* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 25, 2010

အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါခြင်းမပေါခြင်းနှင့် စပ်လျဉ်း၍…

Q. အရှင်ဘုရား
အချို့ဟာ သီလနဲ့ ပြည့်စုံတဲ့ ရဟန်းတော်များ၊ စိတ်ကောင်းရှိသော လူရိုးလူကောင်းများ ဖြစ်သော်လည်း အဆွေခင်ပွန်း ပါးရှားခြင်း၊ အချို့ဟာ စဉ်းလဲလိမ်လည် ဂုံးတိုက်တတ်သူများ ဖြစ်သော်လည်း အဆွေခင်ပွန်း အခြံအရံ ပေါခြင်းများ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲဘုရား။

သီလသမာဓိနှင့် ပြည့်စုံသော ရဟန်းတော်များပင် လိမ်ညာစွပ်စွဲခံရသောအခါ အခြံအရံ အသိုင်းအဝိုင်း နည်းပါးလျှင် မမှန်စွပ်စွဲမှုဖြစ်ကြောင်း ဖြေရှင်းရမည့် ပတ်ဝန်းကျင်မရှိ၊ ဖြေရှင်းပေးမည့် အဆွေခင်ပွန်းမရှိ ဖြစ်ပြီး မျက်နှာမဖော်နိုင် ဖြစ်ရပါသည်။ ရဟန်းတော်များသည် အခြံအရံ အသိုင်းအဝိုင်းကို မတပ်မက်ရဟု ကြားဖူးပါသည်။ အသိုင်းအဝိုင်း မရှိခြင်းကြောင့် အစော်ကားခံရမှု ဖြစ်လာလျှင် မည်သို့ ပြုအပ်ပါသလဲဘုရား။
Anonymous said...

A. စူဠကမ္မ၀ိဘင်္ဂသုတ်မှာ ပါရှိတဲ့ သုဘလုလင် မေးပြီး ဗုဒ္ဓဖြေဆိုတော်မူတဲ့ အမေးအဖြေတွေထဲမှာ “အရှင်ဘုရား… လောကမှာ အချို့သောသူများဟာ အခြံအရံ မိတ်ဆွေပေါများပြီး အချို့သောသူများဟာ အခြံအရံမိတ်ဆွေ အပေါင်းအသင်း မရှိ ဖြစ်နေကြတာကို တွေရပါတယ်၊ အဲဒါ ဘာကြောင့်ပါလဲဘုရား..”ဆိုတဲ့ သုဘရဲ့အမေးနဲ့ “ချစ်သားသုဘ… လောက၌ အချိုသောသူများသည် မနာလိုမှု ဣဿာမရှိပဲ သူတစ်ပါးအပေါ် ၀မ်းမြောက်ပေးတတ်တဲ့ မုဒိတာ တရားအားကောင်းကြပါတယ်။ အဲဒီသူတွေဟာ ဖြစ်လေရာဘ၀မှာ သုဂတိဘ၀မှာ ဖြစ်ရပြီး လူဖြစ်တဲ့အခါမှာလည်း အခြံအရံမိတ်ဆွေ ပေါများတတ်ပါတယ်။ အချို့ကျတော့ သူတပါးအပေါ် မနာလိုမှု ဣဿာအလွန်များပြားပြီး ၀မ်းမြောက်မှု မုဒိတာတရား ခေါင်းပါးကြပါတယ်။ အဲဒီသူတွေဟာ ဖြစ်လေရာဘ၀မှာ မကောင်းတဲ့ဘုံဘ၀မှာ ဖြစ်ရပြီး ကုသိုလ်တစ်ခုခုကြောင့် လူ့ဘ၀ရလာရင်လည်း အခြံအရံ မိတ်ဆွေအပေါင်းအသင်း ရှားပါတတ်တယ်…” ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဖြေ တစ်ခုရှိပါတယ်။ ဒီအမေးအဖြေအရ အချို့ဟာ ဒီဘ၀မှာ သီလနဲ့ပြည့်စုံပြီး စိတ်ကောင်းရှိပေမယ့် အတိတ်ဘ၀ တစ်ခုခုက လုပ်ခဲ့တဲ့ ကံတွေထဲမှာ မနာလိုမှု ဣဿာ အားကြီးတဲ့ကံကို လုပ်ခဲ့တဲ့အတွက် ဒီဘ၀မှာ အခြံအရံ မိတ်ဆွေမရှိ ဖြစ်နေတာ ဖြစ်နိုင်ပြီး ဒီဘ၀မှာ စဉ်းလဲလိမ်လည် ဂုံးတိုက်တတ်ပေမယ့် အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများတာဟာ အတိတ်ဘ၀တစ်ခုခုက လုပ်ခဲ့တဲ့ ကံတွေမှာ ဣဿာမရှိဘဲ မုဒိတာတရား အားကောင်းတဲ့ကံကို လုပ်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။

ဒီလို အသိုင်းအ၀ိုင်း မရှိတဲ့အတွက်ကြောင့် အစွပ်အစွဲခံရမှုတွေဟာ ခုနပြောခဲ့သလို အတိတ်ရဲ့ ၀ဋ်ကျွေးကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် ၀ဋ်ဆိုရင်တော့ ပေးဆပ်ရမယ့် သဘောရှိပါတယ်။ မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း စွပ်စွဲခံရပါတယ်။ ဒါဟာ ၀ဋ်တစ်ခုနဲ့ လောကဓံကြောင့်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အပေါင်းအသင်း မရှိပေမယ့် တစ်ယောက်တည်း နေတတ်တဲ့ အကျင့်ဖြစ်အောင် ကြိုးစားပြီး ဘယ်သူတွေ ဘယ်လိုပဲ စွပ်စွဲပါစေ ကိုယ့်ကိုယ်ကို ပြန်ပြီး မစွပ်စွဲမိအောင် ကိုယ့်သီလကိုယ်လုံအောင် ထိန်းပြီး နေနိုင်တာဟာ အကောင်းဆုံးပါပဲ။ စွပ်စွဲမှုတွေကို အကျင့်တရားနဲ့ သီခံမှုကို အခြေခံပြီး ကျော်လွှားနိုင်အောင် ကြိုးစားတာဟာ အကောင်းဆုံးပါပဲ။ တစ်ခါတစ်လေ စွပ်စွဲမှုတွေကို ကိုယ့်ရဲ့ အကျင့်သီလနဲ့ပဲ ရပ်တံ့သွားအောင် လုပ်နိုင်ပါတယ်။ စွပ်စွဲတဲ့အတွက် စွပ်စွဲသူတွေကို ပြန်တုံ့ပြန်မယ်ဆိုရင်တော့ သံသရာရှည်ရုံပဲ ရှိမှာဖြစ်ပါတယ်။ အဲဒါဆိုရင် သူစွပ်စွဲကိုယ်စွပ်စွဲနဲ့ စွပ်စွဲမှုတွေက ပြီးမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် အသိုင်းအ၀ိုင်းမရှိတဲ့အတွက် အစော်ကားခံရမှုတွေကိုလည်း ကိုယ့်ရဲ့သီးခံမှု၊ အကျင့်သီလ ကောင်းမွန်မှုတွေနဲ့ အတူ အားလုံးကို ဥပေက္ခာပြုကာ တစ်ယောက်တည်း နေတတ်တဲ့ အကျင့်လေးနဲ့ပဲ ကျော်လွန်းနိုင်အောင် ကြိုးစားသင့်ပါတယ်လို့ အကြံပြုလိုက်ရပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP