြောင့်ဥပုသ်စောင့်ရာတွင် အကျိုးရှိရှိဖြစ်အောင် ဆင်ခြင်စရာလေးဖြစ်အောင် သင်ခန်းစာလေးပေးသော မောင်ဗိုလ်မွေးရေးသားသည့် အနုပညာစာပေဆုရ မြန်မာပုံတိုပတ်စများစာအုပ်မှ “ဥပုသ်စောင့်တတ်မှ နတ်ပြည်ရောက်မည်” ဆိုသောပုံပြင်လေးကို ဖော်ပြလိုက်ပါရစေ။
ပုံပြင်လေးကဒီိလိုပါ...
တာဝတိံသာနတ်ပြည်မှ နတ်သမီးတစ်ပါးသည် လူ့ပြည်ကို နတ်မျက်စိနှင့်ကြည့်ရှု့သောအခါလူ့ပြည်တွင် ၀ါတွင်းဖြစ်၍ လူအများ ဥပုသ်စောင့်သည်ကို တွေ့ရလေ၏။ ထိုအခါ နတ်သမီးသည် သိကြားမင်းအား “အရှင်သိကြားမင်းလူ့ပြည်တွင် လူတို့ဤမျှ ဥပုသ်စောင့်နေကြလျှင် ကုသိုလ်အကျိုးကြောင့်နတ်ပြည်တွင် နေစရာမှရှိပါမည်လော” ဟုလျှောက်လေ၏။ သိကြားမင်းက “ဥပုသ်စောင့်တတ်မှသာ နတ်ပြည်ရောက် မည်။ ဥပုသ်စောင့်သူများထဲက မည်သူ နတ်ပြည်ရောက်မည်ကို သင့်အား လက်တွေ့ပြအံ့” ဟုဆိုကာ သိကြားမင်းသည် မိမိကိုယ်ကို အသက်(၆၀)ကျော် အဖိုးအိုအသွင် ဖန်ဆင်း၍ နတ်သမီးကိုလည်းအသက် (၁၆)နှစ်ခန့် အပျိုလေးပမာ ဖန်ဆင်းစေပြီး လူ့ပြည်သို့ ဆင်းသက်လာကြလေ၏။
လူ့ပြည့်သို့ရောက်သော် ဥပုသ်သည်များ စုဝေးရာ ကျောင်းများ၊ဇရပ်များသို့ စုံတွဲခုတ်၍ သွားကြလေ၏။ ဥပုသ်စောင့်သည်ဆိုပြီး စုဝေး၀ိုင်းဖွဲ့ကာ သူများအတင်း ပြောနေကြသော မိန်းမ၀ိုင်းအနီးသို့ရောက်လျှင် ဥပုသ်သည် မိန်းမများက “သူငယ်ချင်း ညည်းနဲ့အဖိုးကြီး ဘာတော်သလဲ၊ညည်းအဖေလား၊ယောက်ျားလား” ဟုစပ်စပ်စုစု မေးကြလေ၏။ မိန်းမပျို ယောင်ဆောင်ထားသူ နတ်သမီးက“အဖိုးကြီးဟာ ကျွန်မခင်ပွန်းပါရှင်” ဟုဖြေလျှင် ဥပုသ်စောင့်သည့် မိန်းမများက မေးငေါ့ပြီး“ကြည့်စမ်းပါဦးတော်၊ရုပ်ရည်ကလေးသနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီးအဖိုးကြီးကိုမှယူရသလား။ တကယ်ဆိုရင်၇ွယ်တူတန်းတူယူရောပေါ့အေ” ဟုမကြားတကြား ပြောကြလေ၏။
ထို့မှတဆင့် ဥပုသ်သည် ယောက်ျားဝိုင်းအနီးသို့ရောက်လျှင် “မလိုက်လိုက်တဲ့ စုံတွဲကွာ၊ အဖိုးကြီးက ကောင်မလေးကို မုန့်ပေးကြိုက်တယ်ထင်တယ်။ ကောင်မလေးတော့ မုဆိုးမဖြစ်မှာ မကြောက်တော့ဘူး” ဟုမကြားတကြား သရော်ကြလေ၏။
ထို့နောက် မည်သူနှင့်မျှ စကားမပြောဘဲ ရေအိုးစင်အနီး ထိုင်နေသော အဖွားအိုတစ်ဦးထံသို့ ရောက်လျှင် မိန်းမပျိုယောင်ဆောင်နေသော နတ်သမီးက“ အဖွား၊ ဒီရေအိုးစင်မှာ ရေရှိတယ်မဟုတ်လား။ ကျွန်မခင်ပွန်း သည်ရေဆာလို့ပါ” ဟုဆိုလေ၏။ အဖွားအိုက “ရှိပါတယ် သူငယ်မရယ်၊သဘောရှိသောက်ပါ၊ အဖွားကိုယ် တိုင်ပဲကုသိုလ်လိုချင်လို့ ရေလဲထားတာပါ” ဟုပြောပြီးမှ “အော်…မောင်ကြီးကသူငယ်မ ခင်ပွန်းသည်ကို..၊ ဒီလိုပေါ့အေရယ်…၊ရှေးက ရေစက်ဆိုတာ အမျိုးမျိုး ဆုံဆည်းရတာပဲ။ စိတ်ကောင်းကောင်းထားပြီး ဖခင်နှင့် တူသော ခင်ပွန်းရယ်လို့ သဘောထားရတာပဲ။ ရိုရိုသေသေ လုပ်ကိုင်ကျွေးပါ့ကွယ်” ဟုပြောလေ၏။
နတ်ပြည်သို့ပြန်လာသောအခါ သိကြားမင်းက-
“ဥပုသ်စောင့်တဲ့ သူကတော့ များပါရဲ့၊စေတနာကမသန့်ကြဘူး၊ ဒါကြောင့်နောက်ဆုံးတွေ့တဲ့ အဖွားကြီး တစ်ယောက်ပဲ နတ်ပြည်ရောက်နိုင်တယ်လို့ဆိုတာ”
ဟု နတ်သမီးအား မိန့်ကြားလေသတည်း။
နိဂုံးချုပ်အနေဖြင့် ဆရာတော်အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သော
“မိမိစိတ်မှာ၊စင်ကြယ်လာအောင်၊
အင်္ဂါရှစ်တန်၊သီလခံ၍၊
ခြိုးခြံအောင့်အည်း၊တဖြောင့်တည်းဖြင့်၊
စောင့်စည်းအားထုတ်၊တရားကုတ်၊ဥပုသ်စောင့်ဟုမှတ်” ဟူသောဥပုသ်စောင့်ပုံအစီအစဉ်ကို ဖော်ပြတဲ့ လင်္ကာလေးဖြင့် အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP