မိဿ၊ အံသာ၊ အသ၀ဏီ ရှာပုံတော်
"နေသွားလမ်း စက်ဝိုင်းကို ရာသီ ၁၂ ပါးပိုင်းပြီး ပထမ မိဿရာသီ အစ သုညအံသာဟာ အသ၀ဏီ နက္ခတ် တနင်္ဂနွေ ရ၀ိဖုဋဂြိုဟ်ယှဉ်တယ်လို့လည်း ဆိုရော အတာသင်္ကြန်ကျတာပဲ"
(နေ၀င်းမြင့်၊ ရွှေမန္တလေးဝေးဝေးသင်္ကြန်အက်ဆေး)
နေသွားလမ်း စက်ဝိုင်း၊ မိဿရာသီ၊ သုညအံသာ၊ အသ၀ဏီနက္ခတ်၊ ရ၀ိဖုဋဂြိုဟ် ဆိုတဲ့ စကားလုံးတွေကို နားမလည်တော့ အဲဒီစာကို ကောင်းကောင်းနားမလည်ဘူး။ နားမလည်တော့ သိပ်လည်းအရေးမကြီးပါဘူးဆိုပြီး ခဏပစ်ထားလိုက်တယ်။ ဒါပေမဲ့ သူ့ကိုပစ်ထားပြီး တခြားစာတွေဖတ်ရတာ စိတ်ထဲ စနိုးစနောင့် ဖြစ်နေတယ်။ မနေနိုင်တော့တဲ့အဆုံး တခြားကိစ္စတွေ ခဏပြန်ပစ်ထားပြီး Googling လုပ်တယ်။ သရုပ်ပြအဘိဓာန်ကို လှန်တယ်။
ရာသီ ၁၂ ပါးကို ရှာတော့ ၁။ မိဿရာသီ ၂။ ပြိဿ ၃။ မေထုန် ၄။ ကရကဋ် ၅။ သိဟ် ၆။ ကန် ၇။ တူ ၈။ ဗြိစ္ဆာ ၉။ ဓနု ၁၀။ မကာရ ၁၁။ ကုမ် ၁၂။ မိန်ရာသီတို့ ပါလားလို့ တွေ့ရတယ်။ အောက်မှာ ၁၂ ရာသီကို နေသွားလမ်း စက်ဝိုင်းနဲ့ ပိုင်းထားတဲ့ပုံကို ဟောဒီနေရာက ရတယ်။ credit to -http://kopakhan.myanmarbloggers.info/2010/03/blog-post_21.html
နက္ခတ်ပိုင်းမှာ အသ၀ဏီလို့ မတွေ့ရဘူး။ သုတေသန သရုပ်ပြအဘိဓာန်မှာ အဿဝဏီလို့ပဲ "ဿ" (သကြီး) နဲ့ရေးတာ တွေ့ရတယ်။ စာလုံးပေါင်းတွေကို သရုပ်ပြအဘိဓာန်ကပဲ အတည်ယူလိုက်တယ်။ အဲဒီမှာ အဿဝဏီ အပါအ၀င် နက္ခတ် ၂၇ လုံး ပြထားတယ်။ ၁။ အဿဝဏီ ၂။ ဘရဏီ ၃။ ကြတ္တိကာ၎။ ရောဟဏီ ၅။ မိဂသီ ၆။ အဒ္ဒရ ၇။ ပုဏ္ဏဖုသျှု ၈။ ဖုသျှ ၉။ အဿလိသ ၁၀။ မာဃ ၁၁။ ပြုပ္ပါဘရဂုဏ္ဏီ - ၁၂။ ဥတြာဘရဂုဏ္ဏီ -၁၃။ ဟဿဒ ၁၄။ စိတြ ၁၅။ သွာဒိ ၁၆။ ၀ိသာခါ ၁၇။ အနုရာဓ ၁၈။ ဇေဋ္ဌ ၁၉။ မူလ ၂၀။ ပြုပ္ပါသဠ်၂၁။ ဥတ္တရာသဠ် ၂၂။ သရ၀ဏ် ၂၃။ ဓနသိဒ္ဓိ၂၄။ သတ္တဘသျှ၂၅။ ပြုပ္ပါဘဒြပိုဒ် ၂၆။ ဥတ္တရာဘဒြပိုဒ် ၂၇။ ရေ၀တီ ရယ်လို့ တွေ့ရတယ်။
အဿဝဏီ နက္ခတ်က မိန်ရာသီ "၀"(သုည) အံသာကနေ အစပြုပြီးတော့ ရာသီ စက်ဝန်းရဲ့  ၁၃ အံသာ ၂၀ လိတ္တာကို ပိုင်ဆိုင်ပါတယ်။ လို့ ရေးထားတာကို ဟောဒီနေရာမှာ တွေ့ရတယ်။ credit-http://www.mmastrology.com/2007/10/blog-post_22.html
နေသွားလမ်းစက်ဝန်းက ၃၆၀ ဒီဂရီရှိတယ်။ လိတ္တာပေါင်း ၆၀ ပြည့်ရင် တစ်အံသာ။ အံသာ သုံးရာခြောက်ဆယ် ပြည့်ရင် ၁၂ ရာသီပဲလို့ နားလည်လိုက်တယ်။ (ဟုတ်မဟုတ် ထောက်ပြကြပါကုန်။)
နောက်ထပ်အမှတ်အသားတစ်ခု ရရှိတာက - ဟောဒီနေရာက http://www.ainmat.com/index.php?/archives/657-unknown.html ဖြစ်ပါတယ်။ "ရ၀ိဖုဋဂြိုလ်စင် တနင်္ဂနွေ စတင်ဝင်ရောက်ချိန်မှာ သင်္ကြန်စတင်ကျပြီးနောက် ၂ရက် ၄နာရီ ၄မိနစ် ၄၀စက္ကန့် ရ၀ိမဓျဂြိုလ်သွမ်း တနင်္ဂနွေ ရောက်ရှိချိန်မှာ နှစ်သစ်ကို ကူးပြောင်းပါတယ်။ " လို့ ရေးသားထားတယ်။
နေသွားလမ်း စက်ဝိုင်း၊ မိဿရာသီ၊ သုညအံသာ၊ အသ၀ဏီနက္ခတ်၊ ရ၀ိဖုဋဂြိုဟ် ဆိုတဲ့ စကားလုံးတွေကို အထိုက်အလျောက် သိသွားတော့ အထက်က စာသားကို နားလည်သွားတယ်။ ကိုယ့်ဖာသာ စိတ်ကျေနပ်မှုရပြီး ကျန်တဲ့ကိစ္စတွေဆက်လုပ်လို့ ရသွားပါတော့တယ်။

0 comments:
Post a Comment