ဝိမလာထေရီ
ဤ ဝိမလာထေရီ အရှင်မသည် ရှေးရှေးသော မြတ်စွာဘုရားတို့၏ အထံတော်၌ ဖြည့်ကျင့် ဆည်းပူးခဲ့သော ပါရမီ အဓိကာရရှိလျက် ငါတို့မြတ်စွာဘုရား လက်ထက်တော်အခါ ဝေသာလီပြည်၌ ပြည့်တန်ဆာ မိန်းမ တစ်ယောက်၏ သမီး ဖြစ်လာ၏။ ဝိမလာ ဟူသော အမည်ဖြင့် အရွယ်ရောက်သည်ရှိသော် ထိုပြည့်တန်ဆာ အလုပ်ကိုပင်လျှင် နှစ်သက်၍ အသက်မွေးခြင်းကို ပြု၏။
တစ်နေ့သ၌ ထို ဝိမလာ မည်သော ပြည့်တန်ဆာ မိန်းမသည် ဆွမ်းခံလှည့်လည်သော အရှင်မဟာ မေဂ္ဂလာန် ထေရ်မြတ်ကို မြင်လျှင်တပ်မက်သော စိတ်ဖြစ်၍ အရှင်မြတ်ရှိရာသို့ လာကာ ဖြားယောင်းသော အမူအရာကို ပြု၏။
အရှင် မဟာမေဂ္ဂလာန် ထေရ်မြတ်သည် ဟုတ်မှန်တိုင်းသော သဘောကို ထင်စွာပြလျက် ခြိမ်းခြောက် မောင်းမဲခြင်းကို ပြု၍ ဤ ဂါထာတို့ဖြင့် ဆုံးမတော်မူပေ၏။
“ရင်ဝယ်အဖု နှစ်ခုအမြွာ အစုံပါသော မြင်လာသသူ ယောင်္ကျားတွေကို မြူကာသွေးဆောင် ကျော့ကွင်းထောင်၍ အာပေါင်အာရင်း ခံတွင်းသွားကြား ကြိတ်ဝါး မျိုဖွယ် အစွယ်ပြူးလှ ဘီလူးမ။
“အရိုးအဆက် ဖွဲ့လျက်ပြုပြင် စီရင်ဆောက်လုပ်သော ကုဋီအိမ်နှင့် တူစွာထသော အသားအကြော ရောနှော တွယ်ကပ် ချုပ်စပ် မွမ်းမံအပ်သော မစင်သလိပ် အပြည့်သိပ်၍နေသော ဟောင်စပ်ညှီလှောင်း မကောင်းသော အနံ့လည်းရှိထသော သူတစ်ပါးကိုယ်၌ မြတ်နိုးစုံမက် နှစ်သက်ခင်တွယ်ခြင်းသည် စက်ဆုပ်ဖွယ် ဖြစ်လေစွတကား။
“ရင်ဘတ်၌ အဖုရှိသော ဟယ် ဘီလူးမ၊
“အရေဖုံးအုပ် ချုပ်စပ်မှေးယှက် ကျက်၍ ထားသော မစင်ထည့်သည့် သားရေအိတ်နှင့်တူသော သင်၏ ကိုယ်၌ အကြင်ဆိုပြီးသော သဘောရှိကုန်သော ကိုးပါးသော အပုပ်ရည် အလျဉ်တို့သည် အခါခပ်သိမ်း စီးယိုကျကုန်၏။
“သင်၏ ကိုယ်သည် ကိုးပေါက်ဒွါရ ကိုးဝအပုပ် စက်ဆုပ်ဖွယ်ရှိ အရိအချွဲ အမြဲမပြတ် ယိုစီးတတ်၏။ ဟောင်စပ် ညှီလှောင်း မကောင်းသော အနံ့ရှိ၏။ မစင်ဘင်ပုပ်နှင့် အမြဲစပ်၍ နေ၏။ ထို ကိုးပေါက်ဒွါရ ကိုးဝအပုပ် စက်ဆုပ် ဖွယ်ထိ အရိအချွဲ အမြဲမပြတ် ယိုစီးတတ်သော ကိုယ်ကို မစင်ဘင်ပုပ်ကဲ့သို့ ဖြူဖွေး သန့်ရှင်း စင်ကြယ်ခြင်းကို အလိုရှိသော ရဟန်းသည် ရှောင်ကွင်းရာ၏။
“ဤသို့ ဆိုခဲ့ပြီးသည့်အတိုင်း ထို ကိုယ်ကို ငါသည် သိသကဲ့သို့ လူအပေါင်းသည် အကယ်၍ သိကြငြားအံ့၊ ထို ကိုယ်ကို မိုးရွာတုန်းအခါ၌ မစင်ရှိရာ အရပ်ကဲ့သို့ ထို ကိုယ်ကို ဝေးစွာ ရှောင်ကွင်းရာ၏”
ဤသို့ အရှင်မဟာမောဂ္ဂလာန် ခြိမ်းခြောက် မောင်းမဲ၍ ဆုံးမသောအခါ ဝိမလာသည် ပါရမီရှိသော မိန်းမ ဖြစ်ရကား မာဂဏ္ဍီ မိန်းမယုတ်ကဲ့သို့ စိတ်လည်းမဆိုး ရန်ငြိုးလည်း မထားဘဲ ဟုတ်မှန်သော စကားဖြစ်ပေသည်ဟု ဝန်ခံလျှောက်ကြား၏။
“ကြီးသောလုံ့လ ရှိတော်မူသော အရှင်ရဟန်း….
“ကိုးပေါက်ဒွါရ ကိုးဝအပုပ် စက်ဆုပ်ဖွယ်လိ ရွံဖွယ်ရှိလျက် အရိအချွဲ အမြဲမပြတ် ယိုစီးတတ်၏ ဟူသော အရှင်ရဟန်း၏ စကားသည် ဟုတ်မှန်လှပါ၏။
“ယင်းသို့ပင် ဟုတ်မှန်ငြားသော်လည်း ယောင်္ကျားဖြစ်သူ လူအချို့တို့သည် ရွှံ့ဗွက်ထဲ၌ နွားအို နစ်မြုပ်သကဲ့သို့ စက်ဆုပ်ဖွယ်လိ ရွံ့ဖွယ်ရှိသော အရိအချွဲ အပုပ်ထဲ၌ တလဲလဲ တဖုတ်ဖုတ် နစ်မြုပ်၍ နေကြပါကုန်၏ အရှင်ဘုရား။ အရှင်ဘုရားသည်လည်း အချို့လူတွင် ပါလိမ့်မည် အထင်နှင့် ချစ်ခင်သောအားဖြင့် နှလုံးထား၍ ဖြားယောင်းသော အမူအရာကို ပြုမိပါသည်ဘုရား”
ဤသို့ ပြည့်တန်ဆာမက လျှောက်ကြားသောအခါ အာသဝေါ ကုန်ပြီးသော အရှင်မဟာ မောဂ္ဂလာန်သည် “ချစ်ဆွေနှမ၊ အာကာသ ကောင်းကင်၌ ဆေးရေးရုပ် မထင်သကဲ့သို့ ကောင်းကင်နှင့်တူသော ငါ၏စိတ်ကို အတောင်ပေါက်သော ပရွက်ပလူအား မီးပုံထဲသို့ ဆောင်ယူ၍ သွင်းသကဲ့သို့ မကောင်းသော အရာကို မဆောင်ယူပါလင့်” ဟု မိန့်တော်မူပြီးနောက် ဆက်လက်၍ တရားပြတော်မူ၏။
“အို ချစ်နှမ၊ ဆန်းကြယ်စွာ ပြုလုပ်အပ်သော ပန်းချီဆေးရေးရုပ်နှင့် တူစွာထသော ကိုးပေါက်ဒွါရ အမာဝ ရှိသော၊ အရိုးတို့ဖြင့် စပ်ဆက်စိုက်ထူ၍ ထားအပ်သော၊ အထိမခံ ကြွေပန်းကန်သို့ တစ်ခါတစ်ရံ ထိုခိုက်ပါလျှင် နာကျင်ခြင်း သဘောရှိသော၊ သေလိမ့်မည်လား မသေလားဟု များစွာသွယ်သွယ် ကြံစည်ဖွယ် ရှိသော ကိုယ်ကို ဟုတ်တိုင်းမြင်အောင် ဆင်ခြင်ကြည့်ရှုလေလော့။ အကြင်ကိုယ်၏ အမြဲအခိုင် တည်ခြင်းသည် မရှိချေ”
(ဝိမလာထေရီ အပိုင်း-၃ နိဂုံး ဆက်တင်ပါမည်)



0 comments:
Post a Comment