* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 24, 2010

“ဦးဇင်းကြီး ဦးရေ၀တ”

တစ်ခါက ကျောက်ပန်းတောင်းမြို့နယ်အတွင်းက ရွာတစ်ရွာဝယ် ဦးဝင်းမောင်အမည်ရှိ ဒါယကာကြီးတစ်ဦး ရှိလေသည်။ သူသည် လူဘ၀တွင် အလုပ်မယ်မယ် ရရမရှိ။ ဖဲရိုက်ခြင်းဖြစ်သာလျှင် အသက်မွေးဝမ်းကြောင်းပြု နေလေသည်။ သူသည်သာ ဖဲရိုက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည်မဟုတ် သူ၏ သူငယ်ချင်းဖြစ် သော ဦးဓာတ်ဆီသည်လည်း ဖဲရိုက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေလေသည်။ သူတို့နှစ်ဦးသည် သက်တူရွယ်တူ သူငယ်ချင်းများဖြစ်ကြသည်။ ၀ါသနာခြင်းလည်းတူကြသည်။ အရပ်တကာလှည့်၍ ဖဲဝိုင်းရှာ နေကြသည်။ “ဘယ်ရွာမှာ အသုဘရှိသလဲ” ဟုလှည့်ကာ ရှာနေကြသည်။ အသုဘရှိလျှင်ကား ဖဲဝိုင်းရှိစမြဲဆိုသည်ကို သူတို့သိနေကြသည်။ ဒီလိုနှင့်ဘဲ သူတို့နှစ်ဦးသည် အသက်တွေလဲကြီးလာကြသည်။ ဒါယကာကြီးဦးဝင်းမောင်ကတော့ ဇရာ(အိုခြင်း)၏ သဘောကိုသိလာလေသည်။ စိတ်သွားတိုင်း ကိုယ်မပါတော့ ပေ။ နောက်ဆုံး အကျွတ်တရားရကာ ဦးရွာကျောင်းဆရာတော်ကို လျှောက်ထား၍ သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့လေသည်။ သာသနာ့ဘောင်တွင် တရားဓမ္မကို အားထုတ်ခြင်းဖြင့် မွေ့လျှော်နေလေတော့သည်။ သို့သော် ဦးဓာတ်ဆီကြီးကတော့ “ဖဲဝါသနာကို သေတောင်မစွန့်ဘူး”ဟူသော သူ၏ ရည်ရွယ်ချက်အတိုင်း ဖဲကို နေ့မအိပ် ညမအိပ်ရိုက်နေလေတော့သည်။ တစ်နေ့အားအင်ကုန်ခန်း မူးလဲကာ ဆေးရုံပို့လိုက်ရလေသည်။ သို့သော် ဆေးမမှီလိုက်ပါ။ ဆေးရုံတွင်ပင် ဆုံးပါးသွားလေသည်။ ဦးဓာတ်ဆီဆုံးသော အချိန်သည်ကား ကဆုန်လပြည့်ကျော် (၁၅)ရက် ညနေခင်းဖြစ်ရာ အညာ၏ ထုံးတမ်းစဉ်လာအတိုင်း လကူးမခံတော့ပေ။ နေ့ချင်းမြေမြှပ်သင်္ဂြုလ်ရမည်ဖြစ်ရာ ရွာဦးကျောင်းဆရာတော်ကို လာပင့်လေသည်။ ထိုအချိန် ရွာဦးကျောင်း ဆရာတော်မရှိခိုက်ဖြစ်ရာ ဦးဇင်းကြီးဦးဝင်းမောင်ခေါ် ဦးဇင်းကြီးဦးရေ၀တကို ပင့်ကြရလေသည်။ သို့ဖြစ်သဖြင့် ဦးဇင်းကြီး ဦးဝင်းမောင်ခေါ် ဦးရေ၀တသည် သုဿာန်သို့ ဣနြေ္ဒသိက္ခာနှင့် ကြွသွားလေသည်။ သုဿာန်တွင် ဦးဓာတ်ဆီ၏ဇနီးဖြစ်သူ ဒေါ်နက်ထယ်သည် လင်ဖြစ်သူ သေဆုံးသွားသဖြင့် အော်ဟစ်ကာ ငိုကြွေးနေလေသည်။ ဦးဓာတ်ဆီ၏ ဇနီး ဒေါ်နက်ထယ်သည် ဦးဇင်းကြီး ၀င်းမောင်ခေါ် ဦးရေ၀တကို မြင်သောအခါ
“အမလေး! ဦးဇင်းကြီးဦးရေ၀တရဲ့ ဦးဇင်းကြီးရဲ့ ဖဲရိုက်ဖေါ် ဖဲရိုက်ဖက် ဦးဓာတ်ဆီဆုံးသွားရှာပြီ၊ သူငယ်ချင်း ဖြစ်သူကို မကယ်နိုင်တော့ဘူးလားဘုရား။” ဟု ငယ်ကျိုးငယ်နာကို ဖေါ်ကာ ထည့်ငိုနေလေတော့သည်။ ဦးဇင်း ကြီးသည်လည်း
“ဒီဒကာမကြီးနဲ့တော့ ခက်ပြန်ပြီ၊ ကိုယ့်ဖာသာ အသာမငိုဘူး၊ ငါ့ငယ်ကျိုးငယ်နာကိုပါ ထည့်ငိုနေတယ်၊ တော်တော်ခက်တဲ့ ဒကာမဘဲ။”ဟု တွေးကာ အစက “ဒကာမကြီး ဒေါ်နက်ထယ်ကို အကျွတ်တရားရအောင် တရားတွေဟောလိုက်အုံးမယ်ဟဲ့”လို့ အားခဲလာလေသည်။ သို့သော် သူ့၏ ငယ်ကျိုးငယ်နာကို ဖော်ငိုနေ လေတော့ တရားဟောဘို့ကိုပင် မဆိုထားဘိ၊ သီလပေး ရေစက်ချကိုပင် ဖြောင့်အောင် ပြုလုပ်မပေးနိုင်တော့ဘဲ ဖြစ်သလိုပြုလုပ်ပေးကာ ကျောင်းသို့ ခပ်သုတ်သုတ်ကြွလာခဲ့လေတော့သတည်း။
ငယ်ကျိုးငယ်နာ ဖေါ်မှုနှင့်ပတ်သက်၍ ဆက်စပ်လာသဖြင့် တင်ပြပါရစေအုံး၊ တစ်ခါက ရွာတစ်ရွာတွင် ဦးသာကျော်နှင့် ဒေါ်ခင်ရွှေဟူသော မောင်နှမနှစ်ယောက်ရှိကြလေသည်။ ဦးသာကျော်သည် ဒေါ်ငြိမ်းလှနှင့် အိမ်ထောင်ကျသည်။ အမဖြစ်သူ ဒေါ်ခင်ရွှေသည်ကား ဦးအုံးလှိုင်နှင့် အကြောင်းပါသွားလေသည်။ မောင်ဖြစ်သူ ဦးသာကျော်သည်ကား ဒေါ်ငြိမ်းလှနှင့် အိမ်ထောင်ကျသွားပြီးနောက် သားနှစ်ယောက် သမီးတစ်ယောက် ထွန်းကားလေသည်။ များမကြာမီ ဦးသာကျော်တစ်ယောက်ရူးသွပ်သွားလေသည်။ ဦးသာကျော်သည် တစ်ခါတစ်ရံ ကောင်းသည်။ တစ်ခါတစ်ရံ ဆိုးသွမ်းသည်။ တစ်နေ့ တော်တော်ပင် ဆိုးဆိုးသွမ်းသွမ်း ရမ်းကာနေလေရာ အမဖြစ်သူ ဒေါ်ခင်ရွှေရောက်လာကာ
“ဟဲ့သာကျော် ဘယ်လိုဖြစ်နေတာလဲ၊ အရူး! ကိုယ့်ဖာသာ အသာမရူးဘူး၊ သူတစ်ပါးကို ဒုက္ခပေးတဲ့ အရူးဟု ဆိုကာ”ငေါက်ငမ်းလေတော့သည်။ ဤတွင် မောင်ဖြစ်သူ ဦးသာကျော်သည်
“အမ! နင်ကငါ့ကို လာပြီ သူတော်ကောင်းရောင်ဆောင်ပြီ ဆုံးမ မနေနဲ့၊ နင် အရှေ့ဖက်ရွာက ထွန်းတင်နဲ့ လင် ငယ်နေတာ မသိဘူးများမှတ်နေလား။”ဟု ပြန်လိုက်ပြောလိုက်ရာ အမဖြစ်သူ ဒေါ်ခင်ရွှေသည်လည်း ဆက်လက် ဆုံးမခြင်းငှာ မစွမ်းနိုင်တော့ဘဲ ခပ်သုတ်သုတ် လစ်ထွက်ပြေးလေတော့သတည်း။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP