* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 4, 2010

လည်ပြန်အကြည့်


လူတွေဟာ ကိုယ်လျှောက်ခဲ့တဲ့ ဘ၀လမ်းခရီးကို ပြန်ကြည့်တတ်တယ်တဲ့။ ဒါကိုပဲ တစ်ချို့က ခြင်္သေ့လည်ပြန် အကြည့်တဲ့။ အချို့ကကြတော့လည်း သမင်းလည်ပြန်အကြည့်လို့ ဆိုကြပြန်တယ်။ ဒီနေရာမှာတော့ ခြင်္သေ့ လည်ပြန်အကြည့်ဆိုတာက အကြောက်တရားကင်းခြင်း၊ ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်း ဆိုတဲ့အချက်တွေနဲ့ ပြန်ကြည့်တာလို့ ဆိုကြတယ်။

သမင်လည်ပြန်အကြည့်ကြတော့ အဲသလို မဟုတ်ပြန်ဘူး။ သူကတော့ ကြောက်လန့်အားငယ်ခြင်း၊ နှစ်သက်မြတ်နိုးခြင်း၊ အပြစ်ကင်းစင်ခြင်း ဆိုတဲ့ အကြည့်တွေနဲ့ ကြည့်ခဲ့တာလို့ ပြောကြတယ်။ ဒီလိုပါပဲ။ စာရေးသူလည်း ကိုယ့်ရဲ့နောက်ကြောင်း သမိုင်းလေးတွေ ပြန်လည်ကြည့်မိတယ်။ ကြည့်ခဲ့မိတဲ့အကြောင်းအရာလေးတွေ ပြန်လည်လို့ ပြောကြည့် ချင်ပြန်ပါတယ်။ ဒါကိုပဲ ဖြတ်သန်းခဲ့ဘူးတဲ့ အတွေ့အကြုံဆိုယင်လည်း မှားမယ်မဟုတ်ပါဘူး။

သီဟိုလ်နိုင်ငံကို ရောက်နေခဲ့တယ်ဆိုတာကို အမှတ်ရနေမှသာ ဆက်လက်ပြောဆိုမယ့် အကြောင်း အရာလေးတွေဟာလည်း ပိုလို့ အသက်ဝင်လာမှာပါ။
ဗုဒ္ဓသာသနာနှင့်ပတ်သက်တဲ့ ပညာရေးစနစ်အတွက် သီဟိုလ်နိုင်ငံဟာ ခေတ်နဲ့အမီ လိုက်နိုင်တယ်လို့ စာရေးသူတို့လောကမှာ ယူဆထားကြတယ်။ ဒီယူဆချက်ကပဲ စာရေးသူတို့အတွက် သီဟိုလ်သွားဖို့ တွန်းအားဖြစ်စေပြန်တယ်။ ဟုတ်ပါလိမ့်မယ်။ လူတွေဟာ ကိုယ့်နဲ့သက်ဆိုင်တဲ့နယ်ပယ်အလိုက် လှုပ်ရှားရုန်း ကန်နေကြရတာပါ။ စာရေးသူတို့လည်း ဒီနယ်ပယ်အတွင်း အကျွမ်းတ၀င်ရှိကြတာဆိုတော့ သီဟိုလ်ကို ပညာသင်ခရီး ဆန့်တာဟာ ထူးဆန်းမယ်တော့မဟုတ်လှပါဘူး။ မြန်မာနိုင်ငံထက် နိမ့်ကျတဲ့ အပိုင်းတွေ ရှိနိုင် သလို အားသာတဲ့အချက်တွေကလည်း စာရေးသူလက်လှမ်းမိသလောက်တော့ တွေ့နေရတာ ပါပဲ။ အဓိက ကတော့ ပညာရေးမှာ အားသာတဲ့အချက်တွေ ရှိနေတာ ငြင်းလို့မရပါ။ ဒါဟာ စာရေးသူတို့ရဟန်းလောကကို သက်သက်ရည်ရွယ်ပြောလိုယင်းမဟုတ်ဘဲ အခြာသောလောကီအတန်းပညာရပ်များလည်း အကျုံးဝင်ပါတယ်။

တစ်နှစ်ဆိုတဲ့ ပညာသင်ချိန်လေးတွေဟာ သိပ်မကြာလိုက်ဖူးလို့ ထင်ရပေမယ့် ပေးဆပ်လိုက်ရတဲ့ တန်းဖိုးကတော့ သူ့အတိုင်းအတာနဲ့သူရှိနေပါတယ်။ အသက်အရွယ် ဒါမှမဟုတ် အိတ်ထဲက စီးဆင်းသွားတဲ့ ဒေါ်လာလေးတွေလို့များ ပြောလို့ရမလားပဲ။ ဒီလို့နဲ့ တက္ကသိုလ်စာမေးပွဲ ဖြေပြီးအချိန်မှာ ရှေးဘာဆက်လုပ် ရမလဲဆိုတဲ့ အတွေးများကလည်း အသိထဲမှာ နေရာဝင်ယူလာပါတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ကမ်းလှမ်းလာမှုကြောင့် စာမေးပွဲ ဂေဇက်ထွက်ပြီးလို့ မကြာခင်မှာပဲ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့တော်ကို ရှေ့ခရီး အတွက် နောက်ထပ်ခြေလှမ်းအသစ် စတင်ခဲ့ပြန်ပါတယ်။

ဒီလိုနဲ့ သီဟိုလ်လေဆိပ်ကို နောက်တစ်ခေါက် ပြန်ရောက်ခဲ့ရပြန်တယ်ဆိုပါတော့။ ဟိုတစ်ချိန် အ၀င်မှာတုန်းက မျော်လင့်ချက်နဲ့ ယခု ပြန်အထွက်မှာ မျော်လင့်ချက်တွေက ခြားနားသွားပါပြီ။ M A ဆိုတဲ့ သီရိလင်္ကာနိုင်ငံက ရရှိလာတဲ့ ဘွဲ့လေးက စာရေးသူနှင့်အတူ ကပ်ပါလျှက်ပါ။ တစ်နှစ်တာအတွင်း ရရှိခဲ့တဲ့ ဒီဘွဲ့လေးကိုင်ပြီး ရှေ့ခရီးဆက်မလား။ ဒါမှမဟုတ် မြန်မာပြည်က ငါးနှစ်လောက်ကြိုးစားလိုက်မှရရှိနိုင်တဲ့ ဘွဲ့ကိုင်ပြီး နောက်ထပ် တစ်ဆင့်လှမ်းမလားဆိုတာကတော့ စာရေးသူ မခွဲခြားနိုင် သေးတဲ့ကိစ္စပါ။

သီဟိုလ်နဲ့ အိန္ဒိယဆိုတာက ဘာမှကြာလိုက်ပုံမရတဲ့ ခရီးတစ်ခု။ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုလ်နဲ့ အိန္ဒိယနိုင်ငံ၊ တမီနာဒူးပြည်နယ် ချင်းနိုင်း ခရီးဟာ ရန်ကုန်နဲ့ကာလကတ္တားခရီးလိုပဲ အချိန်သိပ်မကွာတာကို သိလိုက်ရတယ်။ သူငယ်ချင်းသုံးပါး ချီတက် လာကြတာပါ။ သူငယ်ချင်းများရဲ့အတွေ့အကြုံက သွားရေးလာရေးခရီးကို ဖြောင့်ဖြူး စေခဲ့တာကတော့ အမှန်ပါ။ ကိုလံဘိုလ်မြို့တော်မှ နေ့လည် သုံးနာရီမှစတင်လာတဲ့ခရီးဟာ ချင်းနိုင်းမြို့ကို တစ်နာရီဖြင့် ရောက်ရှိလာကြပါတယ်။ ချင်းနိုင်းကနေမှတဆင့် ဘုံဘေကို စီးရတဲ့ခရီးအကွာအဝေးကြတော့ နောက်ထပ် နှစ်နာရီခွဲ ကျော်ကျော် သုံးနာရီနီးပါးမျှ ကြာရပြန်ပါတယ်။ ချင်းနိုင်းလေဆိပ်မှာ ထူးခြားတာလေး တွေ သိပ်မတွေ့လိုက်ရပေမယ့် လေယာဉ်ပေါ်မှာတော့ ထူးခြားလာတဲ့ စရိုက်လက္ခာဏာတွေကို တွေ့မြင်ရပါပြီ။ အဲဒါကတော့ မျိုးစုံလှတဲ့ အိန္ဒိယနိုင်ငံသားများရဲ့ ၀တ်ပုံစားပုံ၊ မျက်နှာအသွင်အပြင်နဲ့ ရနံ့တွေပါပဲ။

ည ရှစ်နာရီကျော် ထွက်လာတဲ့ လေယာဉ်ဟာ ည ဆယ့်တစ်နာရီကျော်ကျော်မှာ ဘုံဘေလေဆိပ်ကို ဆိုက် ရောက်လို့ လာပါတယ်။ ရောက်တယ်ဆိုယင်ပဲ စိတ်ထဲမှာတော့ ပျော်သလိုလိုရှိသားပါ။ လေယာဉ်ကွင်း အထွက်မှာတော့ နောင်တော်ကြီးတစ်ပါးက ကြိုးစား၍ ကြိုဆိုရှာပါတယ်။ ညဥ့်နက်သန်းခေါင်အချိန်ဆိုတော့ တစ်ပါးတည်းသော နောင်တော်ကြီးအား အားနာစရာကောင်းတယ်လို့ တွေးမိလျက်ပါ။ အခုအချိန်မှာတော့ သူဟာ စာရေးသူတို့ စောမယကောလိပ်မှာ ကျမ်းတင်ပြီလို့ ဘိုင်ဘာ(viva)ထိုင်ရန်စောင့်နေတဲ့ ဒေါက်တာလို့ ခေါ်ဆိုခွင့်ရှိနေပြီဖြစ်တဲ့ ဒေါက်တာလောင်း တစ်ယောက်ပါ။

ကောလိပ်ထဲရောက်လာတယ်ဆိုယင်ပဲ နယ်သစ်ပယ်သစ်ရဲ့ အနေအထားတွေကို စူးစမ်းလေ့လာမိနေပါတယ်။ မိုးလင်းပြီး အိပ်ရာနိုးလို့ မကြာခင်မှာပဲ ဌာနက ဒါရိုက်တာထံသွားပြီး အကြောင်းကြားဖို့အတွက် ပြင်ဆင်ရပြန်တယ်။ စာရေးသူနေတဲ့အဆောင်ကနေ ဒါရိုက်တာရဲ့ရုံးခန်းအသွားမှာတော့ ကောလိပ်ကျောင်းသူ ကျောင်းသား ဘုံဘေသူများရဲ့ အလှအပတွေ မြင်တွေ့ခွင့်ရလိုက်ပါတယ်။ အော် ဒါ့ကြောင့် ဘောလိဝုဒ်ရုပ်ရှင် လုပ်ငန်းကြီး အောင်မြင်နေတာလို့ အဲသလိုမျိုး တွေးထင်မိပါရဲ့။

နောက်တစ်နေ့မှာတော့ စာရေးသူတို့ကို supervisor ဖြစ်သူ မဒမ်နဲ့ တွေ့ခွင့်ရခဲ့တယ်။ မဒမ်အကြောင်းလေးတွေ ပြောကြည့်ချင်သေးတယ်။ တကယ်တော့ မဒမ်ဟာ ဗုဒ္ဓဘာသာဝင်လို့ ပြောရလောက်အောင် ဗုဒ္ဓဘာသာ နဲ့နီးစပ်သူပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာလို့ အမည်ခံယူ မခံယူကတော့ ခပ်ဝေးဝေးက ရှောင်ထားတဲ့ မေးခွန်းတစ်ခု ပါ။ မြန်မာပြည်ကို ရောက်ခဲ့ဖူးသလို လက်ရှိကလည်း ဆရာကြီးဂိုအင်ကာရဲ့ ကမ္မဌာန်းဌာနမှာ နာယက လူကြီးတွေပါ။ ဒေါက်တာဘွဲ့ကို ပါဠိနဲ့ပြီးထားတာဆိုတော့ ကိုယ်ပြောမယ့်ပါဠိတော်လာဆိုင်ရာတွေကို သူက ကြိုလို့သိနေတာ အများကြီးပါ။ တစ်နေ့တစ်နေ့ မဒမ်အပြေးအလွှားသင်ပေးနေရတဲ့ သင်တန်းတွေက အများ သား။ အဲဒီအထဲက စောမယကောလိပ်နဲ့ ဘုံဘေတက္ကသိုလ်တို့ဟာလည်း ပြေးလို့မလွတ်ပါဘူး။ မြန်မာ ရဟန်းတော်တွေအပေါ်မှာတော့ သံယောဇဉ်ကြီးသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါတယ်။

စာရေးသူတို့ သူငယ်ချင်းသုံးပါးက ကိုယ်တင်မယ့်ကျမ်းအတွက် synopsis ကို ကိုင်ဆွဲလာခဲ့ကြတာပါ။ ဒါပေ မယ့် မဒမ်နဲ့တွေ့တဲ့အခါမှာတော့ ရေးလာသမျှဟာ သဲထဲရေသွန်သလိုပါပဲ။ လိုအပ်ချက်တွေ အများသား ပါလားလို့ သိလိုက်ရတယ်။ ဒီလိုနဲ့ပဲ တစ်လတာနီးပါးမျှ အချိန်လေးတွေ ပေးပြီးတော့ ကိုယ်တင်မယ့် ကျမ်း အကြောင်းအရာလေးတွေ ပြင်လိုက်ဖျက်လိုက်နဲ့ ပြီးသွားခဲ့ကြတယ်။ စာရေးသူတို့ရဲ့အရည်အသွေးဆိုတာထက် မဒမ်ရဲ့ ကျွမ်းကျင်မှုက ရာခိုင်နှုန်း ခုနှစ်ဆယ့်ငါး ပါမယ်ထင်ပါတယ်။

synopsis ကိစ္စတွေပြီးတော့ စာရွက်စာတမ်း တွေကို မော်ကွန်းထိန်းဆီမှာ လက်မှတ်ထိုးရဦးမှာပါ။ စာရွက်စာတမ်းတွေကတော့-
(၁) B.A အောင်လက်မှတ်၊ examination mark အမှတ်စာရင်း၊ သို့မဟုတ် B.A နှင့်ညီမျှသော လက်မှတ်၊ အမှတ်စာရင်း။
(၂) (1) M.A အောင်လက်မှတ် (2)examination mark အမှတ်စာရင်း၊(မှတ်ချက်။ အမှတ်အားလုံး ပေါင်းပြီးနောက် အဲဒီရလဒ်ကို ဘာသာအားလုံးနှင့် စား၍ ၅၅-ရာခိုင်နှုန်း ပြည့်မီရမည်။ မပြည့်မီက ၀င်ခွင့် မရှိပါ။)၊ (3) grading ecritificate (4)migration certificate (5) testimonial
(၃) passport မိတ္တူ india visa မိတ္တူ၊
(၄) application for approval of research project and for authorization of visa အတွက် ဖြည့်ရမည့် စာရွက်၊
(၅) form of application for approval of the topic of the thesis for admission as post-graduate student for the degree of doctor philosophy (Ph.D)အတွက် ဖြည့်စွက်ရမည့် စာရွက်၊
(၅) synopsis ၂၀-စောင် (တစ်စောင်လျင် စာမျက်နှာ ၁၂-ခန်၊့ synopsis တွင်ပါဝင်သော စာမျက်နှာအားလုံး)၊ ( supervisor ၏ signatureနှင့် ကျောင်းသား၏ signature စာရွက်တိုင်းတွင် ပါရမည်။)
(၆)certificate of affiliation အတွက်ဖြည့်ရမည့် စာရွက်(ဒီစာရွက်က မြန်မာနိုင်ငံ အိန္ဒိယသံရုံးမှာ ဗီဇာ လျှောက်ရန်အတွက် မပါမဖြစ်) တို့ ဖြစ်ပါတယ်။

စာရေးသူအတွက် မြန်မာနိုင်ငံက MA လက်မှတ်ဟာ Ph.D လုပ်ဖို့အတွက် အခွင့်အရေးမပေးခဲ့ပါဘူး။ အကြောင်း ကတော့ အမှတ်စာရင်းတွေ ပါမလာလို့ပါပဲ။ အဲဒါကြောင့် သီဟိုလ် MA လက်မှတ်နဲ့ပဲ Ph.D ကို မိတ်ဆက်ပေးခဲ့ပါတယ်။ လက်မှတ်ထိုးခြင်းကိစ္စတွေ ရုံးကိစ္စတွေ ပြီးတဲ့နောက်မှာတော့ ပီအိပ်ခ်ျဒီ ကျောင်းသား လို့ ခေါ်လို့မရသေးပေမယ့် ရောင်နီပျိုးလာပြီလို့ပဲ ပြောရမလားပဲ။ approval letter (အပရိုဘယ်လက်တာ)ကို စောင့်ရဦးမှာပါ။ အပရိုဘယ် လက်တာဟာ ကျောင်းသားအဖြစ် အသိအမှတ်ပြုတဲ့အဆင့်ပါ။ တရားဝင်ကျောင်း သားဖြစ်ဖို့က နောက်ထပ် အဆင့်များစွာ ဖြတ်သန်းရဦးမှာပါ။ အပရိုဘယ်လက်တာအတွက် သုံးလကြာမလား၊ ခြောက်လနဲ့ ရမလား၊ တစ်နှစ်ကြာမှပဲ မြင်တွေ့ခွင့်ရမလားဆိုတာ မသေချာမရေရာတဲ့ စောင့်စားမှုပါ။

စရိတ်စက ကြီးလှတဲ့ ဒီဘုံဘေမြို့တော်ကြီးမှာ အဲဒါရဖို့အတွက် စောင့်ဆိုင်းနေရမယ်ဆိုယင် ပါလာသမျှ လုံးပါး ပါးမှာပါ။ ဒီအတွက် နောက်ကြောင်းပြန်လှည့်ခြင်းကသာ စာရေးသူတို့အတွက် အသင့်တော်ဆုံးလို့ ဆိုရမှာပါ။ ( ကံကောင်းထောက်မစွာဖြင့်ပဲ သုံးလအကြာမှာ အပရိုဘယ်လက်တာက ကျလာပါတယ်။) အချို့ကတော့ အိန္ဒိယကနေ တိုက်ရိုက် မြန်မာပြည် ပြန်ကြတယ်။ အချို့ကတော့လည်း သီဟိုလ်ကို ပြန်လည်တပ် ခေါက်ကြ တယ်။ စာရေးသူတို့ သုံးပါးဟာ သီဟိုလ်ကို ပြန်တပ်ခေါက်ခဲ့တဲ့သူတွေပါ။

ဘုံဘေလေဆိပ်ဆင်းဖို့အတွက် မနက်အစောကြီးကတည်းက ထခဲ့ရတာပါ။ သုံးမိနစ်တစ်ကြိမ် လေယာဉ် ပျံသန်းနေတဲ့ ဘုံဘေလေဆိပ်ကို ဘန်ကောက်လေဆိပ်နဲ့ နှိုင်းယှဉ်နေမိပြန်တယ်။ သန့်ရှင်းသပ်ယပ်မှုတွေနဲ့ စည်းစနစ်ကျမှုတွေကတော့ ဘန်ကောက်သုဝဏ္ဏဘူမိက ပိုလို့အားသာပါတယ်။ လေယာဉ်ကွင်းရောက်ရှိ ကြတယ်ဆိုယင်ပဲ ရှုပ်ထွေးလှတဲ့ ဘုံဘေလေဆိပ်ကြီးထဲမှာ စာရေးသူတို့လည်း အငြိမ်နေဖို့ အခွင့်မရှိသေးပါ။

ဒီအချိန်မှာ ခရီးသည်တွေကို စစ်ဆေးတဲ့နေရာ စစ်ဆေးရေးဂိတ်ကို စာရေးသူတို့ဟာ အခြားခရီး သည်များ နဲ့အတူ ရောက်ခဲ့ကြတယ်။ အဲသလိုနဲ့ စာရေးသူအလှည့်ကျရောက်လာပါတယ်။ အဲဒီအခါမှာ တာဝန်ကျ စစ်ဆေနေတဲ့ဝန်ထမ်းတစ်ယောက်က စာရေးသူကို အိတ်ထဲရှိသမျှ ဟိုဟာထုတ်ခိုင်း ဒီဟာ ထုတ်ခိုင်းနဲ့ပါ။ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်က တော်တော်ခပ်လှမ်းလှမ်းရောက်နေပါပြီ။ ဘာတွေများ ဖြစ်ပါလိမ့်ဆိုပြီ ကိုယ့် ကိုယ်ကို သံသယ ၀င်လာတယ်။ တော်တော်လေးစစ်ဆေးလို့ အားရတဲ့အခါမှာ ပြုံးပြုံးနဲ့ -မင်္ဂလာပါ-လို့ မြန်မာ စကားနဲ့ ပြောပါတယ်။ စာရေးသူလည်း ကြောင်တောင်တောင်နဲ့ ရယ်ဖြစ်သွားတယ်။ အော် သူက စကား ပြောချင်လို့ အဲသလိုလုပ်နေတယ်ဆိုတာ သိလိုက်ရတယ်။ သူက မြန်မာပြည်မှာ တာဝန် သုံးနှစ် ထမ်းဆောင်ဖူး ပါသတဲ့။ စာရေးသူကလည်း အဲဒီဝန်ထမ်းကို မင်္ဂလာပါလို့ နှုတ်ဆက်ပြီး ထွက်ခွါလာခဲ့ပါတယ်။ emigration (အင်မီဂရေးရှင်း)မှာ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးတဲ့အခါမှာတော့ လေယာဉ်ပေါ် ရောက်ရှိလာခဲ့တယ်။

ဒါပေမယ့် လေယာဉ်ထွက်ချိန်မှာ လူတစ်ယောက် ရောက်မလာသေးလို့ တစ်နာရီနီးပါးမျှ စောင့်လိုက် ရတာဟာ ပြန်ဖို့ စိတ်စောနေသူအတွက်တော့ အတော်လေး ကသိကအောက်နိုင်လှတယ်။ အဲဒီကနေ့ လေယာဉ် ထွက်ခွါခဲ့တယ်ဆိုယင်ပဲ နှစ်နာရီခွဲနီးပါးကြာတဲ့ လေယာဉ်ဟာ ချင်းနိုင်းကို ပြန်ရောက်ပါတော့တယ်။ နောက်ထပ် ချင်းနိုင်းမှာ နှစ်နာရီလောက်စောင့်ပြီးတဲ့အခါမှာတော့ သီဟိုလ်ပြန်မယ့် လေယာဉ်ပေါ်ကို ရောက်ရှိလို့ လာခဲ့တယ်။ ဒီအပြန်ခရီးကတော့ သီဟိုလ်နိုင်ငံဆိုတာဟာ စာရေးသူအတွက် မစိမ်းလှတော့ပါဘူး။ ဒါပေမယ့် ဒီအချိန်ပြန်ဝင်လာခဲ့တာဟာ ထွက်လာတုန်းက အဓိပ္ပါယ်နဲ့ ကွာသွားပြန်ပြီဆိုတာ ကိုယ့်ကိုယ်ကို အသိ အမှတ်ပြုမိပြန်တယ်။

ဒါဟာ ကိုယ်လျှောက်ခဲ့တဲ့လမ်းကို ပြန်လည်ကြည့်မိခြင်းပဲ မဟုတ်ပါလား။ ပြန်လည်ကြည့် နိုင်တယ်ဆိုတာကလည်း ဖြတ်သန်းခဲ့ဘူးတဲ့ လမ်းခရီးရှိခဲ့ လို့ဆိုယင် မှန်မလားပဲ။ ဒီဖြတ်သန်းခြင်းဟာ ဖြတ်သန်းမှုများစွာထဲက နောက်ထပ် တစ်ခုလို့ဆိုရမှာပါ။







0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP