* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 24, 2010

အမြင့်ဆုံးဘ၀ကိုတည်ဆောက်ခြင်း(၁)

Thursday, 22 April 2010 17:37 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

အမြင့်ဆုံးဘ၀ဆိုတာ အခြေခံခိုင်မာပြီး ဘယ်တော့မှ ဆုတ်ယုတ် ပျက်စီးခြင်းမရှိတဲ့ ဘ၀မျိုးကို ဆိုလိုတာပါ။ ဒီလို မြင့်မြတ်ခိုင်မြဲတဲ့ ဘ၀တစ်ခုကို တည်ဆောက်ဖို့အတွက် အခြေခံ လိုအပ်ချက် လေးခုရှိတယ်လို့ မြတ်စွာဘုရားရှင်က ဟောညွှန်ပါတယ်။ လေးခုဆိုတာ(၁) ရှေးက ကြိုတင်ပြုထားတဲ့ ကောင်းမှုရှိခြင်း၊ (၂) သင့်လျော်တဲ့ အရပ်ဒေသမှာ နေထိုင်ရခြင်း၊(၃) သူတော်ကောင်း မိတ်ကောင်း ဆွေကောင်းတို့နဲ့ ပေါင်းဆုံခွင့်ရခြင်း၊(၄) မိမိကိုယ်မိမိ အကောင်းဆုံးဖြစ်အောင် တည်ဆောက် ထိန်းသိမ်းနိုင်ခြင်းတို့ ဖြစ်ပါတယ်။

ဒီလေးခုမှာ ရှေ့နှစ်ခုက အတိတ်အစွမ်းအစနဲ့ ပိုမို သက်ဆိုင်တယ်လို့ ဆိုရပါလိမ့်မယ်။ အတိတ်အစွမ်းအစနဲ့ ပစ္စုပ္ပန် အစွမ်းအစမှာလည်း ပစ္စုပ္ပန်အစွမ်းအစက ပိုပြီး ပဓာနကျပါတယ်။ ဒီနှစ်ခု မှာလည်း ပဓာနအကျဆုံးက မိမိကိုယ်မိမိ ကောင်းအောင် တည်ဆောက်ခြင်းပါ။ ဒါကို ကျေကျေနပ်နပ် သဘောကျ လက်ခံနိုင်အောင် လူတိုင်းလိုလို ကြားဖူး နားဝရှိကြတဲ့ ကုဋေ ရှစ်ဆယ် သူဌေးသားနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင် ဟောတော်မူတာကို အလေး အနက် ဆင်ခြင်ကြည့် သင့်ပါတယ်။

ကုဋေရှစ်ဆယ် သူဌေးသားက စည်းစိမ်ဥစ္စာတွေ အားလုံးကုန်ဆုံးပြီး အခြေမဲ့အနေမဲ့ဘ၀မှာ လင်မယားနှစ်ယောက်စလုံး ခွက် လက်ဆွဲ တောင်းစားနေကြရာက နောက်ဆုံး အိုမင်းမစွမ်းအရွယ် ရောက်လာတဲ့အခါ အရပ်ထဲကို လှည့်လည်ပြီး မတောင်းရမ်းနိုင်တော့တဲ့ အတွက် ဘုရားကျောင်းတော်မှာ ကိုရင်လေးတွေ စွန့်ကြဲပေးကမ်းတဲ့ အကြွင်းအကျန် အကပ်အသတ်ကလေးတွေကို မ၀ရေစာ စားနေရတာ ကြည့်ပြီး ဘုရားရှင်က အရှင်အာနန္ဒာ ကို….

“ဒီသူဌေးလင်မယားဟာ ပထမအရွယ်မှာ ကိုယ့်ကိုယ်ကို ကောင်းအောင် တည်ဆောက် ကြိုးစားခဲ့မယ်ဆိုရင် လောကီအကျိုးစီးပွားကို ရှာရင်လည်း ပထမတန်းစားသူဌေးကြီး ဖြစ်နိုင် တယ်။ လောကုတ္တရာ အကျိုးစီးပွားကို ရှာမယ်ဆိုရင်လည်း လင်က ရဟန္တာ၊ မယားက အနာ ဂါမ် ဖြစ်နိုင်တယ်။ ဒုတိယ အရွယ်မှာ ကြိုးစားရင် လောကီနယ်မှာဆို ဒုတိယတန်းသူဌေး၊ လောကုတ္တရာမှာ လင်က အနာဂါမ်၊ မယားက သကဒါဂါမ် ဖြစ်နိုင်တယ်။ တတိယအရွယ်မှာ ကြိုးစားရင် လောကီမှာ တတိယတန်းစားသူဌေး၊ လောကုတ္တရာမှာ လင်က သကဒါဂါမ်၊ မယားက သောတာပန်လောက်တော့ ဖြစ်နိုင်သေးတယ်။ ခုတော့ အချိန်တွေ လွန်ကုန်ပြီဖြစ်ကြ လို့ ရေခန်းတဲ့ ညွန်ခြောက်အိုင်ကြီးထဲက အတောင်ကျွတ်တဲ့ ကြိုးကြားအိုကြီးတွေလို ငိုညည်း မှိုင်ငေးရုံမှတစ်ပါး ဘာမျှ မစွမ်းနိုင်ကြတော့ဘူး” လို့ မိန့်ကြားတော်မူပါတယ်။

သူတို့ဘ၀ကို ကြည့်လိုက်ရင် အတိတ်အစွမ်းအစဖြစ်တဲ့ ကြိုတင် ပြုခဲ့ဖူးတဲ့ ကောင်းမှု အရလည်း ပထမတန်းစား သူဌေးကြီး ဖြစ်နိုင်လောက်တဲ့ကံနဲ့ ရဟန္တာအထိ ဖြစ်နိုင်လောက်တဲ့ ပါရမီ ပြည့်စုံတယ်။ သင့်လျော်တဲ့ အရပ်ဒေသအရလည်း အထူးပြောစရာ မရှိပါဘူး။ လောကရေးလည်း မဖျင်း၊ ဓမ္မရေးလည်း မကင်းဆိုသလို လောကဓမ္မ နှစ်မျိုးလုံး တိုးတက် ထွန်းကားရာဖြစ်တဲ့ အရပ်မှာ နေထိုင်ကြရတာပါ။

ပစ္စုပ္ပန်အစွမ်းအစအနေနဲ့ ကြည့်လိုက်ရင်တော့ သူတို့ လူဘ၀ရောက်လာပြီး ပထမဆုံး တွေ့ဆုံ ပေါင်းသင်းရတဲ့ မိဘနှစ်ပါးကိုယ်တိုင်က သူဌေးကြီးတွေ ဖြစ်ပေမယ့် သားသမီးတို့ရဲ့ ကလျာဏမိတ် ကောင်းအဆင့် မရှိကြပါဘူး။ “ သားသမီးကို အရပ်တကြည့်ကြည့်နဲ့ မုဒိတာ များပြီးတော့တာ နေချင် ကြတယ်။ သားသမီးတို့ နောင်ရေးမှာ ကြုံတွေ့ရမယ့် ဒုက္ခကို ကြိုတင် မြော်မြင်တတတ်တဲ့ ကရုဏာ တရားမရှိကြပါဘူး။ မေတ္တာစစ် မေတ္တာမှန်ဆိုတာ ရေရှည်ကို ရှုမျှော်သနားတတ်တဲ့ ကရုဏာတရား အစစ်အမှန်ရှိမှ မေတ္တာစစ်ရှိသူလို့ ခေါ်နိုင်ပါတယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားရှင်ကို သတ္တ၀ါတို့ အပေါ် ကျရောက်လာမယ့် ဒုက္ခကို မျှော်တွေး ကရုဏာထားမှု အားကြီးလို့ “မဟာကရုဏာရှင်”လို့ ချီးကျူးခေါ်ဆိုရတာပါ။

နောက်ဆုံးတော့ “ဘယ်သူမပြု မိမိမှု”ဆိုသလိုပဲ ကိုယ့်ကိုယ်ကို တည်ဆောက် နိုင်စွမ်းဆိုတဲ့ “အတ္တသမ္မာပဏိဓိနဲ့ ပြည့်စုံကြတဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန် အလောင်းအလျာဖြစ်တဲ့ ဥပတိဿနဲ့ ကောလိတတို့ကျတော့ မိဘများက ဘယ်လိုပဲ စီမံကြပေမယ့် သူတော်ကောင်း အပေါင်း အသင်းကို ရအောင်ရှာပြီး ပါရမီနဲ့ တန်ရာကို အရောက် သွားကြတာပါပဲ။

ပစ္စုပ္ပန် ပတ်သက်တဲ့ အစွမ်းအစနှစ်မျိုးထဲက အရေးအကြီးဆုံးဖြစ်တဲ့ “ကိုယ့်ကိုယ်ကို တည် ဆောင်နိုင်ရေးအတွက် ပထမဆုံး လိုအပ်ချက်ကတော့ “သပ္ပုရိသသံသေ၀” လို့ခေါ်တဲ့ သူတော် ကောင်း မိတ်ကောင်း ဆွေကောင်းတို့နဲ့ ပေါင်းဆုံရေးဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်က အဂုင်္တ္တရနိကာယ် ဒသကနိပါတ်၊ အ၀ိဇ္ဇာသုတ်မှာ အခြေခံခိုင်မာတဲ့ အမြင့်ဆုံးဘ၀ကို တည်ဆောက် နိုင်ရေးအတွက် နံပါတ်(၁)အချက်က “သပ္ပုရိသသံသေ၀” =သူတော်ကောင်းတို့နှင့် ပေါင်းဆုံ မှီဝဲခြင်း ဖြစ်တယ်”လို့ ဟောတော်မူပါတယ်။

“သံသေ၀။သေ၀န” ဆိုတဲ့ ပါဠိတော်ကို မြန်မာလို “ပေါင်းသင်းတယ်”လို့ အလွယ်တကူ ဘာသာပြန်ပေမယ့် အပေါင်းအသင်းဖြစ်တယ်။ မိတ်ဆွေသင်္ဂဟ ဖြစ်တယ်ဆိုတဲ့ ပေါင်းသင်းမှု မျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ နည်းနာခံတာ၊ နည်းယူအတုလိုက်ပြီး ကျင့်ကြံပြုမူစရာအဖြစ် ဆရာသဘောမျိုး သတ်မှတ်ပေါင်းသင်းတာကို ဆိုလိုတာပါ။ “သပ္ပုရိသ=သူတော်ကောင်း” ဆိုတာလည်း ဒီနေရာမှာ ပုတီးစိပ်၊တရားထိုင်၊ မေတ္တာပို့စတဲ့ အလုပ်များနဲ့ တစ်ကိုယ်ရေး ကောင်းအောင် နေထိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို ဆိုလိုတာ မဟုတ်ဘဲ သူတစ်ပါးတို့ကို ကျိုးရှိ မှန်ကန်အောင် နည်းလမ်းညွန်ပြ ဆုံးမကူညီတတ်တဲ့ ပုဂ္ဂိုလ်မျိုး ကိုဆိုလိုတာပါ။ အဲဒီလို ပုဂ္ဂိုလ်မျိုးထံ ဆည်းကပ်ပြီး နည်းညွန်ပြဆုံးမမှု၊ သွန်သင်ပြသမှုကို ခံယူရမယ်လို့ ဆိုလိုပါတယ်။

သူတော်ကောင်းထံ ဆည်းကပ် နည်းနာခံတဲ့ ပုဂ္ဂိုလ်ဟာ (၂) သူတော်ကောင်းစကားကို ကြားနာရပါတယ်။ ဆိုးကျိုးဖြစ်စေတတ်တဲ့ ဆိုးပြစ်တို့ကို တားဆီးပိတ်ပင်ပြီး ကောင်းကျိုး ရစေတဲ့ ကောင်းရာကောင်းကြောင်း လမ်းညွှန်ပြောကြားတဲ့ စကားကို သူတော်ကောင်းစကား လို့ ခေါ်တာပါ။

သူတော်ကောင်းစကား စစ်စစ်မှာ မကောင်းမွန် မမှန်ကန်တဲ့ အတွေးအကြံ(မနောကံ)အပြော အဆို( ၀စီကံ) အပြုအမူ(ကာယကံ)တို့ကြောင့် မကောင်းတဲ့ ဆိုးကျိုးဒုက္ခတွေ ရရှိတတ်ပုံ၊ ကောင်းတဲ့ ကံများကြောင့် ကောင်းကျိုးသုခအမျိုးမျိုး ရရှိနိုင်ပုံတို့ကို ညွှန်ပြဆုံးမ တာဖြစ်လို့ သူတော်ကောင်းစကား ကြားနာရသူဟာ (၃) ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရား အရင်းခံပြီး ရတနာသုံးပါး မိဘ၊ဆရာသမားတို့ရဲ့ ဂုဏ်ကျေးဇူးကို ယုံကြည်ခြင်းစတဲ့ စစ်မှန်တဲ့ သဒ္ဓါတရားခိုင်မြဲလာစေနိုင်ပါ တယ်။ ယုံကြည်မှု သဒ္ဓါတရားတွေထဲမှာ အခြေခံ အကျဆုံးက ကံနဲ့ ကံရဲ့ အကျိုးကို ယုံကြည်မှု ဖြစ်ပါတယ်။

မှန်ပါတယ်။ ကံကံရဲ့ အကျိုးကို ယုံကြည်မှု ကမ္မဿကတ သမ္မာဒိဋ္ဌိနဲ့ယှဉ်တဲ့ သဒ္ဓါတရား မပါဘဲဘယ်လို တန်ခိုးနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ယုံကြည်သည်ဖြစ်စေ၊ အဲဒီ ယုံကြည်မှုဟာ စစ်မှန်တဲ့ သဒါတရားမဟုတ်တဲ့အတွက် မှန်ကန်တဲ့ ယုံကြည်မှု မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ကို ယုံကြည်ကိုးကွယ်ရုံနဲ့ ကောင်းကျိုးချမ်းသာ ရနိုင်တယ်လို့ ခံယူသွားခဲ့ရင် ဣဿရနိမ္မာနဒိဋ္ဌိ လို့ခေါ်တဲ့ တန်ခိုးရှင်က ဖန်ဆင်းပေးရင် အရာရာဖြစ်နိုင်တယ် ဆိုတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ ဖြစ်သွားပါတယ်။ ကမ္မဿကတ သမ္မာဒိဋ္ဌိနဲ့ ယှဉ်တဲ့ သဒါတရားအစစ်အမှန်ရှိသူဟာ(၄) စိတ်ကောင်းထားတတ်မှု(ယောနိသောမနသိကာရ)ဖြစ်လာစေပါတယ်။စိတ်ကောင်းထား တတ်မှု(ယောနိသောမနသိကာရ)ဖြစ်စေနိုင်တဲ့ သဒ္ဓါတရားမျိုးသာ စစ်မှန်တဲ့ သဒ္ဓါတရား ဖြစ်တယ်လို့ ဆိုလိုတာပါ။

ဘ၀ကို အဆင့်ဆင့်တည်ဆောက်ရာမျာ နံပါတ်(၁)နဲ့(၂) အဆင့်များက အပြင်ဗဟိဒ္ဓ အကူအညီအဆင့်များဖြစ်ပြီး နံပါတ်(၃) ယုံကြည်မှု(သဒ္ဓါ)ဆိုတဲ့ အဆင့်ဆိုတာ မိမိရဲ့ အတွင်း အဇ္ဈတ္တမှာ စတင်ဖြစ်ပေါ်လာတဲ့အဆင့် ရောက်လာပြီဖြစ်လို့ အတွေးအခေါ် အယူအဆတစ်ခုရဲ့ သန္ဓေမျိုးစေ့သဖွယ် ဖြစ်တဲ့အတွက် အလွန်အရေးကြီးတဲ့ အကူးအပြောင်းတစ်ခု ဖြစ်လာပါပြီ။ ဒါကြောင့် ယုံကြည်မှုဟာ မှန်ကန်တဲ့ ယုံကြည်မှု ဟုတ်မဟုတ်ဆိုတာကို စိစစ်ဖို့ လိုအပ်ပါတယ်။

မြတ်စွာဘုရားရှင်ကတော့ တစ်ဆင့်တစ်ဆင့် မြင့်မြတ်တဲ့ ဘ၀လမ်းခရီးကို လျှောက်လှမ်း ရာမှာ သဒ္ဓါနဲ့ ပညာဟာ မျက်လုံးနှစ်ခုနဲ့ တူတယ်။ ဒီမျက်လုံးနှစ်ခုဟာ တစ်ခုက ပြူးကျယ်လွန်းရင် ကျန် တစ်ခုက မှေးမှိန်သွားတတ်တယ်။ တစ်ဖက်ကျယ် တစ်ဖက်ကျဉ်းဆိုတဲ့ အမြင်မျိုးဟာ တစ်ဖက်မြင် ဖြစ်တဲ့အတွက် တဇောက်ကန်းအမြင်မျိုး ဖြစ်သွားမယ်။ ဒီမျက်လုံး နှစ်ခုဟာ တစ်ခုကတစ်ခုကို အပြန် အလှန် ကူညီအားဖြည့်ပေးနိုင်ပြီး နှခုလုံး ညီမျှဖို့ လိုအပ် တယ်လို့ သတိပေးပါတယ်။(ဒီ၊၂၊ဌ၊ဗောဇ္ဈင် အဖွင့်)

တခြားတစ်နေရာမှာလည်း မြတ်စွာဘုရားရှင်က…

ယုံကြည်မှု ဟာ ပထမဆုံး လိုအပ်တဲ့ မိတ်ဆွေကော်း ဖြစ်တယ်။ ယုံကြည်မှု မိတ်ဆွေကောင်း မှီသူ ကို အသိဥာဏ် မိတ်ဆွေက ကူညီမယ်။

ဒီမိတ်ဆွေကောင်းနှစ်ယောက်နဲ့ ပူးပေါင်းပြီး ကြိုးစားအားထုတ်သူဟာ အခက်အခဲ အားလုံးကို ကျော်လွှားပြီး အေးငြိမ်းချမ်းသာမှုနဲ့ မွေ့လျော်ရလိမ့်မယ်လို့ ဟောညွန်တော်မူ ပါတယ်(သဒ္ဓါသုတ်)

စစ်မှန်တဲ့ ယုံကြည်မှုဆိုတာ မှန်ကန်တဲ့ အသိဥာဏ်ကို ဖြစ်စေနိုင်တယ်။ မှန်ကန်တဲ့ အသိဥာဏ်ကို မဖြစ်စေဘူးဆိုရင် ဒီယုံကြည်မှုဟာ စစ်မှန်တဲ့ ယုံကြည်မှုမဟုတ်ဘူး၊ ယုံကြည်မှု နဲ့ အသိဥာဏ်နှစ်မျိုးလုံး မှန်ကန်ရင် အေးငြိမ်းချမ်းသာမှုကို မုချရနိုင်တယ်။ အေးငြိမ်းချမ်းသာမှု ဆိုတဲ့အကျိုးကို မရဘူးဆိုရင်တော့ ဒီယုံကြည်မှု၊ အေးငြိမ်းချမ်းသာမှုဆိုတဲ့ အကျိုးကို မရဘူး ဆိုရင်တော့ ဒီယုံကြည်မှု၊ သိမြင်မှု နှစ်ခုလုံးဟာ မှားယွင်းနေပြီလို့လည်း ဒီဒေသနာက သတိ ပေးနေတဲ့ သဘော ရှိပါတယ်။

ဘ၀ကို အမြင့်ဆုံးရောက်အောင် အဆင့်ဆင့် တည်ဆောက်ပုံကို ညွန်ပြတဲ့ ဒီ အ၀ိဇ္ဇာ သုတ်မှာတော့ စစ်မှန်တဲ့ ယုံကြည်မှု နဲ့ ပြည့်စုံသူဟာ စိတ်ကောင်း နှလုံးကောင်း ထားတတ်လာတယ်လို့ ဟောညွှန်ပါတယ်။

မှန်ပါတယ်။ မကောင်းတဲ့စိတ်ထား၊ မကောင်းတဲ့နှလုံးသွင်းဆိုတာ လောဘ၊ ဒေါသ၊ မာန်မာန၊ မစ္ဆရိယတို့နဲ့ ယှဉ်တွဲနေတဲ့ စိတ်ထားနှလုံးထားမျိုးကို ဆိုတာပါ။ ကံ ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါ တ၇ား ခိုင်မာသူများအနေနဲ့တော့ သတ္တ၀ါတိုင်း ဘ၀တစ်ခုမှာ ဖြစ်ကြရ တာဟာ လာရာလမ်းကြောင်း ဖြစ်တဲ့ ကံ အကြောင်းတရားချင်းလည်း သီးခြားစီဖြစ်တယ်။ (နာနာဘာဝ)အခု ဖြစ်တည်နေရတဲ့ ရုပ် နာမ်ချင်းလည်း သီးခြားစီဖြစ်တယ်(၀ိနာဘာဝ) ဒီဘ၀ကို စွန့်ခွာသွားကြရတဲ့ အခါမှာလည်း သီးခြားစီပဲ ဖြစ်တယ်(အညထာဘာဝ)လို့ ယုံကြည် လက်ခံတဲ့အတွက် မိမိနဲ့ ဖြစ်သဘောထားချင်း မတိုက်ဆိုင်မှု၊ မိမိအလိုကျ မဖြစ်မှုတို့နဲ့ ကြုံတွေ့ရပေမယ့် မူလအခြေခံဖြစ်တဲ့ ကံအကြောင်းတ၇ားချင်းကတည်းက မတူတဲ့ အမျိုးပဲ လို့ နှလုံးသွင်းပြီး စိတ်ကောင်း နှလုံးကောင်း ထားတတ်လာပါတယ်။

လောကမှာ ကြုံတွေ့ရရှိလာတဲ့ ကောင်းဆိုးနှစ်တန် လောကဓံပေးခွင့် အလှည့်ကျ အတိုင်းသာ ကြုံရမြဲဖြစ်တယ်လို့ အမှန်အတိုင်း နှလုံးသွင်း ဆင်ခြင်နိုင်တဲ့အတွက် လောကဓံ အတက်အကျ ကြောင့်လည်း မာနထောင်လွှားခြင်း၊ စိတ်ဓာတ်ကျခြင်းများ မဖြစ်စေဘဲ စိတ်ကို အေးအေးထားနိုင်ပါ တယ်။

လူချင်းတူ၊ အလုပ်ချင်း နေရာချင်းတူ၊ ဥာဏ်လုံ့လချင်းတူပါလျက် အကျိုးပေးချင်း မတူတာကို တွေ့ကြုံရတဲ့အခါမှာလည်း ကံမျိုးစေ့ချင်း ကွာခြားမှုနဲ့ ကံတို့ရဲ့ အကျိုးပေး အလှည့်အခွင့်ကို သဘောပေါက် နားလည်တဲ့အတွက် မနာလိုဝန်တိုဖြစ်မှု၊ မောက်မာ ထောင်လွှာမှုမျိုး မဖြစ်စေဘဲ စိတ်ကောင်း နှလုံးကောင်း ထားတတ်လာတယ်။ မုဒိတာပွား တတ်လာတယ်လို့ ဆိုလိုတာပါ။

အဘိဓမ္မာ ဒေသနာများမှာတော့ ကံကံ၏အကျိုးတို့ကို အပြည့်အ၀ ယုံကြည်ပြီး စိတ်ကောင်း နှလုံးကောင်းထားတတ်ဖို့ အသေးစိတ် ခွဲခြားပြထားပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP