* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 11, 2010

ခုဇၨဳတၱရာ

ဥတေနမင်း၏ မိဖုရား သာမာဝတီတွင် ကျွန်မတယောက် ရှိသည်။ ခုဇ္ဇုတ္တရာ အမည်တွင်၏။ အမည်ရင်းမှာ ဥတ္တရာ ဖြစ်သည်။ ခါးကုန်းနေသောကြောင့် ခုဇ္ဇုတ္တရာ-ဟု ခေါ်ကြခြင်း ဖြစ်သည်။ ခုဇ္ဇာသည် "ကုန်းသော"-ဟူ၍ အနက်ရသည်။
ရှေးဘ၀ဟောင်းတခုတုန်းက သူမသည် အတန်ငယ် ခါးကုန်းသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးကို ကွယ်ရာတွင် လှောင်ပြောင်ခဲ့သည်။ ထို့ကြောင့် ယခုဘ၀တွင် ခါးကုန်းနေရခြင်း ဖြစ်သည်။ ထို့ပြင် ထိုဘ၀၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များအား နို့ဃနာပူပူကို လှူရာတွင် သပိတ်များပူနေသဖြင့် အရှင်မြတ်များ အကိုင်ရခက်ခဲ့သည်။ ထိုအခါ သူမ၏ ဆင်စွယ်လက်ကောက်ရှစ်ကွင်းကို သပိတ်အောက်ခြေအဖြစ် ပေးလှူခဲ့သည်။ ထိုကောင်းမှုကြောင့် ယခုဘ၀တွင် အကြားအမြင်များသည်။ ဉာဏ်ပညာ ကြီးမားသည်။ တဖန် သူဌေးသမီးဘ၀တွင်လည်း ကဿပဘုရားရှင်၏ တပည့်ရဟန္တာအရှင်တပါး မိမိထံ ကြွလာခိုက်တွင် ပခြုပ်တောင်းကိုယူပေးရန် စေခိုင်းမိခဲ့ဖူးသည်။ ထိုအကျိုးဆက်ကြောင့် ယခုဘ၀တွင် သူတပါးတို့၏ အခိုင်းအစေကို ခံနေရလေသည်။

ဥတေနမင်းသည် သာမာဝတီအတွက် နေ့စဉ် ပန်းဖိုးရှစ်ကျပ်ပေးသည်။ ခုဇ္ဇုတ္တရာသည် ထိုငွေဖြင့် ပန်းဝယ်၍ ဆက်ရသည်။ တနံနက်တွင် ခုဇ္ဇုတ္တရာသည် ပန်းဝယ်ရန် ပန်းသည် သုမနထံသို့ သွားသည်။ သုမနသည် ဘုရားအမှူးပြုသော သံဃာတော်များကို ဆွမ်းဆက်ကပ်နေသဖြင့် ပန်းမရောင်းနိုင်ပေ။ ခုဇ္ဇုတ္တရာကို ခေတ္တစောင့်ဆိုင်းစေသည်။ ထိုမျှမက ဆွမ်းကပ်ရာတွင် ကူညီပါရန် သုမနက ပန်ကြားသည်။ ခုဇ္ဇုတ္တရာလည်း ဆွမ်းကပ်ရာတွင် ကူညီသည်။ ထို့နောက် ဘုရားရှင်၏ ဆွမ်းအနုမောဒနာ တရားတော်ကို ကြားနာရသည်တွင် တရားထူးရ၍ သောတာပန်အဆင့်သို့ ရောက်သွားလေသည်။

ခုဇ္ဇုတ္တရာသည် ယခင်နေ့များကဆိုလျှင် ပန်းဖိုး ရှစ်ကျပ်အနက် လေးကျပ်ကို မိမိအတွက် ယူထားသည်။ ကျန်လေးကျပ်ဖြင့်သာ ပန်းဝယ်လေ့ရှိသည်။ ထိုနေ့တွင်ကား ငွေအားလုံးဖြင့် ပန်းများ ၀ယ်သွားသည်။ ပန်းများ အများအပြား ရရှိသည်။ သာမာဝတီသည် ခါးတိုင်းထက် နှစ်ဆများနေသော ပန်းများကို မြင်သဖြင့် မိခင်-မင်းကြီးက ယနေ့ ပန်းဖိုးနှစ်ဆ ပေးပါသလား-ဟု မေး၏။

ခုဇ္ဇုတ္တရာလည်း အဖြစ်မှန်ကို ပြောပြ၏။ သာမာဝတီသည် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ မိခင်၊ နာယူခဲ့သောတရားကို သမီးတို့အား ပြန်လည်ဟောပြပါလော့-ဟု ပန်ကြား၏။ ထို့နောက် ခုဇ္ဇုတ္တရာကို နံ့သာရည်တို့ဖြင့် ရေချိုးပေးသည်။ အ၀တ်သစ်များကိုပေး၍ ၀တ်ဆင်စေသည်။ တရားဟောစေသည်။

ခုဇ္ဇုတ္တရာလည်း သာမာဝတီနှင့်တကွ နန်းတွင်းသူ ငါးရာတို့အား ဘုရားရှင်ဟောတော်မူသည့်အတိုင်း ပြန်လည်ဟောကြားသည်။ တရားအဆုံး၌ သာမာဝတီနှင့်တကွ နန်းတွင်းသူ ငါးရာလုံးပင် တရားထူးရသွားကြ သည်။ သောတာပန်အဆင့်သို့ ရောက်သွားကြသည်။ နန်းတွင်းသူ အားလုံးက ခုဇ္ဇုတ္တရာအား ရှိခိုးကြသည်။
မိခင်၊ ယနေ့မှစ၍ ပင်ပန်းသောအလုပ်များကို မလုပ်ပါနဲ့တော့။ ကျွန်မတို့၏ အမိအရာ ဆရာအရာမှာ နေပါလော့။ ဘုရားရှင်ထံတော်သို့သာ သွားပါ။ ဘုရားရှင်ဟောကြားသော တရားတို့ကို သေချာစွာ နာယူပြီးလျှင် ကျွန်မတို့အား တဆင့်ဟောပြပါလော့-ဟု တောင်းပန်ကြ၏။

သူတို့တောင်းပန်သည့်အတိုင်း ခုဇ္ဇုတ္တရာလည်း ပြု၏။ အချိန်ကြာသော် ဘုရားဟောသော တရားတော် အားလုံးကို နှုတ်ငုံဆောင်နိုင်လာသည်။ ဘုရားရှင်လည်း ချီးကျူးကာ ခုဇ္ဇုတ္တရာကို အထူးမြတ်ဆုံးသော အမျိုးသမီး ဓမ္မကထိကအဖြစ်ဖြင့် ဧတဒဂ်အရာ ထားတော်မူလေသည်။
(အပ္ပမာဒ၀ဂ်-သာမာဝတီဝတ္ထု)

မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၇-ခု သြဂုတ်လ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP