မတူး နဲ့ မထူး
Wednesday, 07 April 2010 03:45 |
Written by Administrator | PDF | | Print | | E-mail
လူ့ဘ၀၊ လူ့ခန္ဓာ၊ လူ့ချမ်းသာဆိုတာ အိပ်မက်ပမာ၊ တံလျှပ် တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီဘ၀၊ ဒီခန္ဓာကို တဏှာ-မာန-ဒိဋ္ဌိတွေနဲ့ သုံးသပ်နေသမျှတော့ စစ်မှန်တဲ့ အကျိုးအမြတ်ဆိုတာ ထွက်ပေါ်လာစရာ အကြာင်း မရှိပါဘူ။ လူ့ဘ၀၊ လူ့ခန္ဓာဟာ သဒ္ဓါ၊ မေတ္တာ၊ ပညာတွေနဲ့ သုံးသပ် နိုင်မှ အကျိုး အမြတ်ဆိုတာ ရလာနိုင်တာပါ။
ဘ၀မှာ" လောကလူသား"နဲ့ "ဓမ္မလူသား" ရယ်လို့ လူ့အဖြစ်က နှစ်မျိုးရှိပါတယ်။ လောက နောက်ကို လိုက်ပြီး "အရှိ"ကို အားကိုးကြသူတွေဟာ လောကလူသားတွေပါ။ ဓမ္မနောက်ကို လိုက်ပြီး "အသိ"ကို အားကိုးမှ ဓမ္မလူသားလို့ ခေါ်ဆိုနိုင်တာပါ။ အသိမပါဘဲ အရှိတစ်ခု တည်းနဲ့ လူ့ဘ၀ရဲ့ ပျော်ရွှင်မှုကို မရနိုငိပါဘူ။ အသိကင်းရင် ကင်းသလောက် အရှိတရားတွေဟာ လူကို ခြိမ်းခြောက် အပူမီးတောက်စေ ကြပါတယ်။ တကယ်တော့ အရှိဆိုတာတွေဟာ အသိနဲ့ထိန်းညှိ ပေးနိုင်မှ အပူငြိမ်း၊ အကြောက်ပြေ၊ အငိုတိတ်ကာ လိုရာကိစ္စပြီးနိုင်ကြတာပါ။
လူ့ဘ၀ လူ့ခန္ဓာကို လောက လူသားတွေက တဏှာ- မာန- ဒိဋ္ဌိတွေနဲ့ မှားယွင်းစွာ သိမ်းပိုက် ထားတတ်ကြပြိး၊ ဓမ္မလူသားတွေကတော့ သဒ္ဓါ၊ မေတ္တာ၊ ပညာတွေနဲ့ မှန်ကန်စွာ အသုံးချ တတ်ကြပါတယ်။ "မနုဿတ္တဒုလ္လဘ" အဖြစ် ကံတရားက ပေးအပ်ထားတဲ့ လူ့ဘ၀လက်ဆောင် ကောင်းဟာ အသိအလိမ္မာ၊ဉာဏ်ပညာနဲ့ မွမ်းမံနိုင်မှ တန်ဖိုးရှိ မြတ်နိုးဖွယ်ဖြစ်ကာ အကျိုး အမြတ်လည်း ထွက်ပေါ်လာနိုင်တာပါ။ ဒါကြောင့် လောကလူသားတွေက မိမိကိုယ်မိမိ ဒုက္ခသစ္စာ အကျဉ်းထောင်ကြီးထဲမှာ သမုဒယသစ္စာကြီးတွေနဲ့ တင်းကျပ်စွာ တုပ်နှောင်ပြီး အကျဉ်းချထားချိန်မှာ ဓမ္မလူသားတွေကတော့ နိရောဓ သစ္စာရိပ်မြုံမှာ မဂ္ဂသစ္စာ ရိက္ခာတွေနဲ့ အေးချမ်းပျော်ရွှင်စွာ ၀င်ရောက် ခိုလှုံနေတတ်ကြပါတယ်။
လောကလူသားနဲ့ ဓမ္မလူသားဟာ အပေါ်ယံအသွင်သဏ္ဍာန်အနေနဲ့ ကြည့်ရင် သိပ်ပြိးမကွဲပြားပေမယ့် အတွင်းအနှစ်သာရကတော့ အင်မတန် ခြားနားလှပါတယ်။ လောက လူသားတွေဟာ ကျီးကန်းနဲ့ တူပါတယ်။ သူတို့ရဲ့ အသံဟာ ဘယ်နေရာ၊ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် အမြဲတမ်း ဆူညံ ပူလောင်နေပါတယ်။ ဓမ္မလူသားတွေကတော့ ဥသြနဲ့တူပါတယ်။ သူတို့ရဲ့ အသံက ဘယ်နေရာ၊ ဘယ်ကိစ္စ မှာပဲဖြစ်ဖြစ် အမြဲတမ်း အေးချမ်းသာယာလှပါတယ်။
နောက်တစ်နည်းပြောရရင် လောကလူသားတွေဟာ ယင်ကောင်နဲ့တူပြီး ဓမ္မလူသားတွေက ပျားကောင်နဲ့ တူပါတယ်။ ယင်ကောင်ဟာ "ဘေး"ကို ပေးတတ်သလို လောကလူသား တွေဟာလည်း မိမိနဲ့ ပတ်ဝန်းကျင်ကို အပူ-ဆင်းရဲ-ပြဿနာ ဘေးဒုက္ခပေါင်းစုံကို ပေးတတ်ပါ တယ်။ ပျားကောင်တွေက "ဆေး"(ပျားရည်)ကို ပေးတတ်သလို ဓမ္မလူသားတွေကလည်း မိမိနဲ့ ပတ်ဝန်းကျင်ကို အေးချမ်း-ပျော်ရွှင်-ပြဿနာရောဂါပေါင်းစုံကို ကင်းစင်စေပါတယ်။
ဗုဒ္ဓသာသနာတော်မြတ်ကြီးဟာ သံသရာတစ်ကြောမှာ လောကလူသားအဖြစ်နဲ့ မျောချင် တိုင်းမျောခဲ့ကြရတဲ့ မိမိတို့ကို ဓမ္မလူသားအဖြစ်နဲ့ ဆယ်ယူကယ်တင်ဖို့ ပွင့်ထွန်းပေါ်ပေါက် လာခဲ့တာပါ။ ဗုဒ္ဓမြတ်စွာ သာသနာတော်နဲ့ ကြုံတုန်းဆုံခိုက်မှာတောင် မိမိတို့ရဲ့ တဏှာ-မာန-ဒိဋ္ဌိတွေကို မစွန့်ပစ်၊ မလျှော့ချနိုင်ရင်၊ သဒ္ဓါ၊ မေတ္တာ-ပညာတွေကို တိုးပွားအောင် မကြိုးစား နိုင်ကြရင် ဓမ္မလူသားအဖြစ်ကို ဘယ်သောအခါမှ မျှော်မှန်းနိုင်ကြမှာ မဟုတ်ပါဘူး။
ဘ၀သံသရာမှာ ဘ၀၊အသက်၊ခန္ဓာကို ပြန်ရဖို့ဆိုတာ ခံယဉ်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ဘုရားပွင့်တော်မူရာအချိန်အခါ သူတော်ကောင်းတရားနဲ့ အရိယသစ္စာကို သိမြင်နိုင်ခွင့် ဆိုတာတွေဟာ ဘ၀သံသရာမှာ အင်မတန် တွေ့ကြုံရဖို့ ခဲယဉ်းတဲ့အရာတွေပါ။ အမြဲတမ်း ဖြစ်ပေါ် တွေ့ကြုံနေကျ သာမန်ကိစ္စနဲ့ တစ်ခါတစ်ရံမှသာ ကြုံရတတ်တဲ့ အခွင့်ကောင်း၊ အခွင့်ထူး ဒီနှစ်ခုကို အသိဉာဏ်ချိန်ခွင်ပ်ါမှာတင်ပြီး ယှဉ်ကြည့်မိတဲ့ သူတော်ကောင်းတွေဟာ ရခဲတဲ့အရာ တွေအတွက်၊ ရလွယ်တဲ့ အရာတွေကို မငဲ့မကွက် ရက်ရက်စက်စက် စွန့်ပစ်တတ် ကြပါတယ်။
ဓမ္မလူသားတွေဆိုတာ ဘုရား၊ တရား၊ သံဃာ ရတနာတော်မြတ်သုံးပါးကို ကံမျက်စိနဲ့ သာမက ဉာဏ်မျက်စိနဲ့ပါ ဖူးတွေ့ကြရသူတွေပါ။ သူတို့ဟာ ဒီရတနာသုံးပါးကိုသာ လောကမှာ အမြင့်မြတ်ဆုံးသောမင်္ဂလာ၊ အဖိုးအတန်ဆုံးသော ရတနာ၊ အစစ်မှန်ဆုံးသော ကိုးကွယ်ရာ အဖြစ် မြတ်နိုးတန်ဖိုး ထားကြသူတွေပါ။ ဒီရတနာသုံးပါ။ရဲ့ ကျေးဇူးနဲ့ပဲ အပူအလွန်ပေါလှတဲ့ လူလောကကြီးထဲမှာ တစ်ဘ၀လုံး တည်ငြိမ်ရင့်ကျက် အေးချမ်းပျော်ရွှင်စွာ နေထိုင်သွား နိုင်ကြတာပါ။
အပူ-အရှုပ်၊ အယုတ်ဆိုတာတွေဟာ လောကလူသားတွေရဲ့ ပြယုဂ်ပါ။ လောကလူသား တွေရဲ့ နှလုံးသားဟာ မီးခိုခန်းကျဉ်းကျဉ်းကလေးထဲမှာ နေရတာလိုပဲ အမြဲတမ်း ကျဉ်းကျပ်ပူလောင် မည်းမှောင်ညစ်ထေး၊ ရှုပ်ထွေး နံစော်နေတာပါ။ အပျော်-အအေး-အမြတ် ဆိုတာတွေကတော့ ဓမ္မလူသား တွေရဲ့ အမှတ်လက္ခဏာတွေပါ။ ဓမ္မလူသားတွေရဲ့ နှလုံးသား ဟာ တိုက်ခန်းကျယ်ကြီးထဲမှာ နေရတာလိုပဲ အမြဲတမ်း လွတ်လပ် သန့်စင် အေးချမ်း ပျော်ရွှင်နေတာပါ။
သူတော်ကောင်းတရား ထွန်းလင်းရာခေတ်ကို လူအဖြစ်နဲ့ ကြုံကြိုက်ခွင့်ရသူတိုင်းဟာ လောကီ စိးပွားကြီးပွားရေးတွေထက် ဓမ္မလူသား ဖြစ်ခွင့်ရရေးကို ပိုမိုအလေးထား ကြိုးစားအားထုတ် သင့်ကြပါတယ်။ ဘ၀သံသရာမှာ တစ်ကြိမ် တစ်ခါလောက်သာ တွေ့ကြုံ ရတတ်တဲ့ ဓမ္မစီးပွားရေးကို ကြိမ်ဖန်များစွာ တွေ့ကြုံနေရတဲ့ လောကစီးပွားရေးလောက် အလေးဂရုမပြုတတ်သူတွေဟာ အဖိုးတန်ကျောက်မျက်ရတနာတွေ ပေါများရာ ဝေဘူတောင် ပေါ်ကို ရောက်ရှိပါလျက် ဓားသွေး ကျောက်မျှကိုသာ ကောက်ယူလာ သူနဲ့ ဥပမာတူပါတယ်။
ဘ၀မှာ "အရှိ"တရားတွေထက် "အသိ"တရားကသာပိုမိုပြီး တည်ငြိမ်ရင့်ကျက် အေးချမ်း ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တာပါ။ အသိတရားကင်းတဲ့အခါ လူ့ဓန၊ လူ့ချမ်းသာဆိုတာ မရှိတော့ စိတ်ပူ၊ ရှိလာတော့ စိတ်မအေး ဖြစ်ရသလို လူ့ဆန္ဒ၊ လူ့လိုအင်တွေကလည်း မရတော့ စိတ်ဆင်းရဲ၊ ရလာတော့ စိတ်မချမ်းသာ ဖြစ်တတ်ပါတယ်။ တကယ်တော့ "အရှိ"တရားဆိုတာ တွေဟာ မာရ်နတ်ရဲ့ တပ်မကြီးတစ်ခုဖြစ်ပြီး "အသိ" တရားဆိုတာကတော့ ဘုရားရှင်ရဲ့ မြင့်မြတ်တဲ့ အမွေအနှစ်တစ်ခု ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး ဓမ္မပုံပြင်ကလေးတစ်ခု ပြောပြချင်ပါတယ် ။ ဒီပုံပြင်ကို တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ (ယော)ဆရာတော်ကြိး ပြောပြခဲ့ တာပါ။
တစ်ခါတုန်းက ရွာတစ်ရွာမှာ မတူးနဲ့ မထူးဆိုတဲ့ အပျိုကြီး ညီအင်မနှစ်ယောက်ရှိတယ်။ သူတို့ မိဘတွေက ပစ္စည်းဥစ္စာ အလွန်ပေါတဲ့ လူချမ်းသာတွေပါ။ တစ်ရွာလုံးရဲ့ မျက်နှာဖုံး ဘုရားဒကာ၊ ဘုရားအမ၊ ကျောင်းဒကာ၊ ကျောင်းအမတွေပေါ့။
ညီအစ်မ နှစ်ယောက်ဟာ မိဘနှစ်ပါးရှိစဉ်က အလွန်ချစ်ခင် ညီညွတ်ကြပေမယ့် မိဘနှစ်ပါး ကွယ်လွန်သွားတဲ့အခါ အမွေကိစ္စနဲ့ စကား မပြောနိုင်ကြတော့ဘူး၊ ပြုံးရာကနေ မဲ့ကုန်ကြသတဲ့။ အေးရာကနေ ပူလောင်ကုန်ကြပြီး၊ ပျော်စရာကနေ ရန်ဖြစ်စရာတွေ ဖန်တီးကုန်ကြသတဲ့။
ဘ၀ဆိုတာ ရှိတိုင်းချမ်းသာတာမှ မဟုတ်ဘဲ၊ လူ့ချမ်းသာရဲ့ အနှစ်သာရဆိုတာ "အသိ" ပဲ၊ တရားအသိမရှိရင် ချမ်းသာဖို့ ရည်ရွယ်ပြီး ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းတွေဟာ စိတ်နဲ့ ခလုတ် တိုက်ပြိး အမြဲ တမ်းလိုလို မျက်ရည်ကျရ၊ ပူရတတ်တယ်။
အခုလည်းအလွန်ချစ်တဲ့ ညီအစ်မနှစ်ယောက်ကို သွေးကွဲအောင် ခွဲပစ်တာက ပစ္စည်းပဲ။ ဖြောင့်အောင်ပြောရင်တော့ ပစ္စည်းအရင်းခံတဲ့ ဒေါသပါ။ ဒေါသဆိုတာ လောကရဲ့ အကြီးမားဆုံး `ခွဲအား´ပဲ။ နှစ်ယောက်တည်းရှိတဲ့ အပျိုကြီး ညီအစ်မကို အချင်းချင်း မျက်နှာချင်းဆိုင် စကား မပြောနိုင်အောင် ခွဲပစ်တာဟာ ဒီဒေါသပါပဲ။ ပစ္စည်းက ရန်တိုက်ပေးတော့ ဒေါသက ကွဲအောင် ခွဲပစ် လိုက်တာပေါ့။
ပုထဇဉ်တွေရဲ့ စိတ်ဆိုတာ တရားလွတ်ရင် မောဟအမှောင်ထဲမှာ အကျဉ်းချခံရပြီး လောဘနဲ့ ဒေါသက နှစ်ဖက်ညှပ်ပြီး ဖောင်တတ်တယ်။ အတူးနဲ့မထူး ညီအစ်မနှစ်ယောက်လည်း ပစ္စည်း လောဘ အလိုမကျတော့ ဒေါသမီးတွေတောက်နေကြတယ်။ တစ်အိမ်တည်းမှာ နှစ်ယောက် မျက်နှာ ချင်းဆိုင်လို့မရတော့ဘူး၊ တစ်ယောက်မျက်နှာ တစ်ယောက်လုံးဝ ကြည့်လို့ မရတော့ဘူးတဲ့။
နှစ်ထပ်အိမ်မှာ လှေကားက တစ်ခုတည်း၊ အပေါ်ထပ်တက်ချင်ရင် အတွင်းလှေကးက တက်ရတယ်။ နှစ်ယောက်မတည့်တော့ တစ်ယောက် တစ်ထပ်စီနေကြတယ်။ အတွင်း လှေကား ကိုလည်း ဖြုတ်ပြီး အပြင်ဘက်မှာ ပြောင်းတပ်ကြတယ်။ အပေါ်ထပ်က အစ်မမတူး၊ အောက်ထပ်က ညီမဖြစ်သူမထူး တစ်အိမ်တည်း အထပ်ခွဲပြီး နေကြတယ်။
ခြံဝင်းကိုလည်း အလယ်ကနေ ခွဲပြီး နှစ်ဝင်းဖြစ်အောင် အုတ်တံတိုင်းခတ်ပြီး ခြားထားကြ တယ်။ မတူးက အိမ်ရှေ့ခြံဝင်းကနေ အပေါ်ထပ်ကိုတက်ပြီးနေတယ်။ မထူးက အိမ်နောက်ခြံဝင်း ကနေ အောက်ထပ်ကို ၀င်ပြီးနေရတယ်။ နှစ်ယေက်တည်း နေကြပေမယ့် တိတ်ဆိတ်အေးချမ်းမှု မရှိကြဘူး။
အပေါ်ထပ်က အတူးက လမ်းသွားရင် ကြမ်းခင်းကို တဒုန်းဒုတ်းမြည်အောင်နင်းတယ်။ မတော်တဆလိုလိုနဲ့ တမင်တကာ ရေတွေ သွန်ချအမှိုက်တွေ သွန်ချ လုပ်တတ်တယ်။ အောက်ထပ်က မထူးကလည်း ခဲနဲ့ပစ် တုတ်ချောင်းနဲ့ထိုးပြီး အပေါ်ထပ်က အစ်မကို လှမ်းဆဲလိုက်၊ အောက်ထပ်က ညီမကို ပြန်ပြီး အော်ဆဲလိုက်နဲ့ ညီအစ်မ နှစ်ယေက်ရဲ့ ဒေါသငွေ့တွေကြောင့် တိုက်အိမ်ကြီးဟာ အခိုးအလျှံ တပြောင်ပြောင်ထွက်ပြီး ပူလောင်နေတယ်။ အိမ်ရဲ့ ကျက်သရေမင်္ဂလာ ဆိုတာ လုံးဝကင်းမဲ့ပြီး ခြောက်ကပ်ကပ်ကြိး ဖြစ်နေတာပေါ့။
အဲဒီအကြောင်းတွေကို သူတို့မိဘရှိစဉ်က ကိုးကွယ်ခဲ့တဲ့ ဘုန်းတော်ကြီးက ကြားတော့ အကြီးမ မတူးက ကျွတ်ဆတ်ဆတ်နဲ့ ပြောလို့မရမှန်း သိတာမို့ အငယ်မ မထူးကို ခေါ်ပြော တယ်။ "
"ဟဲ့ ..မထူး၊ နင်နဲ့မတူးက ဘာတော်လဲ"။ ညီအစ်မတော်ပါတယ်ဘုရား၊ ဟာ.. ညီအစ်မ မှန်ရင် ရန်ဖြစ်စရာ မလိုပါဘူးကွာမထူး၊ ရန်ဆိုတာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်သူနဲ့ပဲဖြစ်ဖြစ်၊ ဖြစ်လို့ရတာပဲ။ ညီအစ်မဆိုတာ ဆွေမျိုးပဲ၊ ဆွေစိတ်မျိုးစိတ်ထားရမှာပေါ့။ ရန်သူ စိတ်မထားရဘူး၊ ဆွေမျိုးဆိုတာ ရင်းနှီးရမယ်၊ ခင်မင်ရမယ်၊ ချစ်ကျွမ်းဝင်ရမယ်၊ အကျိုးလိုလားပြီး သစ္စာရှိရမယ်။ မိဘနှစ်ပါေးကြာင့် သွေးသားစပ်ပေမယ့် ဆွေမျိုးမတော်နိုင်ဘူးဆိုတာ လောဘ၊ဒေါသ၊ မောဟတွေ ကြောင့်ပါ။ အဲဒီ လောဘ။ဒေါသ၊မောဟတံတိုင်းတွေ ခြားနေရင် ဆွေစိတ် မျိုးစိတ်ပျောက်ပြီး သိပ်ကြောက်စရာကောင်းတဲ့ ရန်သူဖြစ်သွားတတ်တယ်'။
"ကဲ… မထူး၊ မင်းက အငယ်ဆိုတော့ အကြီးကို သည်းခံခွင့်လွှတ်လိုက်၊ ပြီးတော့ အစ်မ မတူး ကို မေတ္တာပို့၊ ဖြစ်တဲ့နည်းနဲ့ မေတ္တာပို့ မေတ္တာလွယ်လွယ်နဲ့ ပို့လို့မရရင် ဘုရားရှေ့သွား၊ ဘုရား အာရုံပြုပြီး စိတ်ကို ဆေးကြောသန့်စင်လိုက်၊ စိတ်ကောင်းတွေ ထုတ်လုပ်လိုက်၊ ပြီးရင် နင့်အပေါ်မှာ နင့်အစ်မ ကျေးဇူးပြုခဲ့တာတွေ အများကြီးပဲ၊ အဲဒီကောင်းကွက် ကလေးတွေကို သေသေချာချာ ဖော်ပြီး မေတ္တာစူးစူးစိုက်စိုက်ပို့ပါ။ ဒါဆိုရင် နင့်တို့ ညီအစ်မရဲပ အိမ်တွင်းရေး ပြဿနာ ဟာ ပြေလည် သွားမှာပဲ။
အဲဒီလို ဘုန်းတော်ကြီးက ဆုံးမသွန်သင်လိုက်တဲ့အခါ မထူးဟာ အိမ်ပြန်၊ ဘုရားရှေ့သွား၊ ဘုရားအာရုံပြုပြီး မေတ္တာဘာဝနာ ပွားများ လိုက်တဲ့အခါ ဒေါသအပူအခိုးတွေ ကွယ်ပျောက်ပြီး၊ သူရဲ့ ပင်ကိုယ်စိတ် ကောင်းလေးတွေ ပေါ်လာသတဲ့။ သူ့အစ်မ မတူးရဲ့ ကောင်းကွက် ကျေးဇူးတွေ မြင်လာတဲ့အခါ"ကျေးဇူးရှင် အစ်မမတူး ဘေးရန်ကင်းကွာ၊ ကျန်းမာ ချမ်းသာပါစေ"လို့ မထူးဟာ လှိုက်လှိုက် လှဲလှဲ မေတ္တာပို့ပါတယ်။
တစ်ရက်လည်း၊ မဟုတ် နှစ်ရက်လည်း မဟုတ် နေ့စဉ် ဘုရားရှင်ရဲ့ စွမ်းအားအကူအညီနဲ့ မေတ္တာပို့နေတဲ့အခါ နည်းလမ်းမှန်တော့ အစ်မဆီ မေတ္တာဓာတ်တွေ ရောက်တောပေါ့။ အိမ်အပေါ် ထပ်က မတူး မနေနိုင်ဘူး။ အောက်ထပ်ဆင်းပြီးတော့ ပြောလာတယ်။
"ညီမရယ်၊ အစ်မ မှားတာပါ၊ အစ်မကိုလည်း သည်းခံပါ၊ခွင့်လွှတ်ပါ"။ "မဟုတ်ပါဘူး အစ်မရယ်၊ ညီမက မိုက်တာပါ။တစ်ယောက်နဲ့တစ်ယောက် ဖြောင့်ချက်ပေးလာကြတယ်။
စောစောကတော့ နင်မှားတာ၊ နင်မှားတာနဲ့ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုး ကြတယ်။ ဒေါသရဲ့ ဆွဲအားကြောင့် ကိုယ့်ကိုယ်ကို တရားခံမလုပ်နိုင်ကြဘူး။ အခုတော့ ဆွေစိတ်မျိုးစိတ်တွေ ပေါ်လာတာကြောင့် ခန္တီရဲ့ မေတ္တာပြန်ဝင်လာတယ်။ ကိုယ်ကိုယ်ကို တရားခံလုပ်နိုင်ကြတယ်။ အဲဒါနဲ့ တစ်ယေက်နဲ့တစ်ယောက် တည့်သွားကြတယ်။ မလုပ်ချင်လို့၊ မလုပ်နိုင်လို့သာ မဖြစ်ကြတာပါ။ တကယ်လုပ်ရင်တော့ အဟုတ် ဖြစ်ကြတာချည်းပါပဲ။
အိမ်ဘေးက ထောင်ထားတဲ့ လှေကားကြီးဖြုတ်ချ၊ အရင်အတိုင်း အထဲက ပြန်တပ်၊ နှစ်ဝင်း ခြားပြီး ကာထားတဲ့ အုတ်တံတိုင်းကိုလည်း ဖြိုချ၊ တစ်အိမ်တည်း တစ်ထပ်တည်းမှာပဲ အတူပြန်ပြီး ချစ်ချစ်ခင်ခင် နေထိုင်ကြသတဲ့၊ လောကမှာ မေတ္တာတရားဟာ အကြီးမားဆုံး ဆွဲအားပဲ
အဲဒါနဲ့ မတူးနဲ့ မထူးတို့ဟာ အသိတရားတွေ ၀င်လာကြပြီးတော့ မိဘနှစ်ပါးရဲ့ ပစ္စည်း အမွေ"အရှိ" တရားတွေကို မှန်မှန်ကန်ကန် ခွဲဝေအသုံးချတတ်တာကြောင့်၊ လောက သာသနာနဲ့ နှစ်ဖြာစလုံးမှာ အကျိုးမှားလှတဲ့ ဘုရားအမ၊ ကျောင်းအမတွေ ဖြစ်ကုန်ကြတယ်။ အချင်းချင်းလည်း ချင်ခင်မြတ်နိုးကြပြီး ပတ်ဝန်းကျင်ရဲ့ ချစ်ခင်လေးစား တန်ဖိုးထားမှုကိုလည်း ခံယူ ကြရတယ်။ လောကနဲ့ သာသနာကို တရားနဲ့ အလှဆင်နိုင်ကြတဲ့ အဖိုးတန် အမျိုး ကောင်းသမီးတွေ ဖြစ်သွားကြပါတယ်။
ဆရာဘုန်းကြိးထံလည်း မကြာ မကြာသွားပြီး အဆုံးအမကို နာယူကြတယ်။ တရားနဲ့ နားတွေ့ ဖန်များတော့ အထူးသိမ်မွေ့လာကြပါတယ်။ တရားနဲ့ စားဝတ်နေရေး အတူတွဲပြီး တရားနဲ့မွေ့လျော်တတ်လာတယ်။ သတိနဲ့ မေတ္တာကို စွဲစွဲမြဲမြဲ ထုံထားတော့ ဘ၀အနေရှင်းပြီး စီးပွားရေးလည်း ပိုကောင်းလာတယ်။ သဒ္ဓါ၊ မေတ္တာအားကောင်းတော့ နေရာတကာ လူရာဝင်ပြီး ပွဲလယ် တင့်ကြတယ်။ နေ့စဉ် နေ့စဉ်(၁)ဒါန(၂)သရဏဂုံ(၃)ငါးပါးသီလ(၄)မေတ္တာ(၀ိပဿနာ ဒီကုသိုလ်(၅)ခုကို အထူးရအောင် ကြိုးစားအားထုတ်ကြတယ်။
တစ်နေ့တော့ အိမ်ဝင်းတံခါး မပိတ်မိလို့ ညဉ့်နက်ချိန်မှာ မတူး မထူးတို့အိမ်ကို ဓားပြသုံး ယောက် ရောက်လာပြီး အိမ်တံခါးကို အတင်းအဖွင့်ခိုင်းတယ်။ မတူးနဲ့ မထူးတို့ဟာ ရတနာ သုံးပါး ဂုဏ်ကို အာရုံပြုရင်း မေတ္တာကိုလည်း စူးစူးစိုက်စိုက်ပွားကာ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ တံခါးသွား ဖွင့်ပေးကြပါတယ်။
"သြော်…ဦးလေးတို့၊ အစ်ကိုတို့၊ တယ်လည်း မိုးချုပ်ကြပါလား၊ လာကြပါ၊ လာကြပါ၊ တံခါး ဖွင့်ပေးရမှာပေါ့"
"ဟေ့.. နင်တို့ ဦးလေး၊ အစ်ကိုတွေ မဟုတ်ဘူး၊ ငါတို့က ဓားပြတွေ သိရဲ့လား၊ ငွေ(၁၀)သိန်း ပေးရင်ပေး၊ မပေးရင် အသေပဲ"
" မဟုတ်ပါဘူးရှင်၊ ကျွန်မ တို့ရဲ့ ဦးလေးတို့၊ အစ်ကိုတို့ဆိုတာ ကျွန်မတို့ နေ့စဉ် လုပ်နေကျ ဒါန၊ သီလ၊ သရဏဂုံ၊ မေတ္တာ၊ ၀ိပဿနာ ကောင်းမှုဆွေမျိုးတွေကို ဖိတ်ခေါ်တာပါရှင်။ သဒ္ဓါတရားတံခါး၊ ဖွင့်ပေးပါမယ်။ ကောင်းမှု ဆွေမျိုးတွေ စိတ်ထဲဝင်လာကြပါလို့ ပြောတာပါရှင်"
အဲဒီလိုဆိုတော့ ဓားပြသုံးယောက်လည်း ကြောက်လန့်ပြီး ဆင်းပြေးကုန်ကြသတဲ့။ တကယ်တော့ မေတ္တာလွှမ်းခြုံလို့ ဘေးရန်မျိုးစုံ လုံကြတာပါ။ မတူးနဲ့ မထူးဟာ သတိနဲ့မေတ္တာ အစွမ်း ထက်မှန်း လက်တွေ့သိကြရတော့ ပိုမိုကြိုးစားကြပါတယ်။ တစ်ဘ၀လုံး တရားစွမ်းအားနဲ့ တည်ငြိမ် အေးချမ်းပျော်ရွှင်စွာ နေထိုင်သွားကြပါသတဲ့။
ဒီဓမ္မပုံပြင်ကလေးဟာ မိမိတို့ ၀န်းကျင်မှာ နေ့စဉ်နဲ့အမျှ တွေ့မြင်နိုင်ကြတဲ့ ပုထုဇဉ်ဘ၀ရဲ့ ကောက်ကြောင်းပုံ ရိုးရိုးကလေးပါ။ ဒီပုံပြင်ကလေးထဲမှာ လောကလူသားနဲ့ ဓမ္မလူသားတို့ရဲ့ အဖြစ် သနစ်ချင်း ကွာခြားပုံကို၊ မတူးနဲ့ မထူးတို့ရဲ့ ဘ၀အလင်းအမှောင်အဖြစ် ခြယ်မှုန်းထားပုံကို တွေ့မြင်ရမှာဖြစ်သလို အရှိ တရားနဲ့ အသိတရားတို့ရဲ့ တန်ဖိုးချင်း မတူညီပုံကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
လူ့ဘ၀၊ လူ့ချမ်းသာဆိုတာ "အရှိ" တရား တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ပါဘူး။ လူ့ဘ၀ရဲ့ အဖိုး အတန်ဆုံး ရတနာဟာ "အသိ"တရားပဲ ဖြစ်ပါတယ်။ အရှိတရားတွေမဟုတ်ပါ။ ပုံပြင်ကလေးရဲ့ ဖြစ်စဉ်ကို သုံးသပ်ကြည့်ရင် လူကို ကိလေသာက နိုင်ပုံ၊ ကိလေသာကို တရားက နိုင်ပုံ၊ တရားကို အသိ သတိက နိုင်ပုံကို တွေ့ရမှာပါ။ လူသားဟာ အသိ သတိလေး တစ်ချက် ၀င်လိုက်တာနဲ့ လောကလူသားအဖြစ်ကနေ ဓမ္မလူသားအဖြစ်ကို တက်လှမ်းနိုင်ပါတယ်။
ဒါပေမယ့်"အရှိ" တရားတွေနောက်လိုက်ရင်း "အသိ"တရားတွေ မပျောက်ပျက်ဖို့၊ လောက နောက်ကို လိုက်ရင်း ဓမ္မတွေ မဆုံးရှုံးဖို့ကိုတော့ သတိကြီးစွာ ထားရမှာ ဖြစ်ပါတယ်။
တော်ဝင်နွယ်

0 comments:
Post a Comment