* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 13, 2010

အနီး - အဝေး, အတွင်း - အပြင် - (၂)

“အနီး - အဝေး, အတွင်း - အပြင်” တွင် အသိအမြင် သုံးမျိုးကို ဖော်ပြခဲ့သည်။ ပထမအဆင့်သည် ဗဟုသုတ အချက်အလက်ကို သိမြင်သော အသိဖြစ်သည်။ ထိုအသိတရားများသည် ပြင်ပလောကရှိ အသိခံ အာရုံများအား သိသောအသိဖြစ်သည်။ သဒ္ဒါအားဖြင့် ကံပိုင်း (Object) ကိုသိသော အသိဖြစ်သည်။ မိမိ၏ ပတ်ဝန်းကျင်ကို စူးစမ်းသော အသိဖြစ်သည်။ သိပ္ပံ, သမိုင်း, ပထ၀ီစသော ဘာသာရပ်များက ထိုပတ်ဝန်းကျင်သိအား အလေးပေးသည်။ သိပ္ပံ, သမိုင်းစသော ဘာသာရပ်များမှ ပေးသော အသိပညာတို့ဖြင့် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုဖြစ်စေရန် အစဉ် အားထုတ်ကြသည်။

ဒုတိယအဆင့်သည် ဗဟုသုတ, အချက်အလက်တို့ကို ကျော်လွန်၍ မိမိကိုယ် မိမိ စူးစမ်းရှာဖွေသော အသိမျိုးဖြစ်သည်။ ပြင်ပလောက ပတ်ဝန်းကျင်ကို ကျော်လွန်၍ “မိမိ” ဟူသော အတွင်း အဇ္ဈတ္တိကလောကကို စူးစမ်းသော အသိဖြစ်သည်။ အတွင်းစိတ် အာရမ္မဏိကကို သိသော အသိဖြစ်သည်။ သဒ္ဒါသဘောအားဖြင့် ကတ္တားပိုင်း (Subject) ကို သိသော အသိဖြစ်သည်။ “ဘ၀တွင် မည်သို့ ကျင့်ကြံ နေထိုင်ရမည်” ဟု လမ်းညွှန်ပေးသော အသိမျိုးဖြစ်၍ နီတိ, ဒဿန, ကိုးကွယ်ယုံကြည်မှု ဘာသာတရားတို့က ဤအသိမျိုးကို ဦးစားပေးသည်။ ထိုအသိတရားတို့ဖြင့် လူကောင်းတစ်ဦး ဖြစ်စေရန် အားထုတ်ကြသည်။

ဗုဒ္ဓဘုရားရှင် လက်ထက်က မိမိတို့၏ လက်ဝတ်ရတနာများအား ခိုးယူသွားသည့် ပြည့်တန်ဆာမအား လိုက်လံရှာဖွေနေကြသော ဘဒ္ဒ၀ဂ္ဂီခေါ် မင်းသားသုံးဆယ်တို့အား “မိန်းမကို ရှာဖွေခြင်းသည် မြတ်သလော, မိမိကိုယ် မိမိရှာဖွေခြင်းသည် မြတ်သလော” ဟု ဘုရားရှင်က မေးခွန်းထုတ်ခဲ့ဖူးသည်။ Soul Searching ခေါ် မိမိကိုယ် မိမိရှာဖွေခြင်း (အတ္တာနံ ဂဝေသနာ) သည် ဘာသာတရား၏ အစခြေလှမ်းဖြစ်၏။ သို့သော် လမ်းဆုံးကား မဟုတ်။ ဗုဒ္ဓ၀ါဒအမြင်အရ “အရာခပ်သိမ်းတို့သည် အတ္တမဟုတ်, ငါ, ငါ့ဥစ္စာ မဟုတ်” ဟူသော အနတ္တ အသိအမြင်ဖြစ်သည်။ အတွင်း-အပြင်နှစ်လောကလုံးအား “ငါ, ငါ့ဟာ” ဟူ၍ စွဲလမ်းခြင်းကင်းသော အမြင်ဖြစ်သည်။ ငါ့ဟာဟု ထင်သော တဏှာ, ငါဟု ထင်သော မာန, ငါ့အတ္တဟု ထင်သော ဒိဋ္ဌိတို့ ကင်းကွာသော အမြင်ဖြစ်သည်။

မိမိကိုယ် မိမိရှာဖွေသည့်အခါတွင် အချို့အချို့သော ဒဿနဆရာတို့သည် မိမိတို့ “ငါ” ဟုထင်ထားသည့် အတ္တ ပျောက်ဆုံးနေသည်ကို သိမြင်ကြသည်။ အထူးသဖြင့် ဖြစ်တည်မှုဝါဒီတို့ဖြစ်ကြသော Camu က “မိမိသည် မိမိအတွက် တစိမ်းတရံစာ” ဖြစ်နေသည်ဟု ဆို၏။ Sartre က အသိစိတ်သည် “ဤသို့ ဤဟာဟု သတ်မှတ်၍ မရ အမြဲအနာဂတ်သို့ ညွှတ်နေသည့် နတ္ထိတရား” အဖြစ်မြင်သည်။ သူတို့အရင်ကျသော Hume ကလည်း အတ္တဆိုသည်ကို ရှာမရ … ပူခြင်း, အေးခြင်း, ချစ်ခြင်း, မုန်းခြင်း စသဖြင့်သော အစဉ်တစိုက်ပြောင်းလဲနေသည့် သိမှုအစုအဝေးသာ ဖြစ်သည်” ဟု မြင်သည်။ ထိုသို့သိမြင်ခြင်းကိုပင် “ဗုဒ္ဓဒေသနာများအား မကြားနာဘူးပါလျှက် မိမိတို့၏ စိန္တာမယအသိဉာဏ်အလျောက် အနတ္တအမြင်ပေါက်သွားကြသည်” ဟု အချို့က အထင်ရောက်ကြသည်။ စင်စစ် ယင်းအသိအမြင်တို့သည်ကား အနတ္တအမြင် အစစ်မဟုတ်သေး။ “ငါ့တွင် ခိုင်မြဲသော အတ္တ မရှိပါတကား။ ငါ့တွင် အားကိုးစရာ အတ္တ မရှိပါတကား” ဟု ယူဆသော ဥစ္ဆေဒဒိဋ္ဌိသာ ဖြစ်သည်။ အတ္တဒိဋ္ဌိကင်းစဉ်သော အသိတရား မဟုတ်သေး။ တဏှာကုန်ရာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်မည့် အသိတရား မဟုတ်သေးပေ။

ပုထုဇဉ်တို့သည် အများအားဖြင့် “ရှိခြင်း” နှင့် “မရှိခြင်း” ဟူသော အစွန်းတခုခုတွင် ငြိတွယ်နေကြသည်။ “ငါသေလွန်က ဆက်ရှိနေမည်။ မနေ့က ငါသည် ဒီနေ့ ငါနှင့် အတူတူပင်ဖြစ်သည်” စသဖြင့် ယူဆခြင်းများသည် “ရှိမှုအစွန်း” သဿတဒိဋ္ဌိ ဖြစ်သည်။ “ငါသေလွန်က မရှိတော့။ မနေ့က ငါသည် ဒီနေ့ ငါမဟုတ်တော့” စသဖြင့် ယူဆခြင်းများသည် “မရှိမှုအစွန်း” ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သည်။ ထိုအစွန်းတရားများတွင် ငြိတွယ်နေခြင်းသည်လည်း အကြောင်းအကျိုးဆက်နွယ်မှုကို မသိမြင်သေး၍ ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်တရားအား မသိမြင်သေး၍ ဖြစ်သည်။ အကြောင်းတရားတို့အားမှီ၍ အကျိုးတရားတို့ ဖြစ်သည်ကို မှန်စွာ သိမြင်ပါက “မရှိတော့, မဖြစ်တော့” ဟူသော ဥစ္ဆေဒအစွန်းကို ပယ်နိုင်သည်။ အကြောင်းတရားတို့ ချုပ်သောအခါ ယင်းအားမှီနေသည့် အကျိုးတရားတို့လည်း ချုပ်ကြရသည်ကို မှန်စွာ သိမြင်သောအခါ “ဆက်ရှိနေသည်, ခိုင်မြဲသည်” ဟူသော သဿတအစွန်းကို ပယ်၏။ အစွန်းတရားနှစ်ပါးလွတ်ကာ အကြောင်းကြောင့် အကျိုးဖြစ်ရသည်ကို သိမြင်သောအခါ အတ္တအမြင်ကင်းစင်၍ မှန်ကန်သော အနတ္တအသိ အမြင်ဖြစ်ပေါ်သည်။ မှန်ကန်သော အနတ္တအသိအမြင်သည်သာ တပ်မက်ခြင်း တဏှာကုန်ရာသို့ ပို့ဆောင်နိုင်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင်ဖြစ်သော ဒုက္ခချုပ်ငြိမ်းမှုကို မျက်မှောက်ပြုစေနိုင်သည်။

ဗဟုသုတအသိများဖြင့် လောက ကောင်းကျိုးကို ဆောင်ရသည်။ အဇ္ဈတ္တအသိတရားတို့ဖြင့် မိမိကိုယ် မိမိ ကောင်းမွန်အောင် တည့်မတ်ရသည် (အတ္တ သမ္မာ ပဏိဓိ)။ ဘ၀ ကောင်းကျိုးကို ဆောင်ရွက်ရသည်။ အကြောင်းအကျိုး, အဖြစ်အပျက်တို့ကို ဘာဝနာပွားများ၍ရသော အနတ္တအသိအမြင်ဖြင့် အတ္တနှင့် လောကမှ လွန်မြောက်ခြင်းဟူသော လောကုတ္တရာအကျိုးကို ဆောင်ရွက်ရသည်။ ဘ၀မှ လွတ်မြောက်အောင် အားထုတ်ရသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP