အဘိဓမ္မာ အပိုင်း ၃၊ အခန်း ၃၀ (ရုပ်တရား နောက်ဆုံးပိုင်း)
ရုပ်တရားအပိုင်းမှာ ပြောပြဖို့ ရုပ်အုပ်စု -၂-စုပဲ ကျန်ပါတော့တယ်။ ယနေ့ ယင်း ကျန်ရှိနေသေးတဲ့ အုပ်စု -၂-ခုမှ ၀ိကာရရုပ် (ပကတိ အနေအထားထက် ထူးခြားတဲ့ သဘောရုပ်)တရားကို ပြောပြပါမယ်။ ဤ-ရုပ်တရား -၃-ပါးက အပိုင်း -၂-ဖြစ်တဲ့ စေတသိက်ပိုင်း (သောဘနစေတသိက်) ပြောပြစဉ်က နာမည်များနှင့် အတူတူပါပဲ။ ဒါပေမယ့် ယခုပြောပြမည့် တရားများကတော့ ရုပ်ရဲ့ အမူအရာ သဘောများဖြစ်ပါတယ်။
နံပါတ် -၁-က လဟုတာရုပ်= ရုပ်ရဲ့ပေါ့ပါးမှု အမူအရာရုပ်။ မိမိတို့တတွေရဲ့ ခန္ဓာကိုယ်ကြီးဟာ ရုပ်တရား+ နာမ်တရားတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတာဆိုတော့.... စိတ်ညစ်ရင် ရုပ် နွမ်းတယ်၊ စိတ်ပျော်ရင် ရုပ် လန်းတယ်။ ယင်းကဲ့သို့ဆက်စပ်နေပါတယ်။ အခု ဒီရုပ်တရားရဲ့ သဘောကလည်း မိမိစိတ်လေး ရွှင်လန်းတက်ကြွနေတဲ့အခါ ရုပ်ခန္ဓာကလည်း ပေါ့ပါးလန်းဆန်း နေပါတယ်။ ထိုကဲ့သို့ ဖြစ်နေတဲ့ အချိန်သည် ဤရုပ်တရားလေး ဖြစ်နေတဲ့အချိန်ပါပဲ။
လောကမှာ ပြောလေ့ရှိတဲ့ စကားလေး တစ်ခွန်းတောင် ရှိပါတယ် “စိတ်ထောင်းတော့ ကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု”ဆိုတာ။ ဤကဲ့သို့ စိတ်နှင့်ရုပ် (သို့မဟုတ်) နာမ်နှင့် ရုပ် ဆက်စပ်နေတာပါ။ (နာမ်ဆိုတာ သိမှုသဘော၊ ရုပ်ဆိုတာ မသိမှု သဘော။)
နောက်တစ်ပါးက မုဒုတာရုပ်= ရုပ်တရားရဲ့ နူးညံ့မှုသဘော အမူအရာရုပ်။ စိတ်ပျော်ရွှင် အေးချမ်းတော့ ရုပ်ခန္ဓာကလည်း နူးညံ့ သိမ်မွေ့နေတဲ့ သဘောပါ။
အရိယာ သူတော်စင် (သို့မဟုတ်) တချို့ သီလသမာဓိနှင့် ပြည့်ဝတဲ့ ဆရာတော်ကြီးတွေကို ဖူးမြင်လိုက်ရလို့ ထိုပုဂ္ဂိုလ်တွေရဲ့ ခန္ဓာကိုယ် လန်းဆန်းနေတဲ့ သဘော၊ သိမ်မွေ့တဲ့သဘော မျက်နှာကြည်လင် နေတဲ့ သဘောတွေဟာ အပူတရားတွေ ငြိမ်းအေးနေတာ့... မျက်နှာတော်ကို ဖူးမြင်လိုက်ရတာနဲ့ ဖူးမြင်သူမှာ အအေးဓာတ် ကူးစက်လောက်အောင် နူးညံ့သိမ်မွေ့မှု သဘောဓာတ်တွေ ရှိပါတယ်။ နာမ်တရား (စိတ်တရား)တွေက အေးချမ်းတော့ ရုပ်တရား နူးညံ့သိမ်မွေ့နေတဲ့ သဘောဆိုတာ ယင်းကဲ့သို့ ဖြစ်တာကို ဆိုလိုပါတယ်။
နောက်တစ်ပါးက ကမ္မညတာရုပ်= ကိုယ်ဖြင့်ပြုရသော အမူအရာသဘော၏ ကောင်မွန်တဲ့ သဘော, လုပ်သမျှ အစဉ်ချောနေတဲ့ သဘောမျိုးပါ။ အပေါ် ရုပ်တရား -၂-ပါးလိုပဲ... စိတ်တရားနဲ့ ဆက်စပ်နေပါတယ်။ စိတ်အမြင်ရှင်းတော့ လုပ်သမျှ အလုပ်များ အဆင်ပြေနေတဲ့ သဘောအမူအရာများ ဖြစ်ပါတယ်။
ဝိကာရုပ်တရား (ထူးခြားမှု အမူအရားရုပ်တရား) အုပ်စုသည် (၅)ပါး ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံး -၂-ပါးဖြစ်တဲ့ ကာယ၀ိညတ် =ကိုယ်အမူအရာ, ၀စီဝိညတ်= နှုတ်အမူအရာ ထူးခြားမှု သဘောများသည် အပေါ်မှာ ပြောခဲ့တဲ့ ၀ိညတ်ရုပ် -၂-ပါး ပြောစဉ်က အဓိပ္ပါယ်နှင့် အတူတူပင် ဖြစ်ပါတယ်။
ဒါဆို ဘာလို့ ဒီမှာ ထပ်ပြရသလဲဆိုရင်.... ထူးခြားမှုအမူအရာ ရုပ်တရားအားလုံးကို ထုတ်ပြလိုလို့ ထပ်ပြရခြင်း ဖြစ်ပါတယ်။ ဒါဆို ၀ိကာရုပ်အုပ်စု ဒီမှာတင် ပြီးပါပြီ။
နောက်ဆုံး အုပ်စုက လက္ခဏရုပ် အုပ်စု ဖြစ်ပါတယ်။ လက္ခဏရုပ်သည် -၄-ပါး ရှိပါတယ်။ လက္ခဏာရေးတရား -၃-ပါး ဆိုတာကတော့ အများကြားဘူးမယ်ထင်ပါတယ်။ အနိစ္စ (အမြဲမရှိ/ ခဏတိုင်း ပြောင်းလဲနေ)၊ ဒုက္ခ (ချမ်းသာမရှိ အမြဲဆင်းရဲ)၊ အနတ္တ (ကိုယ်ဖြစ်ချင်တိုင် မဖြစ်၊ အစိုးမရ)ဆိုတဲ့ တရား -၃-ပါးပါ။ လက္ခဏာဆိုတာလည်း ကြားဘူးမယ် ထင်ပါတယ်၊
ဗေဒင်လက္ခဏာ၊ အဲဒီမှာ ပါတဲ့ လက္ခဏာနဲ့ အဓိပ္ပါယ် အတူတူပင် ဖြစပ်ပါတယ်။ အမှတ်အသားလို့ အဓိပ္ပါယ်ရပါတယ်။ ဗေဒင်ဆရာထံမှာ လက္ခဏာကြည့်ခိုင်းတယ်ဆိုတာ မိမိလက်ဖ၀ါးပြင်၊ မျက်နှာပြင် စသည်များရဲ့ ပြင်ပန်း ရုပ်လက္ခဏာ “အမှတ်အသား”များကို ကြည့်ပြီး ယေဘုယျဖြစ်တတ်တဲ့ သဘောများကို ကြည့်ခိုင်းတာ ဖြစ်ပါတယ်။ အမှန်းချည်းပဲ မဖြစ်နိုင်ပါဘူး။
အခုပြမည့် လက္စဏရုပ် -၄-ပါးကတော့ မိမိတို့ခန္ဓာကိုယ်က ပြတဲ့ အမှန်တွေကို ပြတဲ့ အမှတ်အသားများ ဖြစ်ပါတယ်။ ၄-ပါးလို့ ဆိုထားပေမယ့် ချုံ့လိုက်ရင် -၃-ပါးပဲ ဖြစ်ပါတယ်။ လွယ်အောင် မှတ်လိုက်တော့ (ရုပ်+နာမ်)တရားတွေရဲ့ ဖြစ်မှု၊ တည်မှု၊ ပျက်မှု (ဖြစ်၊ တည်၊ ပျက်) သဘောပါပဲ။
စာအရှိအတိုင်း သွားကြစို့....၊
နံပါတ် -၁-က ဥပစယရုပ်= အစဖြစ်တဲ့ရုပ်။ ဖြစ်စဉ်တိုင်းမှာ အစဖြစ်တဲ့ အစဉ်ခဏကို ပါဠိလို “ဥပစယ”လို့ ခေါ်ပါတယ်။ ဖြစ်စသဘောပါ။
နံပါတ် ၂-က သန္တတိရုပ်= ဖြစ်စဉ်ကို အစပြု၍ အစဉ်အတန်း ဖြစ်နေတဲ့ သဘောရုပ်လို့ အဓိပ္ပါယ်ရပါတယ်။
နံပါတ် ၃-က ဇရတာရုပ်= ရင့်ရော်မှု သဘောရုပ်။ လူအများထင်နေကြတာကတော့ ထင်ရှားတဲ့ ခန္ဓာကိုယ် မသယ်နိုင်၊ မသွားနိုင်တဲ့ အရွယ်ကိုသာ “ဇရတာ=အိုးမင်း ရင့်ရော်နေပြီ”လို့ သမုတ်ခေါ်ကြပါတယ်။
ရုပ်တရား+ နာမ်တရားတို့ရဲ့ ဖြစ်စဉ်ကလည်း ဖြစ်တယ်၊ ခဏအခိုက်အတန့် တည်တန့်နေတယ်၊ နောက် ပျက်ချိန်တန်လို့ ရင့်လာတယ်၊ နောက် ပျက်သွားတယ်။ ယင်းကဲ့သို့ လျှင်မြန်စွာ ခဏမစဲပဲ ဖြစ်၊ တည်၊ ပျက် နေပါတယ်။ နောက်ဆုံး လက္ခဏရုပ်တရားက အနိစ္စတာ= မမြဲမှုသဘော။ (ဒီတရားကတော့ အများကြားဘူးနေတဲ့ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) လက္ခဏာရေး သုံးပါးတရားထဲက အနိစ္စတရားနှင့် အတူတူပါပဲ)။
ဒီလက္ခဏရုပ် တရား -၄-ပါးကို အများကြားဘူးနေတဲ့ ဖြစ်၊ တည်၊ ပျက်-၃-ပါးနှင့် စပ်ယူပုံက...
ဥပစယရုပ်သည်= ဖြစ်မှု သဘောရုပ်၊ သန္တတိရုပ်သည်= ဖြစ်စဉ်ပြီး တည်တန့်ခြင်း သဘော (အစဉ်အတန်း ဖြစ်နေခြင်း သဘော)၊ ဇရတာ+ အနိစ္စတာ= ပျက်သွားခြင်း သဘော။ ဤကဲ့သို့ ဖြစ်၊ တည်၊ ပျက်အစဉ်အနေအားဖြင့် စပ်ဟပ်ယူရပါတယ်။
(တရားရိပ်သာများမှာ ရှုမှတ်တာကတော့ ဖြစ်+ပျက် ၂-မျိုးတည်းပါ။) ပြည့်ပြည့်စုံစုံ ပြောရရင်တော့ ရုပ်+နာမ်တရားတို့ရဲ့ ဖြစ်စဉ်သည် (ဖြစ်၊ တည်၊ ပျက်ပါ။) ဖြစ်လိုက်၊ ခဏမျှတည်လိုက်၊ နောက် ပျက်သွားလိုက်။ တခါ အသစ်ရုပ်+ နာမ်တရား တစ်ပါး ဖြစ်လိုက်၊ ခဏတာမျှ တည်နေလိုက်၊ နောက် ပျက်သွားလိုက်, ယင်းကဲ့သို့ ရုပ်+ နာမ်တရားများဟာ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဖြစ်တာက မြန်တော့ မိမိတို့ တတွေက ယင်းကဲ့သို့ ဖြစ်စဉ်ကို ခက်ပါလိမ့်မယ်။ ၀ိပဿနာတရား ရှုမှတ်ဘူးရင်တော့ ရေးရေးသိမယ်ထင်ပါတယ်။ လက္ခဏရုပ် -၄-ပါးကို ရုပ်+နာမ် တရားအားလုံးနှင့် ချုံငုံ ပြလိုက်ပါတယ်။
ဒါဆို ရုပ်တရား (၂၈)ပါးတို့ရဲ့ သိသင့်တဲ့ အဓိပ္ပါယ် သဘော ဤတွင် ပြီးပါပြီ။
အဘိဓမ္မာတရားမှာ အကျဉ်းအားဖြင့် (ရုပ်နှင့် နာမ်)၊ နဲနဲချဲ့ပြောတော့ (စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်) ဤကဲ့သို့ ရှိရာ အခု စိတ်အကြောင်း၊ စေတသိက်အကြောင်း၊ ရုပ်အကြောင်း ပြောပြီးသွားပါပြီ။ နောက်နေ့မှာ ကျန်နေသေးတဲ့ နိဗ္ဗာန်အကြောင်း ပြောပြပါမယ်။ ဒီနေ့ ဒီမျှသာ။

0 comments:
Post a Comment