* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 25, 2010

ကိုရင်လက္ခဏကိုပြန်တွေ့ပြီ အပိုင်း (၁-၂)

(၁)
အော် ဖြစ်မှ ဖြစ်ရလေ ဟုသာ မြည်တမ်းမိတော့သည်။ ကိုရင်လက္ခဏ သို့မဟုတ် ဦးဇင်း ဦးလက္ခဏပျောက် ဆုံးမှုပေပဲ။

၂၀-၅-၂၀၁၀ နေ့တွင် ဗာရာဏသီ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်၏ ကျောင်းတံခါးများ ပိတ်သွားသည်။ သူ့အတွက် ကိုယ်ပိုင်အားလပ်ရက် (၂၀-၀၅-၂၀၁၀ မှ ၁၀-၀၇-၂၀၁၀ အထိ) ရက်ပေါင်း (၅၀) ခန့် ရရှိမည်။ သူနေထိုင်ရာဓမ္မဂင်္ဂါမော်ဒန်တောရလေးတွင် သီတင်းသုံးဖော်မိတ်ဆွေရဟန်းတော်အချို့အတွက် ဖွင့်လှစ်ဖြစ်ခဲ့ သည့် စနစ်သစ်ပါဠိသဒ္ဒါသင်တန်းလေးကိုလည်း မိတ်ဆွေများဖြေဆိုရတော့မည့် မဟာဝိဇ္ဖာတန်း စာမေးပွဲနီးကပ်လာသည့်အတွက် ၂၁-၅-၂၀၁၀ နေ့က ပိတ်လိုက်ရပြီ။ အချိန်တိုအတွင်းမှာပင် အနောက်တိုင်း နည်းစနစ်ဖြင့် ပါဠိသဒ္ဒါချဉ်းကပ်နည်းကို မိတ်ဆွေရဟန်းတော်များ သဘောပေါက်သွားခြင်းသည်ပင် သူပေး ချင်သည့် သတင်းစကား(Message)ဖြစ်သည်။

သူ့ပါရဂူကျမ်းပြုကိစ္စကလည်း အသည်းအသန်မဟုတ်လှချေသေး၊ ၂၀၁၁ ခုနှစ်ကုန်မှ ကျမ်းတင်ခွင့်ရမည်မို့ ဗာရာဏသီလမ်းမများပေါ်တွင် တွေ့ရမြဲဖြစ်သည့် နွားတစ်ကောင်ဆွဲသောဝန်တင်လှည်းတစ်စီးလိုပင် ခပ်အိအိ မောင်းနှင်နေလို့ရသေးသည်။ မည်သို့ဆိုစေ သူ့ကိုယ်ပိုင်အချိန်များကို အသုံးချရန် ဗုဒ္ဓဂယာမြေမြတ် မဟာကတော့ သူ့ကို ကြိုနေပါလေသည်။ အိန္ဒိယနိုင်ငံ ဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ ဖြိုးရေးအဖွဲ့၏ ဗုဒ္ဓဘာသာပညာရေးဗိမာန်တော်ကြီးတွင် အဖွဲ့မှ ပေးအပ်သည့်တာဝန်ကို စွမ်းနိုင်သမျှ ထမ်းရပေလိမ့်မည်။ သို့နှင့် ဗာရာဏသီမှ ဗုဒ္ဓဂယာ သို့ ၂၃-၆-၂၀၁ တွင် ရောက်ရှိလာခဲ့တော့သည်။

ရွှေပြည်ကြီးသို့ ပြန်ကြမည့် ဗာရာဏသီဆေးဝင်္ကဘာမြန်မာကျောင်းနာယက ဆရာတော်ဒေါက်တာ အရှင်မဏ္ဍလနှင့် ပါရဂူဘွဲ့ပူပူနွေးနွေးရရှိထားသည့် ဒေါက်တာအရှင်နေမိန္ဒနှင့် ဒေါက်တာအရှင်သီရိဓမ္မတို့ ငှားရမ်းထားသည့် ကားဖြင့် ခရီးကြုံလိုက်ပါခဲ့ခြင်းဖြစ်သည်။ ပါရဂူဘွဲ့ယူပြီး၍ သို့မဟုတ် စာမေးပွဲပြီး ကျောင်းပိတ်၍ ရွှေပြည်ကြီးသို့ ပြန်ကြလေမည့် ဗာရာဏသီ၊ နာလန္ဒာနှင့် မဂဓတက္ကသိုလ် အသီးသီးမှရဟန်းတော်များက ဗုဒ္ဓဂယာကို စုရပ်အဖြစ် ဦးတိုက်ကြသည်။ ဗုဒ္ဓဂယာမှတစ်ဆင့် ကားတစ်စီးစုပေါင်း ငှါးရမ်းကာ ကိုလ်ကတ္တားမြို့သို့ ဆက်လက်ထွက်ခွာကြမည်။ ဘုရားဖူးရာသီမဟုတ်၍ ဗုဒ္ဓဂယာလေယာဉ် ကွင်းမှာ လေယာဉ်အဆင်းအတက်မရှိတော့။ ကိုလ်ကတ္တားမှ ရွှေပြည်ကြီးသို့သာ တနင်္လာလေ ယာဉ်ခရီးစဉ်ရှိတော့သည်။

ရွှေပြည်ကြီးသို့ ပြန်ကြမည့် နာလန္ဒာနှင့် မဂဓတက္ကသိုလ်မှ ရဟန်းတော်များကို နှုတ်ဆက်စကားဆိုဖြစ်သည်။ မရင်းနှီးသေးသော အဖွဲ့ဝင်ရဟန်းတော်များကိုလည်း မိတ်ဖွဲ့ဖြစ်သည်။ ဤသည်တွင်မှ “ကိုရင်လက္ခဏ သို့မဟုတ် ဦးလက္ခဏ”ပျောက်ဆုံးနေသည့် ရဟန်းတော်လေးတစ်ပါးကို တွေ့ရလေခြင်းဖြစ်ပါသည်။ ထိုရဟန်းတော်လေးပြန်မည့် ဇာတိမြို့ကို မေးမိသည့်အခါ သူရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော မြို့လေးဖြစ်နေသည်။ သို့နှင့် ထိုမြို့လေးတွင် သူကွန်းခိုခဲ့ဖူးသည့် စာသင်တိုက်လေးအကြောင်း ဆက်မေးမိသည့်အခါ ထိုရဟန်းတော် လေး၏ အရင်းအမြစ်မိခင်စာသင်တိုက်ဖြစ်နေခဲ့ပြန်သည်။

“ငါ့ရှင်တို့ရဲ့ကျောင်းမှာ ငယ်ငယ်တုန်းက နေခဲ့ဖူးတယ်” ဟု သူက ပြောဖြစ်တော့ “ အာ ဒါဆို အရှင်ဘုရားက ဦးလက္ခဏပေါ့”တဲ့။ သူပြုံးမိသွားသည်။ သူမေ့နေသော ဘွဲ့အမည်တစ်ခု ။ တိတိကျကျဆိုရသော် လွန်ခဲ့သော ၁၆ နှစ်ခန့်ဆီက ပျောက်ဆုံးသွားခဲ့သော ကိုရင်လေးတစ်ပါး ။ ထိုရဟန်းတော်လေးက ဆက်ပြောသည် “ ဆရာဘုန်းတော်ကြီးကတော့ တပည့်တော်ကို ရှာခိုင်းနေတာ၊ အိန္ဒိယမှာ ရောက်နေတယ်လို့တော့ ကြားတယ်၊ ငါ့တပည့်လက္ခဏရှိတယ်ကွတဲ့။အဖွဲ့ဝင်ရဟန်းတော်စာရင်းမှာ ကြည့်တော့လည်း ဦးလက္ခဏဆိုတာက တစ်ပါးမှ မရှိဘူးဖြစ်နေတယ်၊ အော် ဦးလက္ခဏဆိုတာ အရှင်ဘုရားဖြစ်နေတော့တာကိုး။ တပည့်တော်က အရှင်ဘုရားထွက်သွားမှ အဲဒီစာသင်တိုက်လေးကို ရောက်တာ၊ အရှင်ဘုရားအကြောင်းကိုတော့ တပည့်တော် သိနေတယ်။ ”

တက်ကြွကြည်နူးဖွယ်ရာ ရှေးဟောင်းနှောင်းဖြစ်ကာလများဆီ သူလွမ်းမိသွားသည်။ သူ့အတွက် လှေကားထစ်တစ်ခုဆီ ပို့ပေးလိုက်သော အညာမြို့လေးဆီက ဆရာဘုန်းတော်ကြီး၏ စာသင်တိုက်လေးကို ထဲထဲဝင်ဝင် အမှတ်ရသွားသည်။ မိနစ်ပိုင်းအတွင်းမှာပင် ဘယ်သူဘယ်ဝါတွေ ရှိသေးလား၊ ဘာလုပ် နေကြပါလိမ့်စသောမေးခွန်းများနှင့် လိုက်လျောညီထွေသော ရဟန်းတော်လေး၏ အဖြေများက ထိုမြို့လေး ဆီသို့ သူ့ကို ရောက်အောင်ပို့လိုက်သည်။

သို့သော် ထိုရဟန်းတော်လေးနှင့် စကားတာရှည်ပြောခွင့်မရလိုက်ပါ။ ကိုလ်ကတ္တားသို့ ခရီးဆက်မည့် ကားက ဟွန်းသံပေးနေပြီ။ ရဟန်းတော်လေးနှင့်အတူ ဆရာဘုန်းတော်ကြီးအား လက်ဆောင်ပါးရန် သတင်းစကားတစ်ခု သာ ပေးလိုက်နိုင်ပါသည်။ ရွှေပြည်ကြီးကို ပြန်ရောက်သည်နှင့် ဆရာဘုန်းတော်ကြီးကို ဆက်ဆက် လာရောက် ကန်တော့ပါမည့်အကြောင်း။

(၂)

မန္တလေးတိုင်း မတ္တရာမြို့ရှိ မြို့သစ်စာသင်တိုက်လေးသို့ စာမေးပွဲတဘုန်းဘုန်းကျနေသော အော့ကြောလန် ကိုရင်လေး တစ်ပါးအဖြစ် သူရောက်ရှိသွားခဲ့သည်။ ထိုနှစ်က သူ့အသက် ၁၇ နှစ်ပြည့်ပြီ။ ပထမကြီးတန်းနှစ်ခါ ကျပြီးပြီ။

သူပထမကြီးတန်းရောက်တော့ အသက် ၁၅ နှစ်ပြည့်ရုံမျှသာ ရှိသေးသည်။ ပိဋကတ်စာပေသင်ရိုးညွှန်းတမ်းတွင် ပထမကြီးတန်းသည် ဓမ္မာစရိယတန်း၊ သာသနာ့တက္ကသိုလ်နှင့်၊ ပိဋကတ်သုံးပုံစာမေးပွဲများအတွက် ၀င်ခွင့်အတန်းဖြစ်၍ အရေးကြီးသည်။ ပါဠိပထမပြန်အခြေခံတန်းများ၏ အထက်တန်းအဆင့်စာမေးပွဲလည်း ဖြစ်၍ ပြဌာန်းကျမ်းစာများသလို ခက်ခဲသောမေးခွန်းများကိုလည်း မဆန့်မပြဲဖြေဆိုရသည်။

ထိုကာလများဆီက ကိုရင်ဘ၀ဖြင့် ပထမကြီးတန်းအောင်ခြင်း ပထမကြီးတန်းစာသင်သားဖြစ်ခြင်းဆိုသည်မှာ စကားဝိုင်းတွင် ထည့်ပြောရလောက်သော အကြောင်းအရာတစ်ခုဖြစ်သည်။ သူပထမကြီးတန်း ရောက်သည့် နှစ်က ၀န်းသိုမြို့လေးတွင် အငယ်ဆုံးပထမကြီးတန်း ကိုရင်လေးဖြစ်၍ ဆရာဘုန်းတော်ကြီး၏ မြှောက်စားခြင်းခံရသည်။ ဆရာဘုန်းတော်ကြီး၏ အလွန်အကျွံမြှောက်စားမှုကို ပြန်တွေးကြည့်မိသည့်အခါတိုင်း ပြုံးရသေးသည်။

ကျောင်းထိုင်ဆရာဘုန်းတော်ကြီးအချင်းချင်း တပည့်ပြိုင်သည့်အခါ ၊ဒကာ ဒကာမများနှင့် အလ္လာပစကား ဆိုသည့် အခါ သူ့ကို ပွဲထုတ်လေ့ရှိသည်။ “ ငါ့မောင်ရှင်တို့ ဉာဏ်ကောင်းပုံများ ကိုရင်ချာတူး ဘ၀နဲ့ ပထမကြီးတန်းရောက်နေတာ၊စာဆိုလည်း သူများလို ကျက်နေရတာမျိုးမဟုတ်ဘူး၊ အသံကြားနဲ့ရတဲ့ ကိုရင်” တဲ့။ အဟမ်း အဟမ်း ။ သူမှ မပျက် ဘယ်သူမှ ပျက်ဖွယ်မရှိပြီ။

ဆရာဘုန်းတော်ကြီးက ရိပ်သာကမ္မဋ္ဌာနာစရိယအဖြစ်တရားဓမ္မများသာ ဟောကြားနေပြီမို့ သူ့ကို စာချမပေး တော့ဘဲ ၀န်းသိုမြို့လေး၏ အနောက်ခြမ်းဆီမှာ ရှိသည့် ခန္တီးစာသင်တိုက်နာယက စာချဆရာတော်များထံ သူ့ကို အပ်နှံပေးခဲ့သည်။ သူနေထိုင်ရာ မြို့ရှေ့ရေ၀န်းကျောင်းမှ ခန္တီးစာသင်တိုက်သို့ နေ့စဉ်စာဝါ တက်သွားရသည်။ ဤသည်ပင် သူ့အတွက် လမ်းကြောင်းရွေ့သွားခဲ့သည်။

(၃)
အမှန်တကယ်ပင် ထိုနှစ်က ၀န်းသိုမြို့၊ခန္တီစာသင်တိုက်တွင် ပထမကြီးတန်းဆိုင်ရာစာဝါများကို တက်ကြွစွာ သင်ယူ လိုက်နာခဲ့ပါသည်။ ကိုရင်လေးငယ်ငယ် စာအုပ်ထူထူကိုထမ်း မြို့လေး၏ ဈေးလမ်းမကို ဖြတ်ကာ လျှောက်ခဲ့ရသော ခြေလှမ်းများက သွက်လက်ထက်ရှနေခဲ့ပါလေသည်။ခန္တီးစာသင်တိုက်၏ မဟာနာယက ဆရာတော် အရှင်ဇ၀နထံမှ ယမိုက် ပဋ္ဌာန်းကဲ့သို့သော အဘိဓမ္မာ ကျမ်းစာများ၊ နာယက ဆရာတော်အရှင်သြသဓထံမှ သဒ္ဒါရူပသိဒ္ဓိစာဝါများ၊ ထို့ထက်အလွန် သူ့အားဆွဲ ဆောင်နိုင်ခဲ့သော စာဝါမှာ အရှင်ဇ၀န(မြစေတီ)၏ သုဗောဓာလင်္ကာရ ဟုထင်ရှားသည့် ပါဠိစာပေအလင်္ကာ ကျမ်းပို့ ချချက်ဖြစ်သည်။

အရှင်ဇ၀န(မြစေတီ)က ခန္တီးစာသင်တိုက်မှာ ငယ်စဉ်က ပညာသင်ယူခဲ့ဖူးသူမို့ သီတင်းဝါလကျွတ်သည့် အခါတိုင်း မိခင်စာသင်တိုက်ကို ကျေးဇူးဆပ်သည့်အနေဖြင့် ကျွမ်းကျင်ပိုင်နိုင်သည့် စာတစ်ဝါကို ရန်ကုန်မှ လာရောက်ပို့ချပေးခြင်းဖြစ်သည်။ အရှင်ဇ၀န(မြစေတီ)က မြန်မာစာပေကို အလွန် ချစ်မြတ်နိုးသည့် ရဟန်းစာဆိုပညာရှင်တစ်ဦးဖြစ်သည်။ မြန်မာစာပေ ပျို့ကဗျာလင်္ကာမှန်သမျှကို နှုတ်တက် အာဂုံ စွယ်စုံထိမိစွာ ပွဲကျအောင် ပြောနိုင်စွမ်း ပို့ချနိုင်စွမ်းရှိသည်။

သူတို့အား ပါဠိစာပေ အလင်္ကာ ကျမ်းကို ပို့ချသည့်နှစ်က မာန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀ လင်္ကာသစ် ခက်ဆစ်အဖြေကျမ်းကြီးကို ကြိုးစားပြုစုနေလေသည်။ “ဒီကျမ်းကြီးပြုစုပြီးရင်တော့ တပည့်တော် သေပျော်ပါပြီ” ဟု စာချတိုင်းပြောလေ့ရှိအောင်ပင် ထိုကျမ်းပြုစုရေးအတွက် အားစိုက်ခဲ့သည်။ မဃဒေ၀ လင်္ကာသစ် ကျမ်းတစ်ခုလုံးကို အာဂုံဆောင်ထားသည်ဟု ထင်ရလောက်အောင်လည်း နှုတ်တက်ရွရွ ရွတ် ဆိုနိုင်စွမ်းရှိလေသည်။ (အမှန်တကယ်လည်း ထိုမဃဒေ၀လင်္ကာသစ်ခက်ဆစ်အဖြေကျမ်းကြီး(နှစ်တွဲ)ကို မြန်မာစာပေ လောကအတွက် အမွေထားရစ်ခဲ့နိုင်သော မြစေတီ အရှင်ဇ၀နသည် ကျမ်းစာအုပ်ထုတ်ဝေပြီး မကြာမီမှာပင် ဆန္ဒတော်အတိုင်း သေပျော်ခဲ့သည်ထင်ပါ၏။)

(၄)
အရှင်ဇ၀န(မြစေတီ)၏ စာဝါက ပါဠိစာပေအလင်္ကာဖြစ်၍ ဂါထာ စုဏ္ဏိယ ဗန္ဓအမျိုးမျိုးအကြောင်း သင်ကြားပို့ချသည် ဆိုသော်လည်း မြန်မာစာပေကဗျာအလင်္ကာနှင့် စကားပြေရေးထုံးအသီးသီးကိုပါ သင်ယူရလေသည်။ အနန္တသူရိယ၏ မြက်ဖြေလင်္ကာ၊ စလေဦးပုညနှင့် ကြီးကန်ရှင်ကြီးတို့၏ မေတ္တာစာ၊ တွင်းသင်းမင်းကြီး၏ မုဒုလက္ခဏပျို့၊ မဃဒေ၀ကောက်နှုတ်ချက် ။ရှင်မဟာရဌသာရ၏ နှမလက် လျှော့နေလေတော့၊လယ်တီဆရာတော်ကြီး၏ မိုက်မလင်းနိုင်လို့ သံဝေဂလေးချိုး စသည့် ပုဂံ ပင်းယ အင်းဝ တောင်ငူ ညောင်ရမ်း ကုန်းဘောင် ခေတ်အဆက်ဆက် ဂန္ထ၀င်အချက်အခြာကဗျာအတိုအစ ကောက်နှုတ် ချက်မှန်သမျှကို လေ့လာဆည်းပူးခွင့်ရသလို သခင်ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဇော်ဂျီ၊ မင်းသုဝဏ် စသော ကိုလိုနီခေတ်စာဆိုကြီးများနှင့် ခေတ်စမ်းစာဆိုရှင်တို့၏ စာပေအနုအရွ အလှတရား ကိုလည်း ရှာဖွေခွင့်ပေးခဲ့ပြန်ပါသည်။

ငယ်စဉ်ကပင် စာအုပ်မှန်သမျှကို အဖုံးလေးလောက်လှန်လိုက်ရမှ အမှာစာနှင့် မာတိကာလောက်တော့ မြည်းစမ်းလိုက်ရမှ ကျေနပ်တတ်သော သူ့အတွက် မြန်မာစာပေချစ်စိတ်လေး ခိုင်မာသွားစေခဲ့သည့် အလင်္ကာစာပေပို့ချချက်ကို စိတ်လိုလက်ရဖြစ်စွာ နေ့စဉ် မပျက်ကွက်အောင် သူဆည်းပူးဖြစ်ခဲ့သည်။ မြစေတီအရှင်ကလည်း အလင်္ကာစာသင်သားများကို အဖိတ်နေ့ တိုင်း စာစီစာကုံးတစ်ပုဒ်ရေးခိုင်းသည်။ ဘုန်းတော်ကြီးကျောင်းပညာရေး၏ အားလပ်ရပ်ဖြစ်သည့် ဥပုသ်နေ့တွင် သူတို့ စာစီကုံးရေးကြရသည်။ ဥပုသ်ထွက်သည့်နေ့တွင် ရေးထားသည့် စာစီစာကုံးများကို ပြရသည်။

ရေးထားသည့် စာစီစာကုံး၏ အောက်တွင် မှတ်ချက်လေးတွေကို ဆရာအရှင်က ရေးပေးလေ့ရှိသည်။ အစပထမတွင် သင့်/ကောင်းကဲ့သို့သောမှတ်ချက်လေးမျှသာ ဖြစ်သော်လည်း စာရေးသားမှု အရှိန်လေးရ လာသည့် နောက်ပိုင်းရက်သတ္တပတ်များတွင်မူ “ ပါရမီရှိသောလက်ဖြစ်၍ ဆက်လက်ကြိုးစား စာများများဖတ်” ကဲ့သို့သောမှတ်ချက်လေးများကို မှတ်မှတ်ထင်ထင် ဖတ်လာရသည်။ ထိုမှတ်ချက်လေးများသည်ပင် သူ့နှလုံးသားနှင့် သူ့ညများကို စာပိုးကိုက်စေတော့သည်။

သို့နှင့် ၀န်းသိုမြို့လေး၏ အလင်းရောင်စာပေ နွေဦးစာပေနှင့် အခြားစာအုပ်အငှါးဆိုင်လေးများဆီ သူ ပတ်လည်ဝေ့သီဖြစ်တော့သည်။ မနက်ခင်းတစ်ကြိမ် ညနေတစ်ကြိမ်စာဝါတက်ချိန်အမီ ခန္တီးစာသင်တိုက်သို့ သူထွက်သည်။ လမ်းတွင်တွေ့ရသည့် စာအုပ်အငှါးဆိုင်လေးများသို့ ၀င်ရောက်ကာ စာအုပ်များကို မွှေနှောက် သည်။ စာဝါပြီးသည်နှင့် ကျောင်းသို့ ပြန်လာကာ ငှါးလာသည့် မဂ္ဂဇင်းစာအုပ်များ၊၀တ္ထုစာအုပ်များကို ဆရာဘုန်းတော်ကြီးမသိအောင် ဖတ်သည်။

ပထမကြီးတန်းရောက်သည်နှင့် သူ့အတွက် အခန်းတစ်ခန်းပေးထားသည်မို့ လွတ်လပ်စွာ စာဖတ်ဖို့ အခွင့် အလမ်းပိုရသည်။ ဆရာဘုန်းတော်ကြီးက လစ်ရင်လစ်သလို သူစာကျက်မကျက်စူးစမ်းတတ်သည်မို့ စာကြည့် စားပွဲမှာတော့ သူတက်လက်စ ပြဌာန်းစာအုပ်ထူထူကြီးများသာ ဖွင့်လျက်ရှိနေမည်။ ၀တ္ထုစာအုပ်ကိုတော့ သတင်းစာစက္ကူဖြင့်ဖုံးအုပ်ကာ သူဖတ်မည်။ တစ်ခါတစ်ရံမှာတော့ တရားစာအုပ်ကြားတွင် ညှပ်ကာ သူဖတ်ခဲ့လေသည်။( ငယ်ငယ်တုန်းကပါ၊ )

(နောင်တစ်ချိန်မှာတော့ အကြောင်းသိသွားသည့်ဆရာဘုန်းတော်ကြီးက “မိုက်လိုက်တဲ့ ကိုရင်” ဟု ကရုဏာဒေါသောဖြင့် ဆိုသည်။ အော် ငယ်ဆရာဘုန်းတော်ကြီးက ပိဋကတ်စာပေမှ လွဲ၍ ဘာစာမှ မဖတ်စေလိုသော သာသနာချစ်ဆရာတော်တစ်ပါးပေပဲ။)

ဘာပဲဖြစ်ဖြစ် သူစာမကျက်တော့ပါ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP