လူမဟုတ်သော လူ
Friday, 16 April 2010 13:47 |
Written by Administrator | PDF | | Print | | E-mail
ယခုအခါ ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း(၆၀၀၀)ကျော် ရှိသည်ဟု သိရ၏။ ထိုသန်းပေါင်း (၆၀၀၀)ကျော်သော သူတို့သည် တစ်ဦးနှင့်တစ်ဦး မတူကြပေ။ ရုပ်ဆင်းအင်္ဂါ၊ အသွင်သဏ္ဌာန် စသည် အားဖြင့် ကွဲပြားကြလေ၏။ အချို့ကား ရုပ်ရေချောမောလှပ၏။ အချို့ကား အကျည်းတန် အရုပ်ဆိုး၏။ အချို့ကား အသားဖြူ၏၊ အချို့ကား အသားမည်း၏။ အချို့ကား အရပ်ရှည်၏။ အချို့ကား အရပ်ပု၏။ အချို့ကား ၀၏။ အချို့ကား ပိန်၏။ အောက်ထစ်ဆုံးအားဖြင့်"ရုပ်ရည်အသွင် ခွဲခြား၍ မရဘူး"ဟု ဆိုသော အမွှာညီအစ်ကို မောင်နှမ များသည်ပင် ကြည့်ဟန်ရှုဟန်၊ စကားပြောဟန်၊ ရယ်ဟန်ပြုံးဟန် စသည်ဖြင့် ကွဲပြား ခြားနားပေ၏။ ဤကား တစ်ဦးနှင့်တစ်ဦး မတူညီသည့်သဘောပင် ဖြစ်၏။ မည်သို့ ပင်ဖြစ်စေ ထိုပုဂ္ဂိုလ်အားလုံးကို "လူ"ဟု ခေါ်ဆိုထားလေ၏။
ထိုတွင် သန်းပေါင်းခြောက်ထောင်ကျော်သော ပုဂ္ဂိုလ်တို့ကို အဘယ်ကြောင့် "လူ"ဟု ခေါ် သနည်းဟု မေးစရာ ရှိပေ၏.။ လူဟု ခေါ်ဆိုရခြင်းအကြောင်းကို အမျိုးမျိုး ဖွင့်ဆိုကြပြန်၏။
"ကုသိုလ်နှင့်အကုသိုလ်"ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသောကြောင့် "လူ"ဟု ခေါ်ဆိုသည်။
တစ်ဖန် လူမှုရေးကိစ္စဖြစ်စေ၊ အိမ်ထောင်ရေးကိစ္စဖြစ်စေ၊ စီးပွားရေးကိစ္စဖြစ်စေ၊ တရားဓမ္မရေး ကိစ္စဖြစ်စေ ကိစ္စတစ်ရပ်ရပ်၏ အကြောင်းတရားနှင့် အကျိုးတရားတို့ကို ခွဲခြားသိမြင်နိုင်စွမ်း ရှိသည့် အတွက် "လူ"ဟု ခေါ်ဆိုသည်။
၎င်းအပြင် "ဒီအလုပ်လုပ်ရင် အကျိုးဖြစ်ထွန်းမယ်၊ ဒီအလုပ်ကတော့ အကျိုးမဖြစ်ထွန်းနိုင်ဘူး "ဟု အကျိုးရှိမှု၊မရှိမှုကို ခွဲခြားသိမြင်နိုင်စွမ်းရှိသဖြင့် "လူ"ဟု ခေါ်ဆိုသည်ဟု အသီးသီး ဖွင့်ဆိုကြလေ၏။
မှန်ပေသည်။ မည်သည့်အရာ၌ဖြစ်စေ အစစအရာရာ ခွဲခြားသိမြင်နိုင်စွမ်းရှိသော ပုဂ္ဂိုလ်သည်သာ ဘ၀အခြေအနေ တိုးတက်မည် ဖြစ်၏။ သစ်ရွက်ညွန့်ကလေးကဲ့သို့ တလူလူ တက်နေမည်ဖြစ်၏။ ဘ၀အခြေအနေ တိုးတက်ဖို့၊ သစ်ရွက်ညွှန့်ကလေးလို အထက်သို့ တလူလူ တက်နေဖို့အတွက် လူသည် အပြုအမူ၊ အပြော အဆို၊ စိတ်နေစိတ်ထားအားဖြင့် တိရစ္ဆာန်စသော သတ္တ၀ါတို့ထက် ပိုမို မြင့်မားနေရမည် ဖြစ်၏။ အထက်တန်းကျနေရမည် ဖြစ်၏။ သို့မှသာ လူဟူသော အမည်နှင့် လိုက်ဖက်ညီမည် ဖြစ်၏။
အချို့ကား "လူ"ဟု အမည်ခံထား၏။ သို့ပါသော်လည်း ထိုသူတို့သည် သူတစ်ပါးအသက် ကို သတ်ဖြတ်၏။ သူတစ်ပါး၏ စည်းစိမ်ဥစ္စာကို ခိုးယူ၏။ ကာမဖောက်ပြန်၏။ လိမ်ညာလှည့်ဖြား ၏။ သေရည် အရက်စသည်ကို သောက်စားယစ်မူး၏။ သူတစ်ပါး၏ ပျက်စီးရာ ပျက်စီးကြောင်း ကို အစဉ်အမြဲ ကြံစည်၏။ လူသားတစ်ယောက်အနေဖြင့် လိုက်နာရမည့် စည်းကမ်းကို မလိုက်နာ။ စောင့်ထိန်း ရမည့် ကျင့်ဝတ်ကို မစောင့်ထိန်း။
ထိုသူတို့၏ အပြုအမူ၊ အပြောအဆို၊ စိတ်နေစိတ်ထားတို့သည် တိရစ္ဆာန်စသော သတ္တ၀ါတို့ ထက် မြင့်မားမှုရှိပါသလား၊ တိရစ္ဆာန်စသော သတ္တ၀ါတို့ထက် အထက်တန်းကျပါသလား၊ အကယ်၍ ထိုသတ္တ၀ါတို့ထက် မြင့်မားခြင်း၊ အထက်တန်းကျခြင်း မရှိလျှင် ထိုသူတို့ကို "လူ"စာရင်းထဲ ထည့် သွင်း သင့်ပါသလား။
အမှန်အားဖြင့် ထိုသူတို့သည် လူ၏အသွင်သဏ္ဌာန်ရှိ၍သာ"လူ"ဟူသော စာရင်းထဲ၌ ပါဝင် နေခြင်းဖြစ်၏။ သို့ပါသော်လည်း တကယ့်လူစင်စစ်ကား မဟုတ်ပေ။ "လူမဟုတ်သော လူ"များ သာ ဖြစ်၏။ ထို လူမဟုတ်သော လူများကို သူတို့၏ ဖြစ်တည် ရုန်းကန်နေရသော ဘ၀အနေအထားကို ကြည့်၍ ခွဲခြားပြဆိုပါမည်။
လူလေးမျိုး
လူသည်သာမန်အားဖြင့် ကြည့်လျှင် တစ်မျိုးတစ်စားတည်းသာ ဖြစ်၏။ သို့ပါသော်လည်း ပိုင်းခြား၍ ကြည့်လျှင်--
၁။ လူ့ငရဲသား ၂။ လူ့ပြိတ္တာ၊ ၃။ လူ့တိရစ္ဆာန် ။ ၄။ တကယ့်လူစင်စစ် ဟု လေးမျိုးလေးစား တွေ့ရမည် ဖြစ်၏။ ထို့တွင်--
(၁) လောက၌ လူသားတစ်ဦး ဖြစ်ပါလျက် လူသတ်မှုကျူးလွန်သူများ၊ လူတစ်ပါး ပစ္စည်းဥစ္စာကို ခိုးယူသူများ ရှိပေ၏။ ထိုပုဂ္ဂိုလ်တို့မှာ ထိုပြစ်မှုများကြောင့် ဖမ်းဆီးခံရပြီး ထောင်ကျခြင်း၊ ကြိုးမိန့်ပေးခံရခြင်း၊ တစ်သက်တစ်ကျွန်း ကျခြင်းစသည်ဖြင့် ငရဲသားတို့ကဲ့သို့ ဆင်းရဲဒုက္ခကို အကြီးအကျယ် ခံစားကြရ၏။ ထို ပုဂ္ဂိုလ်မျိုးကို "လူ့ငရဲသား"ဟု ခေါ်ဆို၏။
(၂) လောက၌ လူသားတစ်ဦးဖြစ်ပါလျက် ကောင်းမှုကို မပြုလုပ်ခဲ့သည့်အတွက် စားစရာ၊ ၀တ်စရာမျှပင် မရှိသော ပြိတ္တာတို့ ကဲ့သို့သော လူစားမျိုးလည်း ရှိသေး၏။ ထိုပုဂ္ဂိုလ်တို့၏ ဘ၀သည် ဆာလောင် မွတ်သိပ်မှုဒဏ် မပြတ်နှိပ်စက်ခံနေရသဖြင့် ဆင်းရဲလှ၏။ မည်သည့်နေရာမျှ ရပ်တည်ရာ နေရာမရဘဲ ပြေးပြေး လွှားလွှား ရှာဖွေနေရ၏။ ထိုပုဂ္ဂိုလ်မျိုးကို "လူပြိတ္တာ"ဟု ခေါ်ဆို၏။
(၃) လောက၌ လူသားတစ်ဦးဖြစ်ပါလျက် သူတစ်ပါးကို မှီ၍ အသက်မွေးရသဖြင့် သူတစ်ပါး တာဝန်ကို ဆောင်ရွက်ပေးနေရပြီး မနားမနေ သွားလာ လှုပ်ရှားနေရသည့် ကျွဲ နွား မြင်း စသော တိရစ္ဆာန်ကဲ့သို့သော လူမျိုးများ ရှိပေ၏။ တစ်ဖန် ဥပဒေကို ချိုးဖောက်၍ ပြစ်မှု ကျူးလွန်သည့်အတွက် အစိုးရမင်းစသော သူတို့၏ ခြိမ်းခြောက်မှုကို ခံရသဖြင့် သေဘေး၊ ဖမ်းဆီးခံရမည့် ဘေးတို့ကို ကြောက် ရွံ့နေရသောကြောင့် တောခိုကာ အိပ်ရစားရသည်မှ တစ်ပါး အခြားဘာကိုမျှ မစဉ်းစားနိုင်ဘဲ ဆင်းဆင်းရဲရဲ လှည့်လည် ပြေးလွှားနေရသော သမင်၊ ယုန်စသော တိရစ္ဆာန်တို့ကဲ့သို့သော လူမျိုး လည်း ရှိသေး၏။ ထိုပုဂ္ဂိုလ်တို့ကို "လူ့တိရစ္ဆာန်"ဟု ခေါ်ဆို၏။
(၄) အချို့ကား ကိုယ့်အကျိုးစီးပွားကိုလည်း သိ၏။ ကံ၊ ကံ၏အကိုးကိုလည်း ယုံကြည်၏။ မဟုတ်တာ လုပ်ရမည်ကို ရှက်တတ်ကြောက်တတ်ပြီး သတ္တ၀ါတို့အပေါ် သနားကြင်နာတတ်၏။ သံဝေဂတရားလည်းရှိ၏။ မကောင်းတာကို မပြုလုပ်၊ ကောင်းတာကိုပဲ ပြုလုပ်၏။ ပုညကိရိယ၀တ္ထု တို့ကို ဖြည့်ကျင့်၏။ ထိုပုဂ္ဂိုလ်မျိုးကိုမူ "တကယ့်လူစစ်စစ်"ဟု ခေါ်ဆို၏။
ထို့တွင် အသွင်ဏ္ဌာန်အားဖြင့် လူစာရင်းတွင် ပါဝင်သော်လည်း အပြုအမူ၊ အပြောအဆို၊ စိတ်နေသဘောထားအားဖြင့် တိရစ္ဆာန်စသော သတ္တ၀ါတို့ထက် မြင့်မားခြင်းမရှိသော သူတို့သည် အချို့ကား လူ့ငရဲသား၊ အချို့ကား လူ့ပြိတ္တာ၊ အချို့ကား လူ့တိရစ္ဆာန် ဖြစ်နေကြ၏။ တစ်နည်းအားဖြင့် ပြောရလျှင်"လူမဟုတ်သော လူများ"ဖြစ်နေကြ၏။
ကမ္ဘာ့လူဦးရေ သန်းပေါင်း ခြောက်ထောင်ကျော်ထဲတွင် "လူ မဟုတ်သော လူ"က ပို၍ များပြား နေသလား၊ "တကယ့်လူစစ်စစ်"က ပိုမိုများပြားနေသလား ဆိုသည်မှာ ခန့်မှန်း၍ ရလောက်ပေ၏။ "လူ မဟုတ်သော လူ"တို့၏ အရေအတွက်မှာ "တကယ့်လူစစ်စစ်"ထက်တော့ နည်းမည်မထင်ပေ။
လူမျိုးတိုင်း၊ နေရာတိုင်း၊ ခေတ်ကာလတိုင်း၌လည်း ထိုလူမဟုတ်သော လူတို့သည်သာ ပမာဏအားဖြင့် များပြားနေမည်ဖြစ်၏။ ရှေးယခင်က ထိုပုဂ္ဂိုလ်တို့ကို အကြောင်းပြု၍ လူအပေါင်းကို မျောက်များက ကဲ့ရဲ့ရှုတ်ချခဲ့ဖူး၏။ မှတ်သားဖွယ်ရာဖြစ်၍ ရေးသားပါဦးမည်။
မျောက်တို့ကဲ့ရဲ့ခံရသော လူများ
တစ်ခါက ဟိမ၀န္တာ အရပ်ဒေသ၌ မျောက်များ နေထိုင်ကြ၏။ တစ်ချိန်တွင် မုဆိုး တစ်ယောက်သည် ဘုရားလောင်းမျောက်ကို ဖမ်းဆီး၍ ဗြဟ္မဒတ်မင်းကြီးအား ဆက်သလေ၏။ ထိုဘုရားလောင်း မျောက်သည် ပင်ကိုယ်ဗီဇကပင် လိမ္မာ၏။ အသိဉာဏ်ရှိ၏။ နန်းတွင်းသို့ ရောက်ပြီး လူတို့နှင့် အနေကြာလာသောအခါ လူတို့ကဲ့သို့ပင် ပြုသင့်ပြုထိုက်သော ၀တ်ကြီးဝတ် ငယ်တို့ကို ပြုလုပ် ဆောင်ရွက်ပေး၏။ လူတို့၏ အမူအရာနှင့် အပြောအဆိုတို့ကိုလည်း လေ့လာ၏။ ထို့ကြောင့် တဖြည်း ဖြည်းနှင့် လူတို့၏ စိတ်နေ သဘောထားများကို နားလည်လာ၏။ ဗြဟ္မဒတ်မင်းကြီးသည် ထိုဘုရားလောင်း မျောက်၏ လိမ္မာရေး ခြားရှိမှုကို သဘောကျနှစ်ခြိုက်မိ၏။ ထို့ကြောင့် မုဆိုးကိုခေါ်ပြီး ထိုမျောက်ကို သူ၏နေရာသို့ ပြန်ပို့ခိုင်း လေ၏။
ဘုရားလောင်းမျောက် နေရပ်သို့ ပြန်ရောက်သောအခါ မျောက်အပေါင်းက ကျောက်ဖျာကြီး တစ်ခု၌ စုဝေး၍ ဘုရားလောင်း မျောက်အား ၀မ်းမြောက်ဝမ်းသာ တွေ့ဆုံ နှုတ်ဆက်ကြလေ၏။ ယင်းနောက်……
"အရှင်… အရှင်ဟာ ကျွန်ုပ်တို့ကို ခွဲခွာပြီး ဒီလောက် အချိန်အကြာကြီး ဘယ်ကိုများ သွားနေ တာလဲ"ဟု မေးရာ ဘုရားလောင်း မျောက်က. မုဆိုးရဲ့ ဖမ်းဆီးမှုကို ခံရပြီး ဗာရာဏသီ ဗြဟ္မဒတ်မင်းရဲ့ နန်းတော်ထဲမှာ ရောက်နေတာ" ဟု ပြောလေ၏။ ထိုအခါ မျောက်တို့က--
"အရှင်…. အရှင်ရဲ့ လူ့ပြည် အတွေ့အကြုံကို ပြန်လည်ပြောပြပါဦး။ လူတွေ ဘယ်လိုနေထိုင် ပြောဆိုကြသလဲ၊ ကျွန်ုပ်တို့လည်း ဗဟုသုတအဖြစ် သိပါရစေ"
"ဟာ… ဒီအကြောင်းကိုတော့ မမေးကြပါနဲ့၊ ငါ ပြန်မပြောပါရစေနဲ့" ဟု ငြင်းဆိုလေ၏။ တစ်ဖန် မျောက်တို့က- အရှင် .. အကျွန်ုပ်တို့ တောင်းပန်ပါတယ်။ လူ့ပြည်က လူတွေ အကြောင်းကို ပြောပြပါ။ ကျွန်ုပ်နားထောင်လိုကြပါတယ်" ဟု ၀ိုင်းဝန်းတောင်းဆိုကြရာ ဘုရား လောင်းမျောက်က-
"သင်တို့ ဒီလောက်သိချင်မှတော့ အလွန်မိုက်မဲကြတဲ့ လူတွေအကြောင်းကို ပြောပြ ရတာပေါ့။ လူတွေဟာ တရားမရှိကြဘူး။ ကိုယ်ကျင့်တရားလည်း ညံ့ဖျင်းကြတယ်။ နေ့မှာပဲ ဖြစ်ဖြစ်၊ ညမှာပဲ ဖြစ်ဖြစ် ရွှေငွေအကြောင်း(စီးပွားရေးအကြောင်း)တွေကိုပဲ ပြောနေကြတယ်။ မမြဲတဲ့ အနိစ္စသဘောကို မသိကြဘူး။ ပစ္စည်းဥစ္စာများ ရမယ်ဆိုရင် မဟုတ်တာလဲ လုပ်ရဲတယ်။ မဟုတ်တာလဲ ပြောရဲတယ်။ တစ်ခါကဆိုရင် အမျိုးသမီး တစ်ယောက်ဟာ လင်ယောင်္ကျား မရှိခိုက်မှာ အိမ်က ပစ္စည်းဥစ္စာတွေကို သူ့မိဘကို ခိုးပေကးတယ်။ နောက်ပြီး အိမ်အလုပ်သမား တွေကို ဆဲဆို ကြိမ်းမောင်းတယ်" ဟုဆိုကာ သူတွေ့ခဲ့သော လူပြည်အတွေ့အကြုံကို ပြောပြလေ၏။ ထိုအခါ မျောက်တို့သည်-
"တော်ပါတော့အရှင်… တော်ပါတော့၊ ကျွန်ုပ်တို့ဟာ မကြားသင့်တဲ့ စကားကို ကြားကြရတယ်" ဟု ပြောဆို၍ နားနှစ်ဘက်ကို အတင်းပိတ်ဆို့ကြလေ၏။ ၄င်းနောက် "ငါတို့ဟာ မကြားသင့်တဲ့စကားကို ဒီအရပ်ဒေသမှာ ကြားရတယ်"ဟု ကဲ့ရဲ့ကာ အခြား တစ်နေရာသို့ ထွက်ခွာသွား ကြလေသည်။
အထက်ပါ အဖြစ်အပျက်ကလေးသည် သာမန်ကြည့်လျှင် ရယ်မောစရာဟု ထင်မြင်ရ၏။ သို့ပါသော်လည်း စေ့စေ့တွေးလျှင် လူသား တစ်ယောက်အနေဖြင့် ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက် ကလေးတစ်ခု ဖြစ်၏။ အခုအချိန်မှာများ ထို ဘုရားလောင်းမျောက် လူ့ပြည် လောကရောက်လာပြီး ယခု လူတွေအကြောင်းကို လေ့လာကာ မျောက်များကို ပြန်ပြောပြလျှင် ထိုခေတ် ကာလကထက် ပို၍ ပင် ကဲ့ရဲ့ ရှုတ်ချနေမှာလားဟု တွေးနေမိ၏။
တစ်ဖန် မြန်မာနိုင်ငံ၌ကော လူမဟုတ်သောလူနှင့် တကယ် လူစစ်စစ်တို့ မည့်သည့်အမျိုး အစားက များပြားနေပါသနည်း၊ လူမဟုတ်သောလူ အရေအတွက်ကား နည်းပါးမည် မဟုတ်ပေ။ သို့ပါသော်လည်း မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံဖြစ်၍ "တကယ့် လူ စစ်စစ်"များလည်း ရှိပါ၏။
ထိုတကယ့်လူစစ်စစ်တို့သည် လူ့လောက၏ လိုက်နာရမည့် စည်းကမ်းကို လိုက်နာ၏။ စောင့်ထိန်းရမည့် ကျင့်ဝတ်ကိုလည်း စောင့်ထိန်း၏။ ထို့ကြောင့် သူတို့ကိုယ်တိုင် အေးအေး ချမ်းချမ်း နေထိုင်ရသဲ့သို့ သူတို့မိသားစု၊ သူတို့ရပ်ကွက်၊ သူတို့မြို့ရွာရှိ လူသားတို့သည်လည်း အေးအေး ချမ်းချမ်းပင် နေထိုင်ရလေ၏။ နိုင်ငံအေးချမ်းသာယာအောင်၊ လူမျိုးတိုးတက်အောင် ပြုလုပ်ဆောင် ရွက်နေသော သူတို့မှာလည်း ထိုသူတို့ပင် ဖြစ်၏။
သို့ဖြစ်၍ နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့သည် တကယ့် လူစစ်စစ်သာ ဖြစ်ရန်၊ "လူမဟုတ် သော လူ"အဖြစ်မှ လွတ်မြောက်ရန် စိတ်ထားမြင့်မြင့်ဖြင့် ကြိုးစားကျင့်ကြံ နေထိုင်သင့်ပေသည်။
အရှင်ကောဏ္ဍည
(သာသနာ့တက္ကသိုလ်)

0 comments:
Post a Comment