* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 30, 2010

ခရီးသွား သုံးယောက်

ပုရိသော မဂ္ဂံ ဂစ္ဆတိ၊ ယောက်ျားသည် လမ်းခရီးကို သွား၏။

အဓိပ္ပါယ်ကတော့ ရိုးရိုးလေးပါ။ ကတ္တား၊ ကံ၊ ကြိယာသုံးခုတည်းရယ်လေ။ ငယ်စဉ်က လေ့ကျက်ခဲ့ရတဲ့ သဒ္ဒါဘေဒညွှန်းတမ်းလေး တစ်ခုသက်သက်ပင်။ ပုရိသော၊ ယောက်ျားသည်။ မဂ္ဂံ၊ လမ်းခရိးကို။ ဂစ္ဆတိ၊ သွား၏။ ဒါပါပဲ။ ငယ်ဘ၀ရဲ့ ဉာဏ်မှာ ဒါပဲကျက်မှတ်မိတယ်ဆိုရင်ပဲ ပြည့်စုံပြီလို့ ထင်မှတ်ခဲ့မိပေါ့။ နောက် အရွယ်ကလေးရလာတော့ လမ်းဆိုတာ ပကတိလမ်း၊ ဘ၀လမ်း၊ သံသရာလမ်းလို့ သုံးမျိုးကို စဉ်းစားမိ၏။

ပကတိလမ်း။ အားလုံးသော သတ္တ၀ါတို့သည် လမ်းခရီးကို နှင်ဖူးကြပေလိမ့်မည်။ ခရီးရဲ့ အနီးအဝေးအရ ခြေလျှင်၊ ကား၊ ရထား၊ လေယာဉ်စသည်တို့ဖြစ် သင့်တင့်သလို ခရီးနှင်ကြခြင်းပင်။ ကိုယ်ခရီးကို ကြုံသလိုသွားခဲ့ကြခြင်းပင်။ ကားနှင့်တက်နိုင်သူသည် ကားနှင်းခရီးသွားမည်။ ကိုယ်ပိုင်ကား ဘက်စ်ကား စသည်ဖြင့်တော့ ကွာနေပေလိမ်မည်။ ပိုက်ဆံပိုတက်နိုင်သူသည် လေယာဉ်နှင့် ခရီးနှင်မည်။ ခရီးတွင်မှုတွင်တော့ ကွာခြားချက် ရှိကောင်းရှိပေမည်။ အတုလမ်းဆုံးကိုရောက်ကြရင်ပဲ ရည်မှန်းချက်ပြည့်ပြီဟု ခံစားနေကြသည်။

ဘ၀လမ်း။ ဒါကတော့ အမိဝမ်းမှ မွေးဖွားခဲ့တာခြင်း အတူတူ ကံတူအကျိုးပေးအရ၊ ပါရမီအရ ကွာခြားချက်လေးတွေ ရှိစမြဲပင်။ ငယ်ရွယ်စဉ်မှာ သူဌေးသား၊ ဆင်းရဲသား သားဆိုတဲ့ သက်မှတ်ချက်အရ အတက်အကျနဲ့ ခရီးရောက်မှုတော့ ကွားချင်ကွာမည်။ ရေရှည်မှာတော့ ပညာတက်သောသူသည်သာ ခရီးရောက်၊ ခရီးတွင်ခဲ့သည့် သာဓကနဲ့ ရှေ့ကိုခြေတစ်လှမ်းပိုရောက်နေတက်သည်ဆိုတာတော့ အားလုံးအသိပင်။ ကကြီးရေ က ဆိုတာကစလို့ ဘ၀ကိုလေ့ကျက်ခြင်းတွေ၊ ဖတ်မှတ်မှုနဲ့ ဆင်ခြင်တုံတရားက ဘ၀ကို ပုံဖော်တယ်ဆိုတာတော့ သံသယဖြစ်နေစရာမလိုပေ။ သမိုင်းတွေ၊ မှတ်တမ်းတွေကို ကြည့်ခြင်းဖြင့် သိနိုင်လေသည်။ ပကတိ ခရီးထက် ဘ၀ခရီးသည် ပို၍ ရှည်ကြာနေသောကြောင့်ပင်။ ဘ၀ခရီးသည် အသက်တမ်းအရ၊ အသက်ကံအရ လျှောက်လှမ်းရတဲ့ ခရီးပင်ဖြစ်လေ၏။

နောက် သံသရာလမ်း။ ဒီမှာတော့ ဘာသာအယူဝါဒအရ ကွဲပြားမှုအနည်းငယ်ရှိနေပေမည်။ ခရစ်ယန်အယူဝါဒအရ ဘ၀သည် သေလွန်လျှင် ခရစ်တော်မှာအိပ်ပျော်ခြင်းဖြစ်ပြီး ပြုခဲ့တဲ့ကံ၊ ကံ၏အကျိုးအရ ကောင်းကင်ဘုံ၊ ငရဲစသည်ကွဲပြားမှုသာ။ အခြားအခြားသော ဘာသာဝါဒအရ သူတို့သူတို့၏ သတ်မှတ်ချက်သည်ပင် သူတို့၏ ပန်းတိုင်ဖြစ်လေတော့ သံသရာခရီးသည် ပြဋ္ဌာန်းပြီးသားဖြစ်လေ၏။ ဗုဒ္ဓ၏အလိုအရတော့ သံသရာခရီးသည် လွန်စွာမှ ကျယ်ဝန်း ရှုပ်ထွေးပြီး၊ အဘိဓမ္မာသဘောကို နားလည်ပြီး၊ သံသရာစက်ကိုဖြတ်နိုင်ပါမှ သံသရာခရီးသည် တွင်ပေလိမ့်မည်။ တစ်ဘ၀တည်းနှင့် ခရီးဆုံးရောက်သူ၊ ခုနှစ်ဘ၀ဖြင့်ခရီးဆုံးရောက်နိုင်သူ စသည်ဖြင့် ကွာခြားမှုကို မြတ်ဗုဒ္ဓဒေသနာတော်အရ တွေ့နိုင်၏။ မဇ္ဈိမ ပဋိပဒါ လမ်းဖြင့်သွားနိုင်သူသည် သစ္စာလေးပါးတည်းဟူသော လမ်းခရီအဆုံးကို အရင်ရောက်နိုင်ပြီး၊ အတ္တကိလမထ၊ ကာမသုခလ္လိကာ နုယောဂ လမ်းမှ သွားသော သံသရာခရီးသွားသည် သံသရာလမ်းဆုံးကိုရောက်ရန် နှောင့်နှေးနေပေလိမ့်မည်။ ဓမ္မစကြ်ာ ဒေသနာတော်၌ မြတ်စွာဘုရားသည် အတိအကျပင် ဟောကြားတော်မူခဲ့လေပြီ။

ခရီးသုံးမျိုးတွင် ကိုယ်တိုင် ဘယ်ခရီးကို တွင်လိုသည်ကိုတော့ ဉာဏ်ဖြင့် စဉ်းစားကြစေလိုသည်။ အချို့သည် ပကတိခရီးကို အမြန်နှင်နေ၏။ အချို့က ဘ၀ခရီးကို တန်ဘိုးတစ်ခုအဖြစ် ခံယူချက်ဖြစ် မောင်းနှင်နေကြ၏။ သံသရာခရီးဆိုတာကိုတော့ဖြင့် မတွေးမိကြသေးသည်မှာ အသေအချာပင်။ အနည်းငယ်သော ပုဂ္ဂိုလ်၊ သတ္တ၀ါတို့သည်ပင် သံသရာခရီးအတွက် အမြဲမပျက် ကြိုးစားအားထုတ်နေကြသည်။ ကိုယ့်တန်ဘိုးနဲ့ ကိုယ့်လျှောက်မဲ့ခရီးကို ရွေးခြယ်လျှောက်လှမ်း နေသူများပင်။ ကိုယ်အလိုရှိရာခရီး ကိုတော့ဖြင့် တန်ဘိုးထားလျှောက်လှမ်းနိုင်ပါမှ ကိုယ်လိုရာခရီးကို ရောက်ရှိနိုင်ပေလိမ့်မည် ဖြစ်ပေသည်။

ပကတိခရီး၊ ဘ၀ခရီး၊ သံသရာခရီးတို့၌ ဖြောင့်ဖြူးသော သူများဖြစ်ကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP