ဝဋ်ကြွေးကြီးသည့် လင်မုန်းမ
ပါဋလိပုတ်မြို့၏ သာယာသော နံနက်ခင်း ဖြစ်ပေသည်။ သံဃာတော်များ ဆွမ်းခံပြန်ချိန် ဖြစ်သည့်အလျှောက် တစ်မြို့လုံးကို ရွှေရောင်လွှမ်းနေသည်။ ရဟန်းယောက်ျား ရဟန်းမိန်းမများသည် မိမိတို့၏ ကျောင်းများသို့ ပြန်လည်ကြွမြန်းကြရာ အရပ်ရှစ်မျက်နှာသို့ ရွှေရောင်များ ဖြန့်ကြက်သွားတော့သည်။
နှစ်ပါးသော ရဟန်းမိန်းမတို့မှာမူ ဂင်္ဂါမြစ်တွင်းသို့ ဆင်းလာကြကာ သဲသောင်ပြင်၏ အရိပ်ကောင်းရာ နေရာ၌ ဆွမ်းဘုဉ်းပေးတော်မူကြသည်။ ထိုအရှင်မ နှစ်ပါးကား ကိလေသာ ကုန်ခန်းပြီးသော ရဟန္တာများ ဖြစ်ကြပေသည်။ အမည်တော်များကား ဣသိဒါသီထေရီနှင့် ဗောဓိထေရီတို့ ပေတည်း။
ထေရီမြတ်လှ အရှင်မနှစ်ပါးသည် သပိတ်များကို ဆေးကြောပြီးနောက် မူလအရပ်သို့ ပြန်လည် ခိုဝင်ကြသည်။ မိမိတို့နေရာ အခင်းများကို ပြန့်ပြူးအောင် ပြုပြင်ရင်းက ဗောဓိထေရီ အရှင်မသည် ဣသိဒါသီ အရှင်မအား စေ့စေ့ကြည့်မိသည်။ ငယ်နု ချောမော၍ ပြေပြစ်သော အဆင်းရှင်ပါတကား။
“မသိလို့ မေးပါရစေ အရှင်မ”
ဗောဓိထေရီက စကားစသည်။
“ဘာများပါလိမ့် ဘုရား၊ မေးတော်မူပါ”
ဣသိဒါသီ ထေရီက ရိုသေစွာ တုံ့ပြန်သည်။
“အရှင်မဟာ ပထမအရွယ် အရွယ်ကောင်းကလေးပဲ၊ မြင်ရသူတို့ရဲ့ စိတ်အစဉ်ကို ကြည်လင် ချမ်းမြေ့အောင်လည်း လှပါလျက်နဲ့ ဘယ်လို အပြစ်ကိုမြင်လို့ ကာမဂုဏ်က ရုန်းထွက်ခဲ့တာပါလဲ ဘုရား။ အဲဒါလေး မှတ်သားပါရစေ”
အတိတ်သည် နာကြည်းဖွယ် အတိ ပြည့်၏။ သို့ရာတွင် ရဟန္တာ အရှင်မ၏ စိတ်မှာမူ မတုန်လှုပ်တော့ပါ။
“သည်လိုပါ အရှင်မ၊ ကျွန်တော်မရဲ့ ကျေးဇူးတော်ရှင် ဖခင်ဟာ အဝန္တိတိုင်း ဥဇ္ဇေနီပြည်မှာ သူဌေးတစ်ဦး ဖြစ်ပါတယ်။ သီတင်းသီလနဲ့လည်း ပြည့်စုံပါတယ်။ ကျွန်တော်မကတော့ သူဌေးကြီးရဲ့ ချစ်မငြီးတဲ့ တစ်ဦးတည်းသော သမီးပါပဲ။
(ဝဋ်ကြွေးကြီးသည့် လင်မုန်းမ အပိုင်း-၂ ဆက်တင်ပါမည်)


0 comments:
Post a Comment