* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 18, 2010

Happy Myanmar New Year to All Dhamma Fellows!

“နှစ်သစ်ကူး ဓမ္မလက်ဆောင်”

မနက်ဖြန်ဆိုလျှင် မြန်မာတို့၏ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းတော့မည်ဖြစ်ပေသည်။ နှစ်ဟောင်းက အညစ်အကြေးများကို နှစ်သစ်သို့ မပါစေရန်အလို့ငှာ အတာရေဖြင့် “အကြို, အကျ, အကြတ်, အတက်”ဟူ၍ လေး ရက်တိုင်းတိုင်း သင်္ကြန်ရေဖြင့် ဆေးကြောခဲ့ကြလေပြီ။ မော်လမြိုင်စသော အချို့အရပ် များဆိုလျှင် နှစ်ဆန်းတစ်ရက်နေ့ အပါအ၀င် ငါးရက်ကြာမျှပင် ခန္ဓာကိုယ်မှ အညစ်အကြေးများ ကင်းစင် စေရန် အလို့ငှာ သင်္ကြန်ရေဖြင့် ဆေးကြောကြလေသည်။ ထိုသို့ဆေး ကြောသဖြင့် ခန္ဓာကိုယ်အညစ် အကြေးများ ကင်းစင်နိုင်ပါပေသည်။ ထိုသို့ပြုလုပ်ခြင်းကို ရုပ်ကိုပြုပြင်အလှဆင်သည်ဟု ဆိုနိုင်ပါပေသည်။ သို့သော် ခန္ဓာကိုယ်တွင်းရှိသော လောဘ (တပ်မက်ခြင်း) ဒေါသ (အမျက်ထွက်ခြင်း) မောဟ(အကောင်းအဆိုးကို ခွဲခြား၍ မသိခြင်း) မာန(ထောင်လွှား ခြင်း) ထိနမိန္ဒ (ငိုက်မြည်း ခြင်း၊ထိုင်းမှိုင်းခြင်း) မိစ္ဆာဒိဋ္ဌိ(အယူမှားခြင်း) ၀ိစိကိစ္ဆာ (ဘုရားတရားသံဃာဟူသော ရတနာသုံးပါးတရားတို့၌ ယုံမှား ခြင်း)ဥဒ္ဓစ္စ(စိတ်ပျံ့လွင့်ခြင်း) အဟိရိက (အရှက်မရှိခြင်း) အနောတ္တပ္ပ (အကြောက် တရားမရှိခြင်း)ဟူသော ကိလေသာ(စိတ်ကို ပူလောင်စေတတ် နှိပ်စက်တတ်သောတရား) တရားများကို စင်ကြယ်စေနိုင်ရန်အတွက် ရိုးရိုးရေဖြင့် ဆေးကြောခြင်းဖြင့် စိတ်ကို မစင်ကြယ်စေနိုင်ပါ၊ ထိုကိလေသာတရား များကို စင်ကြယ်စေ၇န်နိုင်သော နည်းလမ်းသည်ကား မြတ်ဗုဒ္ဓဟော ကြားတော်မူသော ဓမ္မရေစင်ဖြင့် သွန်းလောင်းမှသာလျှင် စင်ကြယ်စေနိုင်မည်ဖြစ်ပေသည်။ ဓမ္မရေစင်ဖြင့် သွန်းလောင်းခြင်းဟူသည်ကား အလှူပေးခြင်း သီလဆောင်တည်ခြင်း သမထဘာဝနာ ၀ိပဿနာဘာဝနာ အလုပ်တို့ကို ပြုလုပ်ခြင်းတို့ပင်ဖြစ်ပေသည်။ အလှူပေးခြင်း သီလဆောက်တည်ခြင်းဟူသည်ကို လူတိုင်းနား လည်ကြသည်။ သမထဘာဝနာနှင့် ၀ိပဿနာဘာဝနာဟူသော ဝေါဟာရတို့ကို လူတိုင်းနာမလည်ကြပေ။ သမထ ဘာဝနာပွားများခြင်းဟူသည်ကား မိမိတို့၏ စိတ်ကို နီဝရဏတရား (၆)ပါး(လောဘ ဒေါသ ထိနမိဒ္ဓ ဥဒ္ဓစ္စကုက္ကုစ္စ ၀ိစိကိစ္ဆာ အ၀ိဇ္ဇာ)တို့မှ ကင်းရှင်းစေရန်အလို့ငှာ သမထကမ္မဋ္ဌာန်းလေးဆယ်မှ ကမ္မဋ္ဌာန်းတစ်ခုခုကို စီးဖြန်းခြင်းဖြင့် နီဝရဏတရားတို့ကို ခေတ္တ ငြိမ်းအေးစေနိုင်သည်။ စိတ်တည်ကြည်မှုရရှိစေရန် စိတ်ငြိမ်းမှု ရရှိစေ၇န် သမာဓိ ရရှိစေရန်အလို့ငှာ အများအားဖြင့် အာနာပါနကမ္မဋ္ဌာန်း (၀င်လေထွက်လေ)ကို ရှုမှတ်ကြသည်။ နီဝရဏတရား တို့ကို မိမိတို့၏ စိတ်မှာ မကိန်းအောင်းစေရန် ၀င်လေ ထွက်လေကို အမြဲမပြတ်ရှုမှတ် ပွားများခြင်းကို သမထ ဘာဝနာ ရှုမှတ်ပွားများခြင်းဟုခေါ်ပါသည်။ သမထဘာဝနာသည်ကား ကိလေသာတရား နီဝရဏတရားတို့ကို ထာဝရမငြိမ်းချမ်းစေပါ။ ယာယီမျှသာ ငြိမ်းအေးစေနိုင်ပါသည်။ ၀ိပဿနာဘာဝနာသည်သာ ကိလေသာတရား တို့ကို ထာဝရငြိမ်းအေးစေနိုင်ပါသည်။ သို့ဖြစ်သဖြင့် အာနာပါန(၀င်လေထွက်လေ)ဟူသော သမထဘာဝနာကို သမာဓိရရုံ (၁၅)မိနစ်လောက်သာ ရှုမှတ်ပွားများ၍ ၀ိပဿနာဘာဝနာဘက်သို့ ကူးပြောင်းရမည်ဖြစ်လေသည်။
ဝိပဿနာဘာဝနာဟူသည် မိမိကိုယ်ခန္ဓာကိုယ်ကို စောင့်ကြည့်ခြင်းပင်ဖြစ်သည်။ မိမိခန္ဓာကိုယ်၏ အဖြစ် အပျက်တို့ကို အမြဲမပြတ်စောင့်ကြည့်ခြင်းကို ၀ိပဿနာဘာဝနာပွားများသည်ဟု ခေါ်ဆိုပါသည်။ ချဲ့၍ဆိုရသော် တစ်ခါတစ်ရံ မိမိခန္ဓာကိုယ်က ယားမှုဝေဒနာလေးပြကောင်းပြလိမ့်မည်။ ထိုယားမှုဝေဒနာလေး၏ ဖြစ်မှုပျက်မှု ကို အာရုံတစ်ပါးစိတ်မသွားဘဲ စောင့်ကြည့်ပေးနေရုံပင်ဖြစ်လေသည်။ တစ်ခါတစ်ရံ နာမှုဝေဒနာလေးဖြစ် ပေါ်လာလိမ့်မည်။ ထိုနာမှုဝေဒနာလေး၏ ဖြစ်မှု ပျက်မှုကို အမြဲမပြတ် စောင့်ကြည့်ပေးနေရမည်ဖြစ်ပေသည်။ မြင်းသောအရာတိုင်း ကြားသောအရာတိုင်း နံသောအရာတိုင် လျှက်သောအရာတိုင်း တွေ့ထိသောအရာတိုင်း တွေးတောသောအရာတိုင်း၏ ဖြစ်မှု ပျက်မှုလေးကို အမြဲမပြတ် ရှုမှတ်ပွားများပေးပါ။ တစ်ခါတစ်ရံ မိမိတို့၏ သန္တာန်တွင် ဒေါသစိတ်ဖြစ်လျှင် ဖြစ်မည်၊ တစ်ခါတစ်ရံ လောဘစိတ်ဖြစ်လျှင် ဖြစ်မည်၊ ဖြစ်ပေါ်လာတိုင်း စိတ်တိုင်း၏ ဖြစ်မှု ပျက်မှုကို အမြဲမပြတ်စောင့်ကြည့်ပေးပါ၊ အရှုခံဖြစ်သော ခန္ဓာကိုယ်နှင့် အရှုဥာဏ်ဖြစ်သော ၀ိပဿနာဥာဏ်အကြား (၀ိပဿနာဥာဏ်ဟူသည်ကား သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတို့ကို ဆိုလိုသည်။) ကိလေသာကြားမခိုစေမူ၍ အမြဲမပြတ်ပွတ်တိုက်ပေး ရမည်ဖြစ်ပေသည်။ ထိုသို့ ကိလေသာကြားမခိုစေမူ၍ ပွတ်တိုက်ပေးလျှင် ရှုမှတ်ပေးလျှင် နိဗ္ဗာန်ဆိုဟုခေါ်ဆိုသော တရားထူးကို မိမိတို့သည် မုချမသွေ မျက်မှောက်ပြုရမည်မှာ ဧကန်ပင်ဖြစ်ပေသည်။ လောကဥပမာဆောင်ရသော်ကား ၀ါးနှစ် လုံးကို ပွတ်တိုက်ပါများလျှင် မီးထွက်သကဲ့သို့ ထိုအတူပင် အရှုခံဖြစ်သော ခန္ဓာကိုယ်နှင့် အရှုဥာဏ်ဖြစ်သော ၀ိပဿနာဥာဏ်တို့ကို အမြဲမပြတ် ပွတ်တိုက် ပေးလျှင်ကား သေချာပေါက်နိဗ္ဗာန်ပေါ်လာမည်ဖြစ်ပေသည်။ နိဗ္ဗာန်ကို အာရုံငါးပါးနှင့် မသိနိုင်ရုံကာမျှဖြင့် နိဗ္ဗာန်သည် ဘာမျှမရှိဟုဆိုခြင်းသည် မျက်စိမမြင်သူသည် အလင်း ရောင်ကို မမြင်ရုံကာမျှဖြင့် အလင်းရောင်မရှိပါဟု ဆိုခြင်းကဲ့သို့ ယုတ္တိမတန်ပါချေ။ နိဗ္ဗာန်ကို ဤလက်ရှိဘ၀ တွင်ပင် မျက်မှောက်ပြုနိုင်သည်။ ဗုဒ္ဓဘာသာသည် ငှင်း၏ အဆုံးစွန်သော ပန်းတိုင်သို့ နောင်တမလွန်ဘ၀၌သာ ရောက်နိုင်သည်ဟုမဆိုပါ။ နိဗ္ဗာန်ကို ဤဘ၀တွင်ပင် ခန္ဓာကိုယ်အကြွင်းအကျန်ရှိလျှက် သိမြင်ရခြင်းကို သဥပါဒိ- သေသနိဗ္ဗာန်ဟုခေါ်၏။ ရဟန္တာတစ်ပါးသည် ပရိနိဗ္ဗာန်စံ၍ ခန္ဓာကိုယ်ပျက်ကြွေသွားသောအခါ ရုပ်ပိုင်းဆိုင်ရာ တည်ရှိခြင်းမရှိတော့ဘဲ ဆက်လက်ခံစားရသည့် နိဗ္ဗာန်ချမ်းသာကို အနုပါဒိသေသနိဗ္ဗာန်ဟု ခေါ်၏။ ထိုနိဗ္ဗာန် ပေါ်လာလျှင်ကား စိတ်အတွင်းမှာရှိသော ကိလေသာတို့သည်လည်း ကင်းဝေးစင်ကြယ်သွားကြ မည်ဖြစ်ပေ သည်။ ဤသည်ပင် စိတ်အညစ်အကြေးတွေကို ဆေးကြောသည်ဟုခေါ်ဆိုနိုင်ပါပေ၏။ အချုပ်အားဖြင့်သော် ကား မြန်မာတို့၏ နှစ်သစ်တွင် ကိုယ်၏အညစ်အကြေးကို ဆေးကြောရုံဖြင့် အားရတင်းတိမ်မနေမူ၍ စိတ် အညစ်အကြေး ကိလေသာအညစ်အကြေးတို့ကိုလည်း ဓမ္မရေစင်ဖြင့် ဆေးကြောကြပါဟူ၍ တိုက်တွန်းလျှက် မိမိ၏ “နှစ်သစ်ကူး ဓမ္မလက်ဆောင်”ဆောင်းပါးကို အောက်ပါလင်္ကာ ဆောင်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပေသည်။

“စိတ်ကိုပြုပြင် အလှဆင်”
နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်၊
အနန္တငါး ဂုဏ်တော်များ ညွတ်တွားကန်တော့မယ်၊
မျက်နှာသစ်လျှင် ရေကိုမြင် မြင်စဉ်မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း ပျက်ယိုယွင်း ရုပ်ဆင်းသတိထားပါ့မယ်၊
တန်းတူတွေ့လျှင် မေတ္တာဝင် မ၀င်နိုင်ကပြိုင်တတ်တယ်၊
ပြိုင်မယ့်အစား မေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင် မ၀င်နိုင်က နိုင်တတ်တယ်၊
နိုင်မဲ့အစား ကရုဏာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်ထက်သာလျှင် မုဒိတာဝင် မ၀င်ဣဿာရိုင်တတ်တယ်၊
ရိုင်မဲ့အစား မုဒိတာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
သဗ္ဗေသတ္တာ သူသူငါ ကံသာမူလရှိကြတယ်၊
သံသရာနယ် ချာချာလည် အတ္တပယ်မှ ငြိမ်းလိမ့်မယ်၊
စိတ်ကိုလဲပြင် ရုပ်လဲပြင် ပြင်ဆင်တိုင်းရ ပြုတိုင်းလှ သုခနိဗ္ဗာန်တိုင်လိမ့်မယ်၊
ရုပ်ကိုသာပြင် နာမ်မပြင် ရုပ်သွင်မလှ နာမ်မလှ၊
နာမ်ကိုသာပြင် ရုပ်မပြင် နာမ်စဉ်လဲလှ ရုပ်လဲလှ၊
နာမ်ဓာတ်ပေါ်တွင် ဥာဏ်ဓာတ်တင် လိုလျှင်ခဏနိဗ္ဗာန်ရ။(မစိုးရိမ်းဆရာတော်ဘုရားကြီး)

“ယခုနှစ်သစ်မှသည် နောင်နှစ်သစ်ပေါင်းများစွာ မိမိ၏ ဓမ္မမိတ်ဆွေအားလုံး ကျန်းမာချမ်းသာကြကာ
ရုပ်နာမ်နှစ်မျိုးကို စင်ကြယ်အောင် ဆေးကြောနိုင်သော သူတော်စင်များ ဖြစ်ကြပါစေကုန်သတည်း”
အရှင်ဇ၀န
1 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP