မရေးချင်သောအကြောင်းအရာများ
မိတ်ဆက်
သီတဂူစတားသည် နိုင်ငံရေးသမားမဟုတ်ပါ၊ သို့သော် စာနာတတ်သူ၊ ပြည်သူအတွက် နားလည်ပေးသူဖြစ်သည်၊ ပြည်သူသည် ထမင်းရှင်ဖြစ်သည်။ နိုင်ငံရေးနှင့်ပတ်သက်သည့် အကြောင်းများ ရေးမည့်မဟုတ်ပါ။ အခု ဖော်ပြထားသည့် ပို့စ် သည် သီတဂူစတားသင်ယူခဲ့ရသည့် သင်ခန်းစာများနှင့် လတ်တလော ဖြစ်ရပ်မှန်များကို အခြေခံပြီး အသေးစား နှိုင်းယှဉ်ခြင်းမျှသာဖြစ်ပါသည်။
မရေးချင်သောအကြောင်းအရာများ
ဒီကနေ့ဟာ ဧပြီလ ၁၇ ရက် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါသည်။ နှစ်ဆန်း (နှစ်သစ်ကူးပို့စ်)လေးတင်ဘို့ စိတ်ကူးမိပါသေးသည်၊ သို့သော်--မရေးချင်ပါဘူးဆိုနေမှ ရေးမိသွားပြန်တယ်။ သူငယ်ချင်းတွေက နှစ်သစ်ကူးနှင့်ပတ်သက်ပြီး new post တင်ပါဦးတဲ့၊ အထူးသဖြင့် ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီးတင်စေချင်တယ်၊ နာမည်ကြီး ဘလော့ဂ်တွေမှာ တွေ့နေရပြီး သီတဂူစတား ဘလော့ဂ်မှာပဲ ကျန်တော့တယ်တဲ့။
ကဲ- ပရိသတ်တို့ရေ- နှစ်သစ်မင်္ဂလာမှာ မင်္ဂလာအကြောင်းလေးရေးဘို့ စိတ်ကူးမိပေမဲ့ ပရိသတ်က တောင်းဆိုလာတော့ မရေးချင်ပေမဲ့ ရေးရဦးမည်ပေါ့။
နှစ်ဟောင်းကုန်ကြူး နှစ်သစ်ကူး၍ နှစ်ဦးမင်္ဂလာတွေ ဖြစ်စေမည့် မင်္ဂလာစကားလေးရေးရမည့်အစား နှစ်သစ်မှာ မင်္ဂလာယူကြရမည့် မေတ္တာပွားရမည့်အစား ဒေါသမီးတွေတောက်လောင်နေမိတယ်၊ ထိုဒေါသမီးကြောင့် တင်လိုက်ရင်လဲ နိုင်ငံရေးအကြောင်းကပါလာမည် ဆိုတော့ သူငယ်ချင်းရာ မတင်ပါရစေနဲ့ တင်လဲမတင်ရဲပါဘူးလို့ ပြောလိုက်ရတယ်၊ ဘာလို့လဲ ဆိုတော့ ဘာသာရေးဘလော့ဂ်ဆိုတော့ နိုင်ငံရေးနှင့်ဆက်နွယ်သော ပို့စ် တင်လို့ မကောင်းဘူးဟု ထင်မိတယ်လို့ ပြန်လိုက်ရပါသည်။ ဒါပေမဲ့ ရှုံ့ချတာလောက်တော့ တင်သင့်ပါတယ်တဲ့။ မှန်ပါတယ်။ သီတဂူစတားမှ မဟုတ်ပါဘူး ပြည်သူတရပ်လုံးက လူသားမဆန်တဲ့ အကြမ်းဖက်မှုကိုတော့ လုံးဝ ရှုံ့ချကြပါတယ်၊ စပ်ဆုပ်ရွံရှာကြပါတယ်၊ လူသားတွေကို ခြင်၊ ကြမ်းပိုး၊ ပုရွက်ဆိတ်လေးတွေလောက် တန်ဘိုးထားပြီး သတ်ဖြတ်ချေမှုန်းခြင်းကို--နိုင်ငံတိုင်း ပြည်သူတိုင်းက လက်မခံ။
ဗုံးပေါက်ခြင်းနှင့်ပတ်သက်ပြီး ဒဏ်ရာရသူတွေ မနည်းပါဘူး၊ ဘာမှကို မသိလိုက်ရရှာဘဲ အသက်ဆုံးရှုံးသွားတဲ့ အပြစ်မဲ့ ပြည်သူတွေလဲ မနဲပါဘူး၊ တကယ့်ကို ရင်ထဲ မချိအောင်ခံစားရပါတယ်၊ သီတဂူစတားနည်းတူ တပြည်တ၀ှမ်းလုံးက ၀မ်းနဲကြမည်မှာ အသေအခြာပင်ဖြစ်သည်။ ဘလော့ဂ်တွေမှာ ဘယ်သူလက်ချက် ဘယ်ဝါလက်ချက်ဆိုပြီး အမျိုးမျိုးဝေဖန်ထားတာတွေလဲ တွေ့ရပါတယ်၊ ကိုယ့်အတွေး ကိုယ့်အမြင်နဲ့တော့ ဟုတ်နေကြပါတယ်။ ဘယ်သူ့ကိုမှ လွဲမချကြစေလို၊ ဒါဆို တရားခံက ဘယ်သူလဲဗျ?။ ဆက်ဖတ်လေ အဖြေပေါ်လေပဲ။
အတ္တသမား (self-interest)
ဗုဒ္ဓဘာသာထွန်းကားရာတဲ့ နိုင်ငံမှာ ဤကဲ့သို့ အကြမ်းဖက်ဝါဒတွေ ရှိနေတာကိုက အလွန်ရှက်ဖွယ်ကောင်းလှပါတယ်။ ဗုဒ္ဓတရားတော်က လူသားတိုင်းသည် လူသားတစ်ယောက်နှင့် တစ်ယောက်၏ တန်ဘိုးသည် တန်းတူမှာရှိနေသည်ဖြစ်ရကား အခွင့်အရေးသည်လည်း တန်းတူတူရှိနေရမည်ဖြစ်၏ ဟုဆို။ လူ့အဖွဲ့အစည်းကြီး မပေါ်လာခင်ကထဲက လူသားတွေသည် natural law (ဓမ္ဓ ) State of Natural system နှင့် နေလာကြ၍ တဦးအပေါ် တဦးကို အလေးထားတံဖိုးထား လာခဲ့ကြသည်။ လူ့ဘောင် အဖွဲ့အစည်းပေါ်ပေါက်လာတာနဲ့ အမျှ လူတွေဟာ Division of labor တာဝန် အလုပ်တွေ ခွဲခြားလာကြသည်၊ အဲဒီအချိန်မှာပဲ တရားမျှတရေးအတွက် အစိုးရတရပ် ကို ပြည်သူတွေကပဲ ဖန်တီးလိုက်ကြတယ်၊ ထိုမှတဖန် နေရာရရေးအတွက် ယှဉ်ပြိုင်မှုတွေ ပေါ်ပေါက်လာသည်၊ တဦးအပေါ်တဦး မေတ္တာတရား ခေါင်းပါးလာကာ ခေါင်းပုံဖြတ်စနစ်ကို ဖန်တီးလာခဲ့ကြတယ်။ အစိုးနှင့်ပတ်သက်ပြီး စနစ်များစွာ ပေါ်ပေါက်လာခဲ့တယ်။ ဒါတွေ ထားလိုက်ကြစို့ ပြောရင်းနဲ့ နိုင်ငံရေးဘက်ရောက်သွားလိမ့်မယ်။
နောက်ပိုင်း လူသားတွေဟာ တရားမျှတမှုတွေလဲ မရှိတော့ဘူး၊ အမြတ်ကြီးစားခြင်း ခေါင်ပုံဖြတ်ခြင်း၊ စသော မညီမမျှတာလေးတွေ ပေါ်ပေါက်လာရခြင်းသည် self-interest ကိုယ့်ကျိုးသမားတွေကြောင့်ပဲ ဖြစ်သသည်ဟု ဆိုသည်။ ကိုယ့်အတွက်သာကြည့်သည့် စနစ်ကြီးကြောင့်ဖြစ်သည်ဟု ဆိုသည်။ ကိုယ်ကျိုးစီးပွား (self-interest) ကို မစွန့်သေးနိုင်သေးသမျှ မျှတမှု (justice) ဆိုတာမရနိုင်ဘူးတဲ့။
လူသားဘ၀တံဘိုး
The principle of Sanctity of life အရ အသက်၊ လိင်၊ အမျိုးနွယ်၊ လူမျိုး၊ ဇာတ် ခွဲခြားခြင်းမရှိ တန်းတူတံဖိုးရှိ၏၊ ထိုအဆိုအရ ဘယ်လိုအကြောင်းပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ကိုယ့်အသက်နှင့် ရင်ဆိုင်လာရသည်တိုင်အောင် ဘယ်သူ၏ အသက်ကိုမှ စတေးခွင့်မပြု။ သို့သော် ထိုစည်းကမ်းကို လိုက်နာစွမ်းမရှိ၍ ယခုလို အပြစ်မဲ့ ပြည်သူတွေ အသက်စတေးခံလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်ရသည်။ Utilitarianism အရ ရုပ်ကြမ်းဝါဒ အကျိုးဘက်ကိုသာကြည့်သည့် ၀ါဒတွေ လွမ်းမိုးနေသည်ဟုထင်။ ထိုဝါဒအရ လူလူချင်းတံဘိုးဖျက် (ခွဲခြား)ကာ လူ့လောက (society) အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေသူများကို ရှင်းပစ်သည့်ဝါဒဖြစ်သည်။ မြတ်ဗုဒ္ဓ၏ ဓမ္မ သည်ကား morality (ကိုကျင့်)တရားများကို ခြေခံသည့်ဝါဒဖြစ်၍ မည်သို့သော အကြောင်းကြောင့် မည်သည့်အသက်ကိုမျှ ဖျက်ဆီးခြင်း၊ စတေးခြင်းကို လုံးဝကန့်ကွက်ထားသည်။ ချွင်းချက်မရှိ ကန့်ကွက်ထားသည်။
နောက်ဆုံးတော့
နောက်ဆုံး ကျွနိုပ်တို့ခံစားလိုက်ရသည်ကား အရာဝတ္ထုတခု သို့မဟုတ် စွမ်းအင် တစ်ခုကို မက်မောမိတဲ့ (attachment power, craving power) အတွက်ကြောင့်ပဲ ကိုယ်ကျိုး (အတ္တ) သမားတွေဖြစ်လာကြတယ်။ လူသား၏တန်ဘိုးတွေ ဖျက်ဆီးလာတယ်ဟု ခံစားမိပါသည်။ ယခု လောလောလတ်လတ် ဖြစ်ပေါ်ခဲ့သည့် အသရေမဲ့သည့် အရေးအခင်းသည် ကိုယ်ကျိုးသမား၊ အတ္တသမား (self-interest) တွေရဲ့ လက်ချက်ဖြစ်ကြောင်း နားလည်မိပါသည်။ ဒါဆို တရားခံက သူပဲပေါ့။
Remedy ဖြေဆေး
မြတ်ဗုဒ္ဓသည် အတ္တ self-interest ၏ဆန့်ကျင်ဘက် မေတ္တာတရား ကရုဏာတရားများနှင့်ပတ်သက်ပြီး များစွာ ဟောထားသည်။ ထိုများစွာထဲမှ--
န ဟိ ဝေရေန ဝေရာနိ၊သမ္မန္တီဓ ကုဒါစနံ၊
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။
အကြမ်းဖတ်မှုကို မေတ္တာတရားဖြင့် အနိုင်ယူရာ၏။
အကြမ်းဖတ်မှုကို အကြမ်းဖတ်မှုဖြင့် တုန့်ပြန်က ဘယ်သောအခါမျှ ငြိမ်းချမ်းတဲ့ဘ၀ ရနိုင်မည်မဟုတ်။ ဤသည်ကား သဘာဝတရား (natural law) ပင်တည်း။
လူသားတိုင်း (individual) ကိုယ်စီကိုယ်စီ အတ္တတရားတွေ နဲနိုင်သမျှနဲပြီး မေတ္တာတရားတွေ များနိုင်သမျှ ပွားများကာ အေးချမ်းသောဘ၀ဆီသို့ အမြန်ဆုံးရောက်နိုင်ကြပါစေ။
အသက်ဆုံးရှုံးသွားကြသော ပြည်သူများ၊ ဒဏ်ရာရသွားကြသော ပြည်သူများနှင့် ထိုသူတို့၏ မိဘဆွေးမျိုးများနှင့်အတူ ထပ်တူဝမ်းနဲမိပါကြောင်း။ အကြမ်းဖက်ဝါဒကို ပြည်သူများနှင့်ထပ်တူ ရှုံ့ချပါကြောင်း----။
သီတဂူစတား
၁၇-၄-၂၀၁၀


0 comments:
Post a Comment