* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 13, 2010

ကျွန်တော့်အတွက် အမေ ဘာများထားခဲ့ပါလိမ့်။

အပိုင်း (၁)
လွန်ခဲ့တဲ့ ဆယ်နှစ် ဒီအချိန်မှာ အမေဟာ မပြောမဆိုဘဲ ကျွန်တော့်ကို အပြီးနှုတ်ဆက်ပြီး ထွက်သွားခဲ့ပါတယ်။ ကျွန်တော့်ကို သူသွားမယ့်အကြောင်း ပြောလည်းမသွားသလို၊ အရိပ်အငွေ့ လေးတောင်မှ မပြခဲ့ပါဘူး။ ကျွန်တော့်အတွက် ဘာမှ သက်သက်မှတ်မှတ် မှာခဲ့ ပြောခဲ့တာ မျိုးလည်း လုပ်မသွားပါဘူး။ ဘာတစ်ခုမှလည်း ထားမသွားခဲ့ပါဘူး။ ကျွန်တော် သိလိုက်ရတဲ့ အချိန်မှာ အမေ လုံးဝ မရှိခဲ့တော့ပါဘူး။

ဒါပေမယ့် အမေ ကျွန်တော့်အတွက် ထားသွားခဲ့တာတော့ရှိပါတယ်။ အဲဒီ ထားသွားတဲ့အရာကိုတော့ ကျွန်တော်ကလွဲရင် ဘယ်သူ့ မှ မသိကြ၊ သတိမထားမိလိုက်ကြပါဘူး။ ကျွန်တော်ကိုယ်တိုင်တောင်မှ အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးချိန်ရောက်တော့မှ ဒါ ငါ့အတွက် အမေ ထားသွားခဲ့တဲ့ အရာပါလားလို့  နားလည်ခဲ့မိတာပါ။ အမေ ထားခဲ့တဲ့ တစုံတရာဆိုတာကတော့....

--------------------------------------------------------------------------------------------
ကျွန်တော် နှင့် သေခြင်းတရား
(၁)
ကျွန်တော် အဲဒီညက ရာသီဥတုကလည်း ပူ၊ စိတ်ကလည်း ရှုပ် နှင့် တော်တော်လေး ဗျာများနေခဲ့ပါတယ်။ မနက်ဖြန် စာမေးပွဲ စဖြေရမှာမို့  သူငယ်ချင်း သုံးယောက်နှင့် ကျောင်နှင့်နီးတဲ့ အိမ်တစ်လုံးမှာ စုငှားပြီး စာအတူကြည့်နေကြတာပါ။

ည (၁၁) နာရီလောက် ခြံရှေ့ ကို ကားတစ်စင်း ခေါင်း ထိုးဝင်လာပါတယ်။ ကျွန်တော် လှမ်းကြည့်လိုက်တော့ ကျွန်တော့် ယောက္ဖ ကားဖြစ်နေတာနှင့် အိမ်အောက်ဆင်းလာပြီး ခြံတံခါးဆီ လျှောက်လာခဲ့လိုက်ပါတယ်။

ကားပေါ်က ကျွန်တော့် ယောက္ဖ လုပ်တဲ့သူ ဆင်းလာပြီး ခြံတံခါးကိုကိုင်ရင်း မျက်နှာ မကောင်းစွာနှင့်ဘဲ “မင်းအမေ ညနေက ဆုံးသွားပြီ။” လို့  ပြတ်ပြတ်တောင်းတောင်းကြီး ပြောလိုက်တဲ့စကားက ကျွန်တော့်ကို မင်သက်သွားစေပါတယ်။

ဘာဖြစ်သွားတာပါလိမ့်။ ယောက္ဖကတော့ ဒီလိုမျိုးကိစ္စကို နောက်ပြီး ပြောမှာတော့ မဟုတ်ဘူး။ သူ့ မျက်နှာကလည်း တော်တော်ကို ပျက်နေတယ်။ “မင်း အခု အိမ်ပြန်လိုက်ခဲ့ပါ။ ငါတို့  စီစဉ်စရာရှိတာတွေ ဆက်စီစဉ်ရအောင်။”

ကျွန်တော် သူ့ ကို ခြံတံခါးဖွင့်ပေးရင်း အကျိုးအကြောင်း အားလုံးကို မေးရပါတယ်။ အိမ်ပေါ်က သူငယ်ချင်းတွေလည်း အားလုံးဆင်းလာပြီး နာထောင်ကြပါတယ်။

ကျွန်တော့်စိတ်ထဲ အမေဆုံးတာကို ၀မ်းနည်းတာမဖြစ်မိသေးပဲ အံ့သြတဲ့စိတ်က အရင်ဖြစ်နေတာကို သတိထားမိပါတယ်။ ဘာလို့  အမေ ဆုံးသွားတာပါလိမ့်။

(၂)

ကျွန်တော် စာမေးပွဲဖြေဖို့  ငှားထားတဲ့ အိမ်ကို မသွားခင် အမေ့ကို သွားနှုတ်ဆက်တော့ အမေက ကုတင်ပေါ်မှာ လှဲနေတယ်။ သွေးတိုးတက်ပြီး ခေါင်းမူးနေလို့ ။ ဒါက အမေဖြစ်နေကြပါ။ သွေးတိုးတက်ရင် ခေါင်းမူးတယ်။ အဲဒီနေ့ တစ်နေ့ လောက် အိပ်ယာထဲမှာလှဲ၊ ဆေးသောက်ပြီး နားလိုက်ရင် နောက်နေ့ ဆို လူကောင်းပကတိ ပြန်ဖြစ်နေကြ။ ကျွန်တော်တို့ အဖို့  အမေသွေးတိုးတက်တဲ့ကိစ္စက အထူးအဆန်းတော့ မဟုတ်တော့။

နှုတ်ဆက်တယ်ဆိုတာကလည်း အပြင်သွားခါနီးတိုင်း လုပ်ရိုးလုပ်စဉ် နှုတ်ဆက်နေကြအတိုင်း။ ကျွန်တော်က အဆောင်မှာ နေ နေကြ သူဆိုတော့ တစ်အိမ်လုံးအတွက် ကျွန်တော် ညအိပ်ညနေ အပြင်သွားတာ မထူးဆန်းတော့ပါဘူး။ ကြားရက်တွေဆို အဆောင်မှာနေ၊ စနေ တနင်္ဂနွေဆို အိမ်ပြန်၊ ဒါ တက္ကသိုလ်ကျောင်းသားဘ၀တလျှောက် ကျွန်တော် လုပ်နေကြ။ ဘာမှ ထူးထူးဆန်းဆန်း ကိစ္စမဟုတ်။ တခါတလေ ကြားရက်တွေ အဆင်ပြေရင် အိမ်က လူတွေက ကျွန်တော့်အဆောင်လာလည်၊ ဟိုဆိုင် ဒီဆိုင် သွားစား။ ကျွန်တော့် ကို အဆောင်ပြန်ပို့ ပေး။ ပြီးရင် သူတို့ ကအိမ်ပြန်။ ကျွန်တော့်အဖို့  မိသားစုနှင့် ခွဲပြီး နေရတာ ဘာမှ အထူးအဆန်းပြဿနာမဟုတ်တော့ပါဘူး။ ကျင့်သားရနေတဲ့ ကိစ္စတစ်ခုဖြစ်နေပါပြီ။

အခုလည်း အမေ့ကို နှုတ်ဆက်ပြီး ထွက်လာတော့ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးပါဘဲ။ အမေ စာမေးပွဲ ဖြေနေတဲ့ ကြားထဲ အဆင်ပြေရင် ကျွန်တော့်ဆီ ရောက်လာဦးမှာ မဟုတ်လား။ သူကလည်း အဲဒီအတိုင်းပါဘဲ။ ဘာမှ ထွေထွေထူးထူး စကားတွေ ပြောမနေ။ သွားခါနီး နှုတ်ဆက်တော့ ”အေးအေး။ စာမေးပွဲ ကောင်းကောင်းဖြေ။” ဒီလောက်ပါဘဲ။

အိမ်က ထွက်လာပြီး နှစ်ရက်မြောက်တဲ့ ဒီနေ့ ည မှာ အမေဆုံးပြီ လို့ ကြားလိုက်ရတာ ကျွန်တော့်အတွက် ထူးဆန်းအံ့သြစရာ အတိဖြစ်နေတာပေါ့ဗျာ။
(၃)

ကျွန်တော် မွေးလာကတည်းက ကျွန်တော့်ဆွေမျိုးအသိုင်းအ၀ိုင်း နီးနီးစပ်စပ်ထဲမှာ ဆုံးပါးတဲ့ကိစ္စမျိုး မဖြစ်ဖူးခဲ့ဘူးဗျ။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေ သေနေကြပေမယ့်လို့  ကိုယ်နှင့် တိုက်ရိုက်မပတ်သက်တော့ သိပ်ပြီး ဂရုတစိုက် မဖြစ်ခဲ့မိဘူး။ အခု ပထမဆုံးအကြိမ် မိသားစုအသိုင်းအ၀ိုင်းထဲမှ သေတဲ့ အတွေ့ အကြုံ စဖြစ်တာ။ ဖြစ်တော့လည်း ကိုယ့်အမေဖြစ်နေတယ်။

ကျွန်တော်ဟာ အနှစ် နှစ်ဆယ်ကျော် သေခြင်းတရားဆိုတာနှင့် တစိမ်းတွေလို နေလာလိုက်တာ။ အခုမှ သေတာကို စပြီး နဖူးတွေ့ ဒူးတွေ့ ကြုံရတော့ စိတ်ထဲမှာ အူကြောင်ကြောင်ဖြစ်နေခဲ့တယ်။ စိတ်ထဲမှာ မေးခွန်းတွေက တစ်ခုပြီး တစ်ခု ဆက်တိုက် ထွက်လာနေတယ်။ သေတယ်။ အမေသေတယ်။ ဘာလို့ သေတာလဲ။ ဘာလို့ အမေက အရင်သေတာလဲ။ ဘာလို့  သေမယ်ဆိုတာ ကြိုမသိတာလဲ။ ဘာမှ ပြင်ဆင်ချိန်မရဘဲ ဘာလို့ သေတာလဲ။ သူကိုယ်တိုင်လည်း သေမယ်လို့  ထင်မထား၊ ဘယ်သူမှလည်း ထင်မထားဘဲ ဘာလို့  ဗြုံးစားကြီး သေရတာလဲ။ သေသွားတော့ ကျန်ခဲ့တဲ့ ငါတို့ တွေက ဘာတွေ ဆက်လုပ်ရမှာလဲ။ သေသွားတဲ့ အမေကရော ဘာတွေ ဆက်ဖြစ်မှာလဲ။

ကျွန်တော် အိမ်ပြန်လာတဲ့ လမ်းမှာ အတွေးတွေ မေးခွန်းတွေနှင့် ရှုပ်ရှက်ခက်နေပါတယ်။ ဘေးက အဖော်လိုက်လာပေးတဲ့ သူငယ်ချင်းက ကျွန်တော့်ကို ၀မ်းနည်းနေမှာစိုးလို့  အားပေးစကားပြောနေတယ်။ ကျွန်တော်သူ့ ကိုတော့ စကားတစ်ခွန်းပြောဖြစ်လိုက်တယ်။ ”သူငယ်ချင်း၊ ငါ အိမ်ပေါ်တက်လိုက်တဲ့အချိန်မှာ မြင်ရမယ့် မြင်ကွင်းအတွက်ကိုတော့ အားယူရ လိမ့်မယ်ထင်တယ်” လို့ ။

အပိုင်း (၂)
ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော
အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့်
အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊
ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
အဘိဏှသုတ်

(၄)

အမေဆုံးမယ့်နေ့ မနက်ပိုင်းမှာ ရင်ဘက်က တအားအောင့်လာလို့  ဆရာဝန်ပြကြည့်တော့ ဆရာဝန်က နှလုံးဖြစ်တာလို့ ပြောပြီး ဆေးရုံအမြန်တင်ခိုင်းတာနှင့် ရန်ကုန်က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ သွားပြကြတယ်။ အဲဒီဆေးရုံကလည်း နှလုံးနှင့်ပက်သက်တဲ့ ပစ္စည်းကိရိယာက ရန်ကုန်ဆေးရုံကြီးမှာ အစုံဆုံးမို့  အဲဒီသာ သွားပြဖို့ အကြံထပ်ပေးတာနှင့် နောက်ဆုံးဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကို ရောက်သွားခဲ့ကြတယ်။ အဲဒီနောက်တော့ အဲဒီမှာ အမေ့ကို ကြိုးစားကုသနေရင်းနှင့်ဘဲ အမေအသက်ဆုံးပါးသွားခဲ့ရပါတယ်။
ဆေးရုံကို လိုက်သွားကြတဲ့ မောင်နှမတွေပြန်ပြောပြလို့  အမေ့ကို ကုသမှုအပိုင်းမှာ လူနာအပေါ် ၀န်ဆောင်မှုလျော့ယွင်းမှုတွေကြောင့် အမေ မသေသင့်ဘဲသေသွားခဲ့ရကြောင်း ကြားသိခဲ့ရပေမယ့်လည်း ဘယ်တတ်နိုင်မလဲလေ။ သေတဲ့သူလည်း သေသွားခဲ့ပြီဘဲ။ အမေကံကုန်မယ့်နေ့ ရောက်လို့  သေသွားခဲ့ရတာဘဲ။ သူများတွေကို အပြစ်တင်နေလို့ လဲ ဘာမှ ပြန်ပြီး ထူးလာမှာမှ မဟုတ်တော့တာဆိုတော့။ အမေရေ..ကံရှိသလောက်ပဲပေါ့။
(၅)

ကျွန်တော် ကားပေါ်ကဆင်းလို့  အိမ်ပေါ်တက်သွားချိန်မှာ အမေ့ Body ကို ကန့် လန့် ကာတွေနှင့်ကာပြီး လူနှစ်ယောက် ဆေးထိုးနေကြတယ်။
ကျွန်တော်တို့ မြို့ မှာက ရေခဲတိုက်ကောင်းကောင်းမရှိတော့ ဆေးရုံမှာဆုံးတာမဟုတ်ရင် အားလုံး ကိုယ့်အိမ်မှာဘဲ Body ကို ထားကြပါတယ်။ အခု အမေ့ကို ဆေးထိုးရတာက ကျွန်တော့်အကို တစ်ယောက် ခရီးလွန်နေလို့  သူ့  ပြန်အလာကို စောင့်ဖို့ အတွက်ပါ။ အမေ့ခမျာ သူ့ ရဲ့ နောက်ဆုံးအချိန်မှာ သူအရင်းနှီးဆုံး ယောင်္ကျားသုံးဦးလုံး သူ့ အနားမှာ ရှိမနေခဲ့ရှာပါဘူး။ ခင်ပွန်းကလည်း ခရီးလွန်၊ သားနှစ်ယောက်ကလည်း အဝေးရောက်။ အဖေကတော့ ဘယ်လိုမှ အချိန်မှီ ပြန်လာလို့ မရတော့လို့  မစောင့်တော့ဘူး။ အကိုကတော့ သုံးလေးရက်အတွင်း ပြန်ရောက်နိုင်တယ်ဆိုတော့ သူ့ ကို အမေ့ရဲ့ နောက်ဆုံးခရီးမီဖို့ စောင့်ကြဖို့  မောင်နှမတွေ ဆုံးဖြတ်ပြီး အခုလိုစီစဉ်လိုက်ကြတာပါ။

ကျွန်တော် နှင့် အဖေတို့ ဆန္ဒအတိုင်းသာဆိုရင်တော့ (ဘယ်သူ့ ကိုမှလည်း အခုလို စောင့်စရာမလိုခဲ့ရင်) ၂၄ နာရီအတွင်း သဂြိုလ်ဖို့ စီစဉ်ဖြစ်ကြမှာပါ။ အခုတော့လည်း မတတ်နိုင်ဘူးလေ။ အကိုကလည်း သူ့ ကို စောင့်ပါဆိုတော့။ တစ်ခုတော့လည်း ကောင်းပါတယ်။ ရာသီဥတု တအားပူနေတဲ့အချိန်၊ အမေကလည်း ၀တယ်ဆိုတော့ ဆေးထိုးထားတာ ဘာပဲဖြစ်ဖြစ် ကောင်းတယ်လို့  ကျွန်တော်ထင်ပါတယ်။

ဆေးထိုးတဲ့သူတွေပြီးသွားတော့ အမေ့နားကို ကျွန်တော်သွားကြည့်မိတယ်။
သြော်....အမေ တကယ် ဆုံးသွားခဲ့ပြီကိုး......

အမေ မဆုံးခင်အချိန်မှာ နာကျင်မှုကို တော်တော်လေးခံစားသွားခဲ့ရပုံပေါ်တယ်။ မျက်နှာက ပင်ပန်းနွမ်းနယ်မှုအရိပ်တွေ ထင်ကျန်နေခဲ့တယ်။ နောက်ဆုံးအချိန်မှာ ဆေးထိုးထားလို့  အိပ်ပျော်သွားရင်းက တခါတည်း အသက်ပါသွားတယ်လို့ ပြောတယ်။

အမေတစ်ယောက် တစ်ဘ၀ စခန်းသိမ်းသွားခဲ့ပြီပေါ့။
(မပြီးသေးပါ။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP