သုဝဏ္ဏသာမဇာတ်
တစ်ရံရောအခါ ဗာရာဏသီမြို့ အနီးတွင် တံငါရွာကြီး တစ်ရွာ ရှိ၏။ ထိုရွာတွင် ဒုကူလနှင့် ပါရိကာ အမည်ရှိ ဇနီးမောင်နှံ နှစ်ယောက် ရှိ၏။ သူတို့၏ မိဘများသည် တံငါသည် ဖြစ်ကြသည်။ သို့ရာတွင် သူတို့ မောင်နှံနှစ်ဦးကား တံငါအလုပ်ကို မလုပ်ကြ။
သူတို့နှစ်ဦးသည် အတူနေကြသော်လည်း လင်မယား အဖြစ် မပေါင်းသင်းကြ။ ဗြဟ္မစရိယ အကျင့်ကို ကျင့်ကြသည်။ တစ်နေ့သောအခါတွင် မိဘများအား မိမိတို့မောင်နှံ နှစ်ဦးလုံး ရသေ့ ပြုလုပ်လိုပါသည်ဟု ခွင့်တောင်းကာ ရွာမှ ထွက်ခွာသွားကြသည်။
ဒုကူလနှင့်ပါရကာတို့သည် ဟိမဝန္တာသို့ ရောက်သောအခါ မိဂသမ္မဒါမြစ် အနီးရှိ ကျောင်းသင်္ခမ်းတွင် ရသေ့ဝတ်၍ နေကြသည်။ မေတ္တာ ကမ္မဌာန်းကို စီးဖြန်း ပွားများကြသည်။ သူတို့၏ မေတ္တာအရှိန်ကြောင့် အနီးဝန်းကျင်ရှိ တိရစ္ဆာန် အပေါင်းတို့သည် တစ်ကောင်ကို တစ်ကောင် ရန်မမူကြ၊ မညှင်းဆဲကြ၊ အချင်းချင်း ညီညွတ်လျက် ရှိကြသည်။
တောတွင် နေထိုင်ရာတွင် ပါရိကာ ရသေ့မက သောက်ရေ သုံးရေ ခပ်သည်။ တံမြက်လှည်းသည်။ ထို့နောက် ဒုကူလ ရသေ့နှင့် သစ်သီးရှာထွက်သည်။ ကျောင်းသို့ ပြန်ရောက်သောအခါ သစ်သီးများကို စားကြသည်။ ပြီးလျှင် တရား အားထုတ်ကြသည်။
ထိုသို့ နေထိုင်ကြစဉ် သားရတနာ တစ်ဦး ဖွားမြင်လာသည်။ ထိုသား ရတနာမှာ လင်မယား အဖြစ် ပေါင်းသင်း၍ ရရှိလာသော သားရတနာ မဟုတ်။ သိကြားမင်း၏ တိုက်တွန်း အကြံပေးချက်အရ ဒုကူလက ပါရိကာ၏ ချက်ကို လက်ဖြင့် သုံးသပ်ရာမှာ သန္ဓေတည်ကာ ရရှိလာသော သားရတနာ ဖြစ်သည်။ ရွှေအဆင်းကဲ့သို့ ဝင်းဝါသောကြောင့် သားငယ်ကို ‘သုဝဏ္ဏသာမ’ ဟု အမည်ပေးကြသည်။ သုဝဏ္ဏသျှံ ဟုလည်း ခေါ်ကြသည်။
ပါရိကာ သစ်သီးရှာ သွားသောအခါ ကိန္နရီမတို့က သုဝဏ္ဏသာမကို ထိန်းပေးကြသည်။ မိဘ နှစ်ပါးသည် သုဝဏ္ဏသာမ ၁၆-နှစ်သား အရွယ်ရောက်သည့်တိုင်အောင် သစ်သီးများ ရှာဖွေ ကျွေးမွေးကြသည်။
တစ်နေ့သောအခါ ဒုကူလနှင့် ပါရိကာတို့သည် သစ်သီးရှာရာမှ ပြန်လာရာတွင် ကျောင်းသင်္ခမ်းသို့ မရောက်မီ မိုးကြီး သည်းထန်စွာ ရွာသွန်းသည်။ သို့ဖြင့် သစ်ပင်တစ်ပင် အောက်သို့ ဝင်၍ တောင်ပို့ပေါ်၌ ရပ်ကာ မိုးခိုကြသည်။ ထိုအခါ သူတို့၏ ကိုယ်မှ ချွေးနှင့် ရောသော ရေပေါက်တို့သည် တောင်ပို့တွင်းခေါင်းထဲသို့ ကျလေသည်။ ဤတွင် တွင်းထဲ၌ ရှိသော မြွေဟောက်က မှုတ်ထုတ်လိုက်ရာ နှစ်ယောက်စလုံးပင် မြွေဆိပ်သင့်၍ မျက်စိ ကွယ်သွားရှာလေသည်။
သုဝဏ္ဏသာမသည် မိဘနှစ်ပါး ပြန်ရောက်နေကျအချိန်တွင် မရောက်လာသဖြင့် စိုးရိမ်ပူပန်မိသည်။ မိဘများ လာတတ်သော လမ်းသို့ လိုက်၍ ရှာသည်။ ထိုအခါ သစ်ပင်အောက်တွင် မျက်စိ ကွယ်လျက် ဒုက္ခရောက်နေရှာသော မိဘနှစ်ပါးကို တွေ့ရလေသည်။
ဒုကူလနှင့် ပါရိကာတို့သည် သား၏ အသံကို ကြားသောအခါ “ချစ်သား၊ ဤ အရပ်၌ အန္တရာယ် ရှိသည်။ မလာနှင့်” ဟု လှမ်း၍ ပြောကြသည်။ သုဝဏ္ဏသာမသည် နွယ်ရှည်ရှည် တစ်ခုကို ရှာ၍ လှမ်းပေးပြီးလျှင် မိဘများကို ခေါ်ငင်သည် ။ ထို့နောက် ကျောင်းသင်္ခမ်းသို့ တွဲခေါ်လာလေ၏။
သုဝဏ္ဏသာမသည် မိဘနှစ်ပါး မျက်စိကွယ်သွားသည်ကို တွေ့ရသောအခါ ဝမ်းနည်းလှသဖြင့် ငိုကြွေးရှာသည်။ သို့ရာတွင် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခွင့် ရသောကြောင့် တစ်ဖက်ကလည်း ဖြေသိမ့်နိုင်သည်။ ထိုအခါမှစ၍ မိဘနှစ်ပါးကို ခြေဆုပ်လက်နယ် ပြုခြင်း၊ သစ်သီးရှာဖွေပေးခြင်းဖြင့် လုပ်ကျွေးပြုစုလေသည်။
သုဝဏ္ဏသာမသည် နေ့စဉ် နံနက်စောစော အိပ်ရာမှထသည်။ မိဘနှစ်ပါးကို ရှိခိုး၍ မိဂသမ္မဒါမြစ်သို့ သွားသည်။ သောက်ရေ သုံးရေ ခပ်သည်။ ရေခပ်ပြီးသောအခါ မိဘနှစ်ပါးအား မျက်နှာသစ်ရေနှင့် တံပူပေးသည်။ မျက်နှာသစ်စေသည်။ ထို့နောက် သစ်သီးများ ကျွေးသည်။ မိဘများစားပြီးမှ မိမိစားသည်။
ပြီးလျှင် မိဘနှစ်ပါးကို ရှိခိုး၍ အဖော်သမင်များနှင့်အတူ သစ်သီးရှာ ထွက်သည်။ ကိန္နရာများကလည်း သုဝဏ္ဏသာမကို သစ်သီး ကူရှာပေးကြသည်။
ညနေချမ်းသို့ ရောက်သောအခါ သုဝဏ္ဏသာမသည် သစ်သီးရှာရာမှ ပြန်လာသည်။ ကျောင်းသင်္ခမ်းသို့ ရောက်လျှင် ရေနွေးကျိုသည်။ မိဘနှစ်ပါးကို ရေနွေးဖြင့် ရေချိုးပေးသည်။ ရေချိုးပေးပြီးသော် မိဘများ အချမ်းပြေစေရန် မီးဖိုပေးသည်။ ထို့နောက် သစ်သီးများကို ကျွေးသည်။ မိဘတို့ စားပြီးမှ မိမိစားသည်။ ဤသို့လျှင် နေ့စဉ် ဝတ်မပျက် ပြုစုလေသည်။
ထိုအချိန်တွင် ဗာရာဏသီမင်းဖြစ်သူ ပီဠိယက္ခမင်းကြီးသည် သမင်သားကို လွန်စွာ တပ်မက်သောကြောင့် ဟိမဝန္တာတောသို့ ဝင်လာသည်။ သမင်များကို ပစ်ခတ်ရင်း မိဂသမ္မဒါမြစ်သို့ ရောက်လာသည်။
မင်းကြီးသည် သုဝဏ္ဏသာမ နေ့စဉ် ရေခပ်ဆင်းသော ဆိပ်တွင် သမင်ခြေရာများကို တွေ့သည်။ ဤတွင် သမင်များကို ပစ်ခတ်ရန်အတွက် ပုန်းကွယ် ချောင်းမြောင်းနေသည်။
မကြာမီ သုဝဏ္ဏသာမသည် ရေခပ် ဆင်းလာသည်။ သမင်းအများ ခြံရံလိုက်ပါလာသည်။ မင်းကြီးသည် သုဝဏ္ဏသာမကို မြင်သောအခါ မမြင်စဖူး အလွန်ထူးသောကြောင့် လူသားဟု မထင်။ ထို့ကြောင့် ဖမ်းယူရန် ကြံလေသည်။ သို့ရာတွင် အနားသို့ ကပ်သွားလျှင် ကွယ်ပျောက်သွားမည် စိုးသည်။ ထို့ကြောင့် မပြေးနိုင်အောင် ပြုပြီးမှ ဖမ်းမည်ဟု ကြံ၍ အဆိပ်လူးသောမြားဖြင့် ပစ်လိုက်လေသည်။
မြားသည် သုဝဏ္ဏသာမ၏ ညာဘက်နံပါးမှ ဝင်၍ ဘယ်ဘက်နံပါးကို ဖောက်ထွက်သွားသည်။ သမင်များသည်လေးပစ်သံကြား၍လန့်ပြေး ကြသည်။ သုဝဏ္ဏသာမသည် မြားမှန်သော်လည်း ရေအိုးကို ရုတ်တရက် လွှတ်မချ။ သတိဖြင့် ထိန်းလျက် ရေအိုးကို ဖြည်းညှင်းစွာ ချသည်။ ထို့နောက်မှ မိဘများ ရှိရာဘက်သို့ ခေါင်းပြု၍ သဲသောင်ပြင်၌ လဲလျောင်းနေသည်။
သုဝဏ္ဏသာမသည် မြားဒဏ်ကြောင့် ခံတွင်းမှ သွေးများ အန်လာသည်။ သို့ရာတွင် သတိကို လက်မလွတ်စေဘဲ “ဤ အရပ်၌ ငါ့မှာ ရန်သူလည်း မရှိပါ။ ငါ၏ အမိအဖတို့၌လည်း ရန်သူ မရှိပါ။ ဘယ်သူသည် မြားဖြင့် ငါ့ကို ပစ်သနည်း” ဟူ၍ ဆို၏။ သို့ဆိုရာမှ “ငါ့အသားသည် စားသုံးရသည့် အသား မဟုတ်။ ငါ့အရေသည် အသုံးချ၍ ရသောအရာ မဟုတ်။ သို့ဖြစ်လျက် အဘယ့်ကြောင့် ငါ့ကို သားကောင်ပမာ ပစ်လေသနည်း” ဟု မြည်တမ်းရှာသည်။
ပီဠိယက္ခမင်းကြီးသည် ထိုသို့ မြည်တမ်းသံကို ကြားရသောအခါ အံ့သြသွားသည်။ “ဤသူသည် ငါက မြားဖြင့် ပစ်သော်လည်း မဆဲရေး။ မရေရွတ်။ ချစ်ဖွယ်စကားကိုပင် ဆိုမြည်သေးသည်” ဟု ဆိုကာ အနားသို့ ချဉ်းကပ်သွားသည်။
ထို့နောက် မိမိသည် ပီဠိယက္ခမင်းကြီး ဖြစ်ကြောင်း ပြောပြပြီးနောက် သုဝဏ္ဏသာမအား မေးမြန်းသည်။
“အသင် ဘယ်သူနည်း။ ဘယ်သူ့သားနည်း။ ဘယ်အမျိုး အနွယ်နည်း”
“ကျွန်ုပ်ကား သုဝဏ္ဏသာမ ဖြစ်ပါသည်။ အမိအဖတို့မှာ ဒုကူလနှင့် ပါရိကာတို့ ဖြစ်ပါသည်။ တံငါမျိုးနွယ် ဖြစ်ပါသည်။ ယခု သင်မင်းကြီး၏ မြားဒဏ်ကြောင့် သေရပါတော့မည်။ ကျွန်ုပ်ကို အဘယ့်ကြောင့် မြားဖြင့် ပစ်ရပါသနည်း”
ထိုအခါ မင်းကြီးက လိမ်လည်၍ ပြောလိုက်သည်။
ငါ ပစ်မည့် သမင်းများသည် သင့်ကို မြင်သဖြင့် လန့်ပြေးကုန်ကြသည်။ သို့အတွက် ဒေါသ ဖြစ်သဖြင့် သင့်ကို ငါပစ်သည်”
“ဤတောတွင် ကျွန်ုပ်ကို မြင်၍ လန့်သော တိရစ္ဆာန်ဟူ၍ မရှိပါ။ သမင်များသည် ကျွန်ုပ်နှင့် ပို၍ ယဉ်ပါးသဖြင့် ထိတ်လန့်ခြင်း လုံးဝမရှိကြပါ။ ကျွန်ုပ်ကို မြင်၍ သမင်များ လန့်ပြေးကြသည်ဟု အဘယ်ကြောင့် မင်းကြီး ဆိုပါသနည်း”
ထိုအခါ မင်းကြီးသည် လိမ်လည်မိသည်ကို ဝန်ခံရလေသည်။ ဤသို့ ဝန်ခံပြီးနောက် သုဝဏ္ဏသာမကို မေးမြန်းစုံစမ်းသည်။ သုဝဏ္ဏသာမကလည်း မျက်မမြင် ဒုက္ခိတ မိဘနှစ်ပါးအား မိမိပြုစု စောင့်ရှောက်နေရသည်ကို ပြောပြသည်။ သုဝဏ္ဏသာမသည် မိမိ၏ အနာကို ဂရုမပြုနိုင်။ မိဘနှစ်ပါး အတွက်သာ ပူပန်စိုးရိမ် နေရှာသည်။
“အရှင်မင်းကြီး၊ ကျွန်ုပ်၏ အမိအဖတို့တွင် စားသုံးရန် သစ်သီး ၆-ရက်စာ မျှသာ ရှိပါသည်။ သောက်ရန်ရေကား မရှိပါ။ သောက်ရေကို မရလျှင် မိဘနှစ်ပါးသည် သေကြရှာတော့မည်” ဟူ၍ ပြောဆို ငိုကြွေးရှာသည်။
မင်းကြီးသည် ‘ဤသူကား သူတော်ကောင်းတည်း။ မိဘနှစ်ပါးကို လုပ်ကျွေး ပြုစုနေသူတည်း။ မြားဒဏ်ကို ခံစားနေရသော်လည်း မိမိဝေဒနာကို သတိမထား။ မိဘနှစ်ပါး အတွက်သာ ပူပန်နေရှာသည်။ သည်မျှ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော သူကို ငါ ပြစ်မှားမိလေပြီ’ ဟူ၍ ကြီးစွာ နောင်တရသည်။
သို့ဖြင့် တိုင်းပြည်သို့ မပြန်တော့ဘဲ သုဝဏ္ဏသာမ၏ မိဘများကို သုဝဏ္ဏသာမ ကိုယ်စား လုပ်ကျွေး ပြုစုတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် “အချင်း သုဝဏ္ဏသာမ၊ သင်၏ မိဘနှစ်ပါးနေရာ အရပ်ကိုသာ ပြောပါ။ သင် လုပ်ကျွေး ပြုစုသည့် အတိုင်းပင် ကျွန်ုပ် လုပ်ကျွေးပြုစုပါမည်” ဟု ဆို၏။
ထိုအခါ သုဝဏ္ဏသာမသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ ချက်ချင်းပင် မိဘများ နေရာအရပ်ကို မင်းကြီးအား ပြောပြသည်။ သို့ပြောပြဆဲမှာပင် မြားဆိပ်တက်၍ မေ့မြော သွားရှာသည်။
မင်းကြီးသည် သုဝဏ္ဏသာမကို စမ်းသပ်ကြည့်သည်။ “သုဝဏ္ဏသာမ သေဆုံးပြီတကား” ဟု ဆိုကာ ငိုကြွေးသည်။ ထို့နောက် ဒုကူလနှင့် ပါရိကာတို့ရှိရာ ကျောင်းသင်္ခမ်းသို့ သွားရောက်သည်။ ရောက်ရှိသောအခါ ဒုကူလနှင့် ပါရိကာတို့အား ဖြစ်ပျက်ပုံ အလုံးစုံကို ပြောပြသည်။ မိမိလာရင်း အကြောင်းကိုလည်း ပြောပြသည်။
“အရှင်ရသေ့တို့၊ ယခုမှစ၍ အရှင်တို့အား မိဘနှစ်ပါးအရာထား၍ ကျွန်ုပ် လုပ်ကျွေး ပြုစုပါမည်”
“အရှင်မင်းကြီး၊ ကျွန်ုပ်တို့ကို လုပ်ကျွေး ပြုစုရန် မလိုပါ။ သားကလေး သာမ ရှိရာအရပ်သို့သာ ပို့ဆောင်ပေးပါ။ သားကလေး၏ မျက်နှာကို စမ်း၍ ရင်ထုကာ ငိုကြွေးလိုပါသည်။ သားနောက်သို့ လိုက်၍ သေလိုပါသည်”
မင်းကြီးက အမျိုးမျိုး ဖျောင်းဖျ ပြောဆိုသော်လည်း မရ။ နောက်ဆုံးတွင် မနေသာတော့ဘဲ ရသေ့နှစ်ဦးကို လက်ဆွဲလျက် လိုက်ပို့ရလေသည်။
(သုဝဏ္ဏသာမဇာတ် နိဂုံးအား ဆက်တင်ပါမည်)



0 comments:
Post a Comment