ဟယ်မာရ်ယုတ် (၂)
Posted by ဂျေဂျူဝိုင် | Tags: ဟယ်မာရ်ယုတ် (၂) | Categories: ဆောင်းပါး | 2 Comments
ဟယ်မာရ်ယုတ်……….
ကကုသန်ဘုရားရှင် ပွင့်တုန်းက ငါဒူသီမာရ်နတ်ဟာ ဘုရားရှင်နဲ့ ဘုရားရှင်ရဲ့ တပည့်သာဝကတွေကို ဘယ်လို နှိပ်စက်ခဲ့သလဲဆိုတော့ “ရဟန်းတွေကို ငါကိုယ်တိုင် လူကြည်ညိုမဲ့အောင် တရားကောင်းကောင်း အားမထုတ်နိုင်အောင် ကဲ့ရဲ့ဆဲဆိုမယ်ဆိုရင် ငါပဲ အကုသိုလ်ဖြစ်မှာ၊ ငါပဲ ငရဲကျမှာ ဒီတော့ ဒီရဟန်းတွေလည်း ပျက်စီး၊ တခြားလူတွေလည်း ငရဲကျဖြစ်အောင်” ဆိုပြီး
ဆွမ်းခံသွားနေတဲ့ ရဟန်းတွေရဲ့ဘေးမှာ ငါက မိန်းမပျိုအသွင်ယူပြီး အတူလိုက်တယ်။ အရက်ဆိုင်ထဲကို ရဟန်းအသွင်နဲ့ ၀င်တယ်၊ သောက်တယ်၊ သောင်းကြမ်းတယ်၊ ပြည့်တန်ဆာအိမ်ထဲ ၀င်လိုက် ထွက်လိုက်လုပ်တယ်၊ ရဟန်းပုံစံနဲ့ ငါးဖမ်းတယ်၊ ကွန်ချတယ်၊ ငှက်ထောင်တယ်၊ မကောင်းမှုမှန်သမျှတွေမှာ ရဟန်းအသွင်ယူပြီး ငါလုပ်တယ်။ ဒီတော့ လူတွေက
ရဟန်းတွေကလည်း သစ်ခေါင်းကြားထဲမှာ ကြွက်ရှာနေတဲ့ ဇီးကွက်လို၊ ကမ်းစပ်မှာ ငါးသေစောင့်နေတဲ့ မြေခွေးလို သူတော်ကောင်း ယောင်ဆောင်ထားကြတာပဲ၊ တကယ်တော့ ရဟန်းတွေက အယုတ်တမာတွေပဲ ကလိမ်ကကျစ်တွေပဲလို့ မြင်ကြပြီးနောက် “ဆွမ်း မလောင်းကြနဲ့ ဟေ၊ မလှူဒါန်းကြနဲ့ဟေ့” ဆိုပြီး လူတွေ အုံးအုံးကြွက်ကြွက် ဖြစ်သွားကြတယ်။ မလှူဒါန်း မရှိခိုး မကြည်ညိုတဲ့အပြင် ရဟန်းတွေရင် ဆဲဆိုကဲ့ရဲ့ကြတယ်၊ ခဲနဲ့ပေါက်ကြတယ်။ အဲဒီလူတွေ သေလွန်တော့ ငရဲကျကြရတယ်။ အဲဒီမှာ ဘုရားရှင်က ရဟန်းတွေကို
ရဟန်းတို့ ဒူသီမာရ်နတ်ရဲ့ ဖြားယောင်းမှုကြောင့် လူပုဂ္ဂိုလ်အချို့ရဲ့ ကဲ့ရဲ့ ဆဲရေးခြင်းကို သင်တို့ ခံကြရတယ်။ သင်တို့ စိတ်ပျံ့လွင့်အောင် လုပ်တယ်။ သင်တို့ တရားဓမ္မနဲ့ မမွေ့လျှော်နိုင်အောင် လုပ်နေတယ်၊ ရဟန်းတို့ မတုန်လှုပ်ကြပါနဲ့၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာနှင့် ဥပေက္ခာဆိုတဲ့ ဗြဟ္မ၀ိဟာရတရားကို ပွားများနေကြပါလို့ ဘုရားရှင်က ဆုံးမတယ်၊ ရဟန်းတွေ မပျက်စီးတာကို မြင်တော့ တစ်ခါ
ဒူသီမာရန်ဖြစ်တဲ့ ငါဟာ ရဟန်းအသွင်ယူပြီး ကောင်းကင်ခရီးသွားပုံ၊ ကောင်းကင်မှာ ဥတုငွေ့ခံယူပုံ၊ တရားအားထုတ်ပုံ၊ စာပေပို့ချပုံ စတဲ့ ပုံသဏ္ဍန်အမျိုးမျိုးကို ဖန်ဆင်းပြီး ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နေခဲ့တယ်။ လူတွေက ရဟန်းတွေကို ကြည်ညိုကြပြီးနောက် ရဟန်းတွေကို ချီးမွှမ်းကြပြီးနောက် လှူကြ ဒါန်းကြ ပူဇော်ကြတယ်။ အဲဒီပုဂ္ဂိုလ်တွေက သေလွန်တဲ့အခါ နတ်ပြည်ရောက်ကြရပါတယ်။ ကောင်းတဲ့ လောကဓံကြောင့် တုန်လှုပ်ပြီး တရားဓမ္မတွေ ကောင်းကောင်း အားမထုတ်နိုင်အောင် ကြံစည်ပေမယ့် ဘုရားရှင်က တပည့်ရဟန်းတွေကို အသုဘတရားအထပ်ထပ်ပွားပါ၊ အာဟာရမှာလည်း စက်ဆုပ်ဖွယ်အမှတ်ဖြင့်သာ ရှုပါ၊ အရာအားလုံးဟာ ပျက်စီးခြင်းမှာဆုံးတယ်၊ အနိစ္စတရားတွေပါပဲလို့ ရှုမှတ်ဆင်ခြင်နေပါလို့ ဆုံးမတော်မူတဲ့အခါ ရဟန်းတွေက အသုဘကမ္မဋ္ဌာန်း၊ အာဟာရပဋိကူလကမ္မဋ္ဌာန်း၊ သဗ္ဗလောကေ အနဘိရတိကမ္မဋ္ဌာန်းနှင့် အနိစ္စကမ္မဋ္ဌာန်းတွေ ရှုမှတ်နေတော့ မပျက်စီးပါဘူး။ ဒီမှာ ငါရဲ့အကြံဉာဏ်ဟာ မအောင်မြင်ဘူးပေါ့ကွာ။ ဒါနဲ့
ကကုသန်ဘုရားရှင်နဲ့ သူ့ရဲ့သာဝကတွေ ဆွမ်းခံဝင်လာတော့ ငါဟာ လူငယ်တစ်ယောက်ရဲ့ ကိုယ်ထဲ ပူးဝင်ပြီးတော့ ဘုရားရှင်ရဲ့ နောက်က လိုက်လာတဲ့ ၀ိဓုရမထေရ်ရဲ့ ဦးခေါင်းတည့်တည့်ကို ခဲနဲ့ပစ်ပေါက်လိုက်တယ်။ အရှင်ဝိဓုရဟာ သွေးစက်စက်နဲ့ ဘုရားရှင်နောက် ထပ်ကြပ်မကွာလိုက်ပါသွားတယ်။ ဘုရားရှင်က ဆင်မင်းတို့ရဲ့ နောက်ကို လှည့်တဲ့ပုံစံနဲ့ နောက်ကိုလှည့်ပြီးတော့ “ဒူသီဟာ ကိုယ့်အတိုင်းအတာကို ကိုယ်မသိဘူးပဲ” လို့ မိန်တော့တော်မူပါတယ်။ အဲဒီအခါ
ငါ ဒူသီမာရ်နတ်ဟာ ၀သ၀တ္တီနတ်ပြည်ကို ပြန်ရောက်ပြီး စုတိကျပါတော့တယ်။ (နတ်တွေက စုတိကျတော့မယ်ဆိုရင် ကိုယ်သက်ဆိုင်ရာ ဘုံကို သွားပြီး စုတိကျရတယ်လို့ ဆိုပါတယ်၊ လူတွေလို စင်္ကာပူဆေးရုံသွား၊ မလေးရှားဆေးရုံသွားရင်း သေသွားတယ်လို့ လုပ်လို့ မရဘူးတဲ့) အဲဒီ ငါကျခဲ့တဲ့ ဆဖဿာယတနခေါ် သင်္ကုသမာဟတခေါ် ပစ္စတ္တဝေဒနိယငရဲမှာ ငါ့ခြေဖျားကနေ အသားတွေ အရိုးတွေကို စိစိညက်ကြေအောင် ထိုးတက်လာတဲ့ ငရဲထိန်းတွေနဲ့ ခေါင်းကနေ အောက်ကို အသားတွေ အရိုးတွေ စိစိညက်ကြေအောင် ထိုးဆင်းလာတဲ့ ငရဲထိန်းတို့ နှလုံးမှာ တစ်ခါဆုံရင် ငရဲကျနေတာဟာ နှစ်တစ်ထောင်ကြာပြီလို့ မှတ်ယူရပါတယ်။ အဲဒီလို နှစ်တစ်ထောင်ပေါင်း မရေမတွက်နိုင်အောင် ခံရပြီးတဲ့နောက် အဲဒီ ငရဲရဲ့ အရံငရဲ ဖြစ်တဲ့ ဥဿာဒငရဲမှာ နှစ်တစ်သောင်းခံရပြန်ပါတယ်။ ဥဿာဒငရဲကတော့ ငရဲကြီးထက် နှိပ်စက်တာ ပိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွတ်ရက်နီးပြီမို့ပါ။ ပြီးမှ အဲဒီငရဲက လွတ်လာခဲ့ရတယ်။ ဟယ် ငါ့ရဲ့ တူတော်တဲ့ မာရ်ယုတ် တကယ်တော့
ဘုရားရှင်ကို ဖြစ်ဖြစ် ဘုရားရှင်ရဲ့ တပည့်သာဝကတွေကို ဖြစ်ဖြစ် နှိပ်စက်ရင် အဲဒီလို သံတံကျင်လျှိုခံရတဲ့ ငရဲကို ကျမြဲပါပဲ။ သံတံကျင်လျှိုငရဲကျတဲ့ အခါ ဦးခေါင်းနဲ့ကိုယ်ဟာ သံတံကျင်လျှိုဖို့ လွယ်အောင် သဘာဝက ငါးသဏ္ဍာန်ဖန်တီးပေးတယ်။ ငရဲထိန်းမရှိရင်လည်း အဲဒီငရဲကို သင်ခံစားရပါလိ့မ်မယ်။ သင်ဟာ ဘုရားရှင် သီတင်းသုံးတဲ့ ပုဗ္ဗာရုံကျောင်းကိုလည်း ခြေမနဲ့ ညှပ်ပြီး လှုပ်ခါခဲ့တယ်၊ ဘုရားရှင်ရဲ့ တကာတော်ဖြစ်တဲ့ သိကြားမင်းရဲ့ ဝေဇယန္တာကိုလည်း လှုပ်ခါခဲ့တယ်။ ဒီ မကောင်းမှုရဲ့ အကျိုးကို သင်မလွဲမသွေခံရမယ်။ ဟယ် မာရ်ယုတ်
ဘုရားရှင်နဲ့ ဘုရားရှင်ရဲ့ တပည့်ရဟန်းသံဃာတွေကြောင့်သာ သတ္တ၀ါတို့ ကံ ကံရဲ့ အကျိုးကို သိခဲ့ရတယ်၊ သတ္တ၀ါတို့ ဒါဟာ ကုသိုလ်၊ ဒါဟာ အကုသိုလ်လို့ သိခဲ့ရတယ်၊ ငရဲသို့လားရာ နတ်ရွာနိဗ္ဗာန်သို့ တက်ရာကို ကွဲကွဲပြားပြားသိခဲ့တယ်။ ပြဿနာပုစ္ဆာတော်တော်များများရဲ့ အဖြေကိုလည်း သိနိုင်ခဲ့ကြတယ်။ ဒါဟာ အနိစ္စ၊ ဒါဟာ ဒုက္ခ၊ ဒါဟာ အနတ္တလို့ ဘုရားရှင်နဲ့ ဘုရားရှင်ရဲ့ တပည့်သာဝကဖြစ်တဲ့ ရဟန်းတွေကြောင့်သာ သိခဲ့ရတယ်။ ဟယ်မာရ်ယုတ်
အဲဒီလို ဘုရားရှင်နဲ့ ဘုရားရှင်ရဲ့ တပည့်ရဟန်းတွေကို နှိပ်စက်ခဲ့တဲ့ သင်ဟာ ဒီမကောင်းကျိုး ငါ့ကို လုံးဝမပေးနိုင်ဘူးလို့ မထင်လေနဲ့၊ မီးတွေဟာ လူမိုက်ကိုပဲ လောင်ကျွမ်းမယ်ဆိုပြီး လောင်နေတာ မဟုတ်ဘူး။ လူမိုက်တွေကသာ မီးထဲကို တိုးဝင်ခုံဆင်းခဲ့တာဖြစ်ပါတယ်၊ မကောင်းမှုဆိုတာ မကောင်းမှုပြုသူအတွက် ပျားရည်လိုချိုပြီး တဖြည်းဖြည်းများပြားစေတတ်တယ်။ သင် ဆင်းရဲဒုက္ခကို မလွဲမသွေ ကြုံရပါလိမ့်မယ်။ အဲဒီလို
ဆုံးမလည်းပြီးရော မာရ်နတ်ဟာ သူ့ပြည်ကို ပြန်သွားတယ်။ တရားရလို့ မဟုတ်ပါဘူး။ နားခါးလို့။

0 comments:
Post a Comment