* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 11, 2010

ဘ၀ျပန္ခ်ီ (၂)

Monday, 10 May 2010 16:28 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Dhamma_barisayadawအဲ… တစ်ခုပဲရှိပါတယ်။ “လောကဓမ္မ”ဆိုတဲ့တိုင်း လောကထဲရောက် လာသူမှန်သမျှ မလွဲမသွေ ကြုံတွေ့ရမြဲဆိုတဲ့ အသိတရား ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး အလိုက်သင့် ကပြကြမလား။ လောကဓံနဲ့ ဆန့်ကျင်ဘက် ပြိုင်ဘက်အဖြစ် ကိုယ့်လောဘ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး မရရအောင် ၊ မဖြစ် ဖြစ်အောင် ဇွတ်အတင်း ကြံဖန် လှုပ်ရှားကြ ကပြကြမ လား။ ဒါပဲ ခြားနားပါတယ်။ မ ‘က’ ပဲတော့ နေခွင့်မရှိကြပါဘူး။ နေလည်း မနေကြပါဘူး။

မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာသဘောတရား အရကတော့ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး လောကဓမ္မ အခွင့်အလှည့်အရ ရရှိခွင့် မပေးတာကို မရရအောင်ယူဖို့ ကြိုးစားတာ၊ မရရင် မကျေမနပ် ပေါက်ကွဲတာ၊ ပေါက်ကွဲပြီး ထင်ရာစိုင်းတာဆိုတဲ့ အပြုအမူ(ကကွက်) တွေဟာ “အယောနိသော မနသိကာရ မသင့်မလျော်တဲ့ နှလုံးသွင်းသဘော ထား” ဦးဆောင်ပြု မမူတာ ဖြစ်တယ်တဲ့။ ဒီလို ကိုယ့်ရဲ့အခွင့် အလှည့် မဟုတ်တာကို မရအရ ယူခြင်းဟာ သူတစ်ပါးရဲ့ အခွင့်အလှည့်ကို လုယူတဲ့ သဘောဖြစ်လို့ လောကသား အချင်းချင်းဖြစ်တဲ့ သူတစ်ပါးအတွက် ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း(တစ်မျိုးမျိုး ကိုဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ)ကို ဖြစ်ပေါ်စေတဲ့အတွက် လောကပြစ်(လောက၀ဇ္ဇ) အရ အပြစ်ရှိတဲ့ အကုသိုလ် အလုပ်မျိုးလို့ သတ်မှတ်ပါတယ်။ ဒီလို အယောနိသော မနသိကာရ ဦးဆောင်တဲ့ ကကွက်များဟာ ‘ပြန်ချီ’ မဖြစ်နိုင်ဘူး။ ‘ကန်ချီ’ များသာဖြစ် တယ်။ လူ့လောကကြီးက ပြန်လည် တောင့်တစရာကောင်းတဲ့ ကကွက် မဟုတ်ဘူး။ လူ့လောက ထက် နိမ့်ကျ တဲ့ ဘုံဘ၀ကို ရောက်အောင် ကန်ချခံရမယ့် က ကွက်မျိုးကို ဆိုလိုတာပါ။

လောကဓမ္မအရ ကံရဲ့ အကျိုးပေးခွင့် အားလျှော်စွာ ဖြစ်ပေါ်လာတဲ့ လောကဓံ တီးကွက်အလိုက် ဆင်ခြင်တုံတရားရှိရှိ ကြံစည် ပြောဆို ပြုမူတာမျိုးကတော့ “ယောနိ သော မနသိကာရ=အကျိုးသင့်အကြောင်းသင့် နှလုံးသွင်းမှု” ရှေ့သွားဦး ဆောင်ပြီး ပြုမူ တာဖြစ်လို့ လောကဓမ္မနဲ့ မဆန့်ကျင်တဲ့အတွက် လောကပြစ်ကင်းတဲ့ ကုသိုလ်အလုပ်မျိုး လို့ သတ်မှတ်ပါ တယ်။ ဒီလိုပြုမူ(ကပြ)သူများဟာ အထက်မှာပြောခဲ့တဲ့ ဥိးပေါစံ တို့လိုပဲ လောကကြီးက လောကကြီးက ပြန်လည်တောင့်တ ထိုက်သူ၊ တောင့်တခြင်း ခံရသူများဖြစ်လို့ “ပြန်ချီ”ကို ကောင်းကောင်း ကနိုင်သူလို့ပဲ ဆိုရမှာပါ။

“ငှက်များ ပျံရင်းသေ၊ လူမှာ ကြံရင်းသေ”ဆိုတဲ့အတိုင်း လူ့လောကထဲ ရောက်လာသူ မှန်သမျှ ကံသုံးပါးဆိုတဲ့ ကခြင်းသုံးမျိုးထဲက တစ်မျိုးမျိုးနဲ့တော့ ကပြနေကြတာချည်းပါပဲ။ မိမိတို့ ကပြနေတာဟာ ပြန်ချီလား၊ ကန်ချီလားဆိုတာကို အချိန်မီ စဉ်းစားသုံးသပ်မိကြဖို့ ပြောချင်တာပါ။

ဘုရားအစရှိတဲ့ အရိယာသူတော်စင်များနဲ့ အရိယာတရား နားရည်ဝကြသူတို့ကတော့ “မနုဿတ္တဘာဝေါ ဒုလ္လဘော လူ့ဘုံ လူ့ဘ၀မှာ ကပြခွင့်ကြုံရတာဟာ ရခဲတဲ့ အခွင့်ထူး ကြီးတစ်ခု” လို့ သတ်မှတ်ခံယူကြပါတယ်။ အရခဲဆုံးကို ရရှိခိုက်မှာ ဘယ်လို အသုံးချ မလဲ။ ဘယ်လို က,ကြိုးမျိုးနဲ့ ကပြကြမလဲဆိုတာ ကတော့ မိမိတို့ရဲ့ ဝေဖန် သုံသပ် နိုင်စွမ်း အပေါ်မှာသာ တည်နေပါတယ်။

လောကသားအားလုံး ဆန္ဒတူ သတ်မှတ်ထားတဲ့ စည်းကမ်း တစ်ခုလည်း ရှိပါတယ်။ “အိမ်ရှင်ကို ဧည့်သည် မစော်ကား ရ” တဲ့။

ဟုတ်တာပေါ့ ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာ လာပြီး တည်းခိုတဲ့ ဧည့်သည်က အိမ် ရှင်ကို စော်ကားမယ်။ အိမ်ရျင်နဲ့ ဆန့်ကျင်ဘက် ပြုမယ်ဆိုရင် အိမ်က မြန်မြန်ပြန်နှင်ချင် မယ်။ ဒိလိုလူမျိုးက နောက်တစ်ခါ တည်းခိုခွင့်ပြုပါဆိုရင်လည်း ဘယ်နည်းနှင့်မှ လက်ခံချင်မှာ မဟတ်ုပါဘူး။ ဒါက အရိုးသားဆုံး အရှင်းဆုံး လူ့စည်းကမ်းရဲ့ ဆုံးဖြတ်ချက် ပါ။

အထက်မှာ ပြောခဲ့တဲ့အတိုင်း ‘လူ့ဘ၀’ ဆိုတာဟာ ကံ တန်ဖိုးနဲ့ ပေးပြီး ခေတ္တနေခွင့် ရတဲ့ ‘တည်းအိမ်’တစ်ခုပါ။ လူ့ဘုံလူ့ဘ၀မှာ လူသား တစ်ယောက်အဖြစ် ခေတ္တတည်းခို နေထိုင်ခွင့် ရခိုက်မှာ အိမ်ရှင် ကြည်ဖြူအောင် အလိုက်အထိုက် ကျင့်သုံးနေထိုင်တတ်ဖို့နဲ့ ကိုယ်ပေးထားတဲ့ ကံတန်ဖိုးကုန်ဆုံးလို့ ပြန်လည် ထွက်ခွာ သွားရရင်တောင် နောက်တစ်ခါ ပြန်လာခွင့်ရဖို့ အိမ်ရျင်က ကြည်ကြည်ဖြူဖြူ ပြန်လည်ဖိတ်ခေါ်ချင်လောက် အောင် ပြုမူကျင့်သုံး (ကပြ)ကြဖို့ အရေးကြီး ပါတယ်။

လူ့ဘ၀ရဲ့ အိမ်ရှင်က ဘယ်သူလဲ။ “သဗ္ဗေသတ္တာ ကမ္မဿကတာ= သတ္တ၀ါမှန်သမျှ ကံရဲ့ အမွေခံများသာ ဖြစ်တယ်”ဆိုတဲ့စကား။ “ကံပြုသမျှ နုကြရတယ်”ဆိုတဲ့စကားတွေ ကို ထောက်ဆကြည့်ရင် လူ့ဘ၀ဆိုတဲ့ တည်းအိမ်ရဲ့ ပိုင်ရှင်က “ကံ”ပါ၊ တိတိကျကျ ပြော ရရင် လူ့ဘ၀ ဆိုတာ ကာမသုဂတိဘုံထဲမှာ အကျုံးဝင်တာဖြစ်လို့ လူ့ဘ၀ရဲ့ အိမ်ရှင်ဟာ ကာမာဝစရ ကုသိုလ်ကံ ဖြစ်ပါတယ်။

လူ့ဘုံဘ၀ကို လာရောက်တည်းခိုတဲ့ လူသားတစ်ယောက်အနေနဲ့ လူဘ၀ရဲ့ အိမ်ရှင် ဖြစ်တဲ့ ကာမာဝစရ ကုသိုလ်ကံကို ကျော်လွန်ပြီး ဈာန်ကုသိုလ်၊မဂ်ကုသိုလ်အထိ ပြုလုပ် နိုင်ကြမယ်ဆိုရင် လူ့ဘ၀ အိမ်ရှင်ဖြစ်တဲ့ ကာမာဝစရ ကုသိုလ်ကံက ကြည်ဖြူကျေနပ် တဲ့အတွက် ဆန့်ကျင်ဘက်ပြုသူလို့ မဆိုနိုင်ပါဘူး။ သူ့ကံအလျောက် လူ့ဘုံ လူ့ဘ၀ထက်ပိုပြီး မြင့်မြတ်တဲ့ ဘုံဘ၀အထိ သွားခွင့်ရသူ(သို့မဟုတ်)ဘ၀အားလုံးကို လွန် မြောက်ပြီး ဒုက္ခဇာတ် အကြွင်းမဲ့ ချုပ်ငြိမ်းသူသာ ဖြစ်မှာပါ။

တကယ်လို့ ကာမာဝစရကုသိုလ်ကံ အဆင့်လောက်ကိုသာ စိတ် စေတနာ စင်စင် ကြယ်ကြယ်နဲ့ ပြုလုပ်သူဆိုရင်လည်း လူ့ဘ၀ပိုင်ရှင်နဲ့ စိတ်စေတနာရချင်း တူညီတဲ့ အတွက် အိမ်ရှင် ကျေနပ်တဲ့ အလုပ်ကို လုပ်သူဖြစ်လို့ အိမ်ရှင်ကြည်ဖူတဲ့ ဧည့်သည်မျိုးပဲ ဖြစ်မှာပါ။ ဒီလို ဧည့်သည်မျိုးကျတော့ အိမ်ရှင်က နေသမျှ သက်တမ်း တစ်လျှောက်လုံး ကြည်ဖြူရုံမျှမကဘူး။ ကံအခကြေး ကုန်ဆုံးလို့ တည်းခို နေထိုင်ခွင့် ကန်နေပြီဆိုရင် တောင် တတ်နိုင်သမျှ ဆက်ပြီး နေထိုင်ဖို့ တားမှာပဲ။ နောက်ဆုံး တားခွင့်မရတော့လို့ ခရီးဆက်ရတော့မယ်ဆိုရင်လည်း အထက်မှာ ပြောခဲ့တဲ့ ဦးပေါစံရဲ့ နောက်ဆုံး ခရီးမှာလို ပဲ ဇာတ်တူသားအချင်းချင်းက ၀မ်းနည်းလှိုက်လှဲ နှုတ်ဆက်ပို့ဆောင်ကြပြီး မကြာခင် ပြန်လာဖို့ တမ်းတမ်းတတ တောင်းဆိုကြမှာ မလွဲပါဘူး။ ဒီလို ပြုမူ (ကပြ)တဲ့ အချီမျိုးကို ‘ဘ၀ပြန်ချီ’လို့ တင်စားပြောလိုက်ချင်တာပါ။

တိပိဋက(ယော)ဆရာတော်ဟောတဲ့ တရားတစ်ပွဲမှာ ကြားလိုက်ဖူးတယ်။ ဒကာမကြီး တစ်ယောက်တဲ့ လူမှုရေး၊ စီးပွားရေး စတဲ့ လောကအဆင့်အတန်းအရလည်း အလယ်အလတ်တန်း လောက်တော့ အဘက်ဘက်က ချို့တဲ့မှုမရှိဘူးလို့ပဲ ဆိုရမှာပါ။ သူ့မှာ သမီးတွေ သုံးယောက်လောက် ပေါ်ပေါက်ပြီး နောက်ဆုံး သားလေးတစ်ယောက် ထွန်းပေါ်လာတော့ တစ်အိမ်လုံးက ဖူးဖူးမှုတ်အလိုလိုက်ကြ၊ ချစ်ကြတာတဲ့။

သားလေးကလည်း မိဘနဲ့ အစ်မတွေ အလိုလိုက်ကြ၊ ချစ်ကြသလောက် အခွင့် အရေး အပြည့်အ၀ယူပြီး အသား ကုန်ဆိုးပါသတဲ့။ ဆယ့်လေးငါးနှစ် အရွယ်လောက် ရောက်တော့ အဖေကလည်း ဆုံးပါးသွားတယ်။ အစ်မတွေလည်း သူ့အိုးသူ့အိမ် တွေနဲ့ ခွဲသွားကြတယ်။ အမေနဲ့ သားပဲ ကျန်နေပေမယ့် အမေကို ဘာမှ ငဲ့ညှာရကောင်း မှန်း မသိဘူး။ ဆိုးသည်ထက် ဆိုးလာရာက နောက်ဆုံးတော့ ကောင်းတာလေး တစ်မျိုး ကလွဲလို့ ကျန်တာတွေ အကုန် အစုံ တတ်လာ တယ်။ ကာလပေါ် မူးယစ်ဆေးစွဲပြီး အမေ့ စည်းစိမ် ကုန်သလောက်ရှိတော့ ကာလပေါ် ရောဂါပါ စွဲလာလို့ အမေ့မှာ ရှိသမျှနေရာ တိုက်ခန်းပါ မကျန်ရောင်းချပြီး ငါးနှစ်ခြောက်နှစ်လောက် ကုသပေးရတယ်။ နောက်ဆုံးတော့ ကုရာနတ္ထိ ဆေးမရှိဆိုတဲ့ ကာလပေါ် ရောဂါတို့ သွားရာလမ်းအတိုင်း သွားတော့ တာပါပဲတဲ့။

အဲဒီ ချစ်လှစွာသော တစ်ဦးတည်းသော သားကလေး သေဆုံးသွားတဲ့အခါ မိခင်ကြီးက သူ့သားရဲ့ နာမည်ကို အော်ခေါ်တဲ့ပြီး “နင် အသေနောက်ကျတာကို တွေးမတိုင်း အမေရင်နာသဟဲ့”လို့ ငိုကြွေးပါသတဲ့။ အမေရင်းကတောင် ပြန်လည်တောင့်တဖို့ နေနေ သာသာ အပြန် နောက်ကျလို့တောင် ရင်နာသူဆိုက တည်းက ဘ၀အိမ်ရှင် ကံတရားက ဘယ်လိုလုပ် ပြန်လာခွင့် ပြုနိုင်ပါတော့မလဲ။ ဒီလိုပြုမူ နေထိုင်(ကပြ)တဲ့ အချီ မျိုးတွေကိုတော့ မင်းသမီးရဲ့ ‘ပြန်ချီ’ ကကွက်အပြီး ပြောလိုက် သလို “နင့်ဟာ ပြန်ချီမဟုတ်ဘူး။ ကန်ချီဟ” ဆိုပြီး ဇာတ်တူသား အားလုံးက ခြေနဲ့များ ၀ိုင်းပြီး ကန်ချင် ကြမလားပဲ။

သူငယ်ချင်းက ပြောလည်းပြော၊ ပြလည်းပြတဲ့ ‘ပြန်ချီ’ တီးလုံးနဲ့ ကကွက်ကို ကြည့်ရှု နားထောင်အပြီး ဘ၀နဲ့ ဆက်စပ်တွေးမိတာကို ပြန်ပြောလိုက်တာပါ။

ပြန်ချီ ကကွက်ကလေးများနဲ့ ဘ၀လှပ သာယာကြပါစေ။

ဓမ္မဘေရီအရှင် ၀ီရိယ(တောင်စွန်း)

လူ့ဘ၀အတွက် တကယ်ကို မှတ်သားစရာ လိုက်နာစရာလေးတွေမို့ ဆက်လက် ဖေါ်ပြပေးသွားပါမည်။ ပြန်ချီကကွက်များ….. ကို

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP