* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 13, 2010

မြတ်စေတနာ

အိမ်ရှင်တို့ခင်ဗျားး၊ အိမ်ရှင်တို့ ရှိပါသလား၊
ရှိပါတယ် မောင်ရင်၊ ဘာကိစ္စများ ရှိလို့ပါလဲ။
ကျွန်တော့်ကို ၀င်ခွင့်ပြုပါခင်ဗျား။
သြော်-၀င်ခဲ့ပါ မောင်ရင် ၀င်လာခဲ့ပါ။
ကျွန်တော်က ထိုဧည့်သည် လူငယ်အား နေရာထိုင်ခင်းပေး၍ ထိုင်ခိုင်းလိုက်သည်။

ဦးက ဦးလူမောင် ဟုတ်ပါသလား ခင်ဗျား၊
ဟုတ်တယ်ကွဲ့၊ ဦးက ဦးလူမောင်ပဲ။ ဘာများ ဖြစ်လို့လဲ မောင်ရင်။
သည်လိုပါ ဦးရယ်၊ ကျွန်တော်က ရွှေလမင်းရဲ့ မြတ်ဆုကုဋေ ထီဆိုင်ကပါ။ ဦးလူမောင်နာမည်နဲ့ သိန်းငါးဆယ်ဆု ပေါက်လို့ လာအကြောင်းကြားတာပါ။ ပေါက်တဲ့နံပါတ်နဲ့ ဦီးဆီက ထီလက်မှတ် တိုက်ဆိုင်ကြည့်ရအောင် လာခဲ့တာပါဦး။

ကျွန်တော့်မှာ ကဗျာကသီ ထသွားပြီး ဘုရားစင်ပေါ်မှ ထီလက်မှတ်ကို ယူလိုက်သည်။ ပေါက်သည့် နံပါတ်ချင်းတထပ်တည်း တူညီနေသည်ကို အံ့သြတကြီး တွေ့မြင်ရ၍ ထခုန်မတတ် ၀မ်းသာသွားခဲ့ရလေသည်။
လွန်ခဲ့သော ၆-လခန့်ကဖြစ်၏။ ကျွန်တော် အလုပ်ကိစ္စနှင့် ရန်ကုန်မှ ဖြူးမြို့သို့ အမြန်ရထားဖြင့် လိုက်လာခဲ့၏။ ညက ကောင်းကောင်း အိပ်မရခဲ့။ အပြင်မှ လေအေးများ တိုးဝင်နေခြင်းတို့ကြောင့် ထိုင်ခုံကိုမှီပြီး မှေးငိုက်လိုက်ပါလာခဲ့သည်။ အဘယ်မျှ အိမ်ပျော်သွားခဲ့သည်မသိ။ ၀န်းကျင်မှ စကားသံ ဆူညံသံတို့ကြောင့် လန့်နိုးကာ ဘေးဘီကို ကြည့်လိုက်တော့ ရထားရပ်နေကြောင်း သိလိုက်ရသည်။ အပြင်တွင် လယ်ကွင်းများသာ မြင်ရ၍ ဘူတာတော့ မဟုတ်နိုင်။ အနီးရှိ အဒေါ်ကြီးကို စုံစမ်းကြည့်မှ ရထားစက်ခေါင်း ပျက်၍ ရပ်နေကြောင်း သိရသည်။ ရန်ကုန်မှ အခြားစက်ခေါင်း မှာယူပြီး လဲ၍ ဆွဲရမည်ဟု သိရသည်။

ရထားရပ်နေသည့်နေရာက ရှေ့ဘူတာနဲ့လည်း မနီး၊ နောက်ဘူတာနဲ့လည်း ဝေးသည့် လမ်းခုလပ်နေရာဖြစ်၏။ အချိန်က နံနက် ၁၀-နာရီကျော်နေပြီ၊ ဖြူးရောက်မှ ထမင်းစားမည်ဟု စိတ်ကူးခဲ့သည်။ ယခုမူ အခက်တွေ့ပေပြီ၊ ရထားပေါ် လိုက်ရောင်းသည့် ဈေးသည်များလည်း ရောင်းကုန်များ တက်တက်ပြောင်နေပြီ။ ကျွန်တော်သာ အိပ်လိုက်လာ၍ ဘာမျှ ၀ယ်မရလိုက်ခြင်း ဖြစ်သည်။ ရထားထွက်လာနိုင်ရန် နောက်ထပ် သုံးလေးနာရီလောက် ကြာဦးမည်။ ရထားပေါ်ပါ ရဟန်းတော်များမှာ ကျွန်တော့ထက် ပိုဆိုး၏။ ထိုရဟန်းတော်တို့အတွက် ဆွမ်းကိစ္စ တွေးပူမိလာသည်။

သည်လိုပုံနှင့်ဆိုလျှင် ရဟန်းတော်များ နေ့ဆွမ်းလွတ်ကြတော့မည်။ လူပုဂ္ဂိုလ်တို့အတွက် ရှေ့ဘူတာတွင် အချိန်မရွေး ၀ယ်စားနိုင်ကြ၏။ ရဟန်းများမှာ နေမွန်းလွဲလျှင် ဘုဉ်းပေး၍ မရနိုင်ကြ။ ရဟန်းတော်များအား ဆွမ်းကပ်လိုသည့် စိတ်စေတနာများ တဖွားဖွား ပေါ်ပေါက်လာခဲ့မိပါသည်။
ရဟန်းတော်များ နေ့ဆွမ်းကပ်လှူဖို့ဆိုတော့ ကြိုးစားကူညီပြီး ကုသိုလ်ယူရမှာပေါ့။ လယ်ထဲက တဲမှာဆိုတော့ ဖွယ်ဖွယ်ရာရာ မရှိတာက ခက်နေတယ်။

ရပါတယ် ဦးကြီးရယ်၊ ရှိတတ်သမျှနဲ့ သင့်သလိုသာ စီမံပါ။ အချိန်မီ ကပ်လှူနိုင်ဖို့သာ အရေးကြီးတာပါ။ ပြီးစီးအောင်သာ စီမံပါတော့။ ကျွန်တော် ရထားပေါ်က သံဃာများကို ပင့်လာခဲ့ပါမယ်။
တကယ်တော့ ခပ်လှမ်းလှမ်းမှာရှိသော လယ်ထဲက တဲသို့သွားပြီး လယ်ရှင်ဦးကြီး မိသားစုကို ကုန်ကျသမျှကျခံပြီး ဆွမ်းချက်ပေးရန် အကူအညီ တောင်းခဲ့ခြင်းသာ ဖြစ်၏။

ကပ်လှူသော ဆွမ်းပွဲတွင် ပဲနောက်ဟင်းချို ငါးပိရည်နှင့် ငှက်ပျောဖူးပြုတ် တို့စရာ၊ ငါးခုံးမ အခြောက်ကြော် တို့သာ ဖြစ်၏။ သံဃာတော်ငါးပါးမှာ အချိန်မီ ဆွမ်းကပ်ပေးကြသည်ကိုပင် ၀မ်းမြောက်မိကြကာ ပြည့်စုံသည်အထိ ဘုဉ်းပေးတော်မူကြသည်။
အချိုပွဲအဖြစ် ထန်းလျက်၊ ဆွမ်းကိစ္စပြီးသောအခါ ဆွမ်းကပ်လှူသည့်ကျွန်တော်နှင့် လယ်ရှင်မိသားစုကိုပါ ဆွမ်းအကျိုးငါးပါးနှင့် အခက်အခဲကြားမှ အချိန်မီ ကြိုးပမ်းကပ်လှူပေးသည့် အကျိုးက ပို၍ မွန်မြတ်ကြောင်း အကျဉ်းမျှ ဟောကြားကာ ရေစက်ချ အမျှပေးဝေကြသည်။ ဆွမ်းကိစ္စပြီး၍ ရဟန်းတော်များလည်း ရထားဆီသို့ ပြန်လည်ကြွသွားကြလေသည်။

နေ့ခင်း ၂-နာရီခန့်တွင် နေပူကျဲကျဲ၌ ရပ်နေသောရထားပေါ်ပါ ခရီးသည်များ သောက်သုံးနိုင်ရန် ထိုလယ်သမားမိသားစုကပင် ရေသယ်၍ ယူလာကြပြီး ရေလှူဒါန်းကြပါသည်။
အော်-အစုလိုက် အပုံလိုက် မလှူနိုင်ကြပေမယ့် ကိုယ်နိုင်ရာ တတ်စွမ်းသမျှနဲ့ ရေအလှူဒါန ပြုပေးကြတာကိုး၊ သာဓု သာဓု သာဓု။
ညောင်ပင်ကြီးလောက် မလှူနိုင်ငြားလည်း ညောင်စေ့လောက် အလှူဖြင့် တကယ်လိုအပ်နေချိန်မှာ တကူးတက အပင်ပန်းခံ ထမ်းပိုးသယ်ယူပြီး ရေလှူဒါန်းပေးကြသည့် သူတို့ကိုယ်စား ၀မ်းသာကြည်နူး သာဓုခေါ်နေမိခြင်းသာ ဖြစ်ပါသည်။

ကျွန်တော့်မှာ လွန်ခဲ့သည့် ခြောက်လခန့်က ရထားပျက်၍ နေ့ဆွမ်းအခက်ကြုံနေသော ရဟန်းတော်များအား ကိုယ်တတ်စွမ်းသမျှနှင့် ဆွမ်းကပ်လှူပေးနိုင်ရန် စေတနာထားပြီး အကျိုးဆောင်ပေးခဲ့သည်။ ဆွမ်းတနပ်၏ အကျိုးသည် ချက်ချင်းဆိုသလိုပင် အကျိုးပေးမြန်ခဲ့ပုံကို အဖန်ဖန် တွေးမိရင်း ကြည်နူးဝမ်းသာမဆုံး ဖ်ြခဲ့ရပါသည်။
အော်-ငါ အမှတ်မထင် ပြုခဲ့မိတဲ့ ကောင်းမှု စေတနာဟာ နောင်ဘ၀ပင် မရောက်သေး။ အခုဘ၀မှာတင် ချက်ချင်းလက်ငင်း အကျိုးပေးခဲ့တာပါကလား။

တင့်ထူး (ဇေယျာဝတီ)
(မြတ်မင်္ဂလာ ၂၀၀၇-ခု သြဂုတ်လ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP