လျှို့ဝှက် သောက (၅)

ကျမအကြောင်းကို ပြောရမယ်ဆိုရင် ယောက္ခမသူဋ္ဌေးကြီး အကြောင်းကို ပြောပြဖို့လိုလာပါသည်။ သူ့ဘ၀ သူ့အကြောင်းကတော့ ....
ကုဋေပေါင်းလေးဆယ်ခန့် ချမ်းသာကြွယ်ဝသော သူဋ္ဌေးကြီး မအိပ်နိုင် မစားနိုင်ဖြစ်နေလေသည်။ အိပ်ယာပေါ် လဲသော်လည်း စိတ်က မငြိမ်။ တမှိုင်မှိုင် တတွေတွေ စိတ်တွေဝေနေသည့် အဖြစ်ပျက်က မယုံနိုင်စရာ။ မယုံနိုင်၍ အကြိမ်ပေါင်းများစွာ မီးခံသေတ္တာဖွင့်ကြည့်မိသည်။ သူဋ္ဌေးကြီးသည် သူ့အဖြစ်ကို သူယူကြုံး မရဖြစ်နေမိသည်။ ငါပိုင်သည့် ဤမျှလောက်သော ရတနာပစ္စည်းတွေ သူခိုးခိုးသွားရင်လည်း တော်သေး သည်ပေါ့။ ကူညီပါရစေဋ္ဌာနကို အကြောင်းကြားကာ ခြေရာခံလိုက်နိုင်လျှင် တချို့တ၀က်တော့ ပြန်ရနိုင် သေးသည် ပေါ့။ ခုတော့ .....................
ရတနာပစ္စည်းတွေ မီးသွေးခဲဖြစ်နေပြီ။ သေချာအောင် လက်နဲ့ထပ်တလဲလဲပွတ်ကြည့်သော်လည်း ထူးမခြားနား။ မဲပဲမဲလျှက်ပင်။ ပန်ထိမ်သည်ဆီ သွားပို့ပြီး စစ်ခိုင်းရရင်လည်း သူအတွက် ရွှေဖြစ်နေလို့ တ၀က်လောက်များ ခိုးထားရင် ခက်ရချေရဲ့။ မီးသွေးခဲဖြစ်နေတဲ့ ငါ့ရတနာတွေ ရွှေထည်တွေ ဘယ်လိုများ ရွှေပြန်ဖြစ်အောင် လုပ်ရမလဲ..လုပ်ရမလဲဟု သာဝတ္ထိမြို့မှ သူဋ္ဌေးကြီး စိတ်အကြံအိုက်လျက် စိတ်မသက်သာဖွယ်ဖြစ်နေလေသည်။
မကြာခင်မှာပင် ဘောဂဗျသနလွမ်းမိုးခံနေရသည့် သူဋ္ဌေး ကြံရာမရ လက်မှိုင်ချကာ စိတ်ဖိစီးမှုတို့ကြောင့် အိပ်ယာပေါ်လဲလေတော့သည်။ သူဋ္ဌေးကြီးတွင် ခင်မင်ရင်းနှီး အမျှော်မြင်ရှိသည့် သူငယ်ချင်းရှိသည်။ သူငယ်ချင်းဖြစ်သူကလည်း သူဋ္ဌေးကြီးအိပ်ယာပေါ်လဲနေသည်ကို သိသည်နှင့် ကျန်းမာရေးအခြေနေကို မေးမြန်းရာ ဥစ္စာပျက်လို့ စိတ်သောကဖြစ်နေတာပါလား...ဟုသိနှင့်တပြိုင်နက် ကဲသူငယ်ချင်း..မင်း အိပ်ယာထဲ လဲမနေပါနဲ့။ မင်းရတနာတွေ ရွှေပြန်ဖြစ်အောင် လုပ်တဲ့နည်း ငါ့ဆီမှာရှိတယ်ဟု အားပေးလေသည်။
ဒါနေန ဘောဂ၀ါ ဟောန္တိ- ဒါနေန- လှူဒါန်းပေးကမ်းခြင်းကြောင့်၊ ဘောဂ၀ါ- စည်းစိမ်းဥစ္စာ ရတနာတို့သည်၊ ဟောန္တိ- ရရှိကြရကုန်၏တဲ့ သူငယ်ချင်းရ။ ဒို့သာဝတ္တိမြို့ပေါ်မှာ အလှူခံနှိုးဆော်သူတွေ ပြောပြောနေတာ ငါကြားဘူးတယ်။ မင်းရဲ့ကုသိုလ်ကံတွေ ကုန်ခမ်းသွားလို့ မင်းရတနာပစ္စည်းတွေ မီးသွေးခဲအဖြစ်အရောင် ပြောင်းသွားတာဖြစ်မယ်။ ဒီစည်းစိမ်တွေရဲ့ ပိုင်ရှင်ရှိရမယ်။ ဒါကြောင့် ဒို့တတွေ ဒီရတနာပစ္စည်းတွေရဲ့ ဘုန်းကံရှင်ကို ရှာဖွေခန်းဖွင့်ရမယ်။
ဘုန်းရှင်ကံရှင် ရတနာပိုင်ရှင်ဖြစ်လာမဲ့သူဟာ လူပျိုလူလွတ်ဖြစ်ခဲ့ရင် သူငယ်ချင်းရဲ့ သမီးနဲ့ပေးစား၊ အပျိုလူ လွတ် ဖြစ်ခဲ့ရင် မင်းရဲ့သားနဲ့ပေးစားပြီး သူငယ်ချင်းပိုင်တဲ့ ပစ္စည်းဖြစ်အောင်လုပ်ရမယ် သူငယ်ချင်း။ မင်း သဘောတူ မလား။ သူဋ္ဌေးသည် သူငယ်ချင်းပေးသည့် အကြံဥာဏ်ကို သဘောကျ၍ ခေါင်းညိတ်ပြကာ သဘောတူလိုက်လေသည်။ ကဲ..ဒါဆိုရင် မီးသွေးခဲဖြစ်နေတဲ့ ရတနာပစ္စည်းတွေကိုထုတ်၊ မြို့အစွန်ဖျားက ဈေးတခုမှာ ဖျာခင်းပြီး သူငယ်ချင်း ဈေးရောင်းဖို့ ပြင်ပေတော့။
နောက်တခုတော့ သူငယ်ချင်းမှတ်ထားရမယ်။ မင်း ဖျားခင်ပြီး ဈေးရောင်းတဲ့အခါ အချို့သောသူတွေက ပြောကြလိမ့်မယ် မေးကြလိမ့်မယ် အခြားသော ဈေးသယ်တွေက စားစရာ သောက်စရာကုန်ပစ္စည်းတွေ ရောင်းနေပါလျက် ခင်ဗျားက အသုံးမကျတဲ့ မီးသွေးခဲတွေ လာရောင်းနေတာ ခင်းဗျားအတွက် ဘာအကျိုး မြတ်ရမလဲလို့ ပြောကြလိမ့်မယ်။ အဲလိုပြောသူတွေကို ကိုယ့်ရှိတာ ကိုယ်ရောင်တာ ခင်းဗျားနဲ့ မဆိုင်ဘူးလို့သာ မင်း ပြန်ပြောရမယ်။ တစုံတယောက်သော ပုဂ္ဂိုလ်က အခြားဈေးသည်တွေက စားသောက်ကုန်လောက် ရောင်းနေကြတာ။ ခင်ဗျားက ဒီမြို့ပြင်ဈေးမှာ တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ဖျားခင်ရောင်နေတာ ဘယ်သူ က ၀ယ်နိုင်မှာမို့လဲလို့ မေးလာလိမ့်မယ်။ အဲဒီခါကျရင် ဘယ်မှာလဲ ရွှေထည်ပစ္စည်းတွေက ကျနော့်ကို ယူပြ ပေးပါလားလို့ မေးရမယ်။ ဒါက ရွှေတွေပဲလို့ ကိုင်လိုက်တာနဲ့ မင်းမီးသွေးခဲတွေ ပင်ကိုယ်အတိုင်း ပြန်ဖြစ်ပြီးသာ မှတ်ပေတော့ဟု နည်းလမ်းပေးလေသည်။
သူဋ္ဌေးလည်း သူငယ်ချင်းပေးသည့်အတိုင်း ပြုလုပ်ရာ တနေ့မှာ အသားညိုညို ပိန်ပိန်ပါးပါး အမျိုးသမီး တယောက်ဈေးလာဝယ်ရင်း မည်သူမျှမ၀ယ်နိုင်သည့် ဒီရတနာတွေကို ဒီဈေးမှာ လာရောင်းနေတာ ဘာအကျိုးရှိမှာလဲဟု မေးလေရာ ချစ်သမီး ဘယ်မှာလဲ သမီးမြင်ရတဲ့ ရတနာတွေ ယူပြပေးပါလားဟု ပြောလေရာ ထိုအမျိုးသမီး ကိုင်လိုက်သည့်နှင့် ဖျားပေါ်ခင်ထားသည့် မီးသွေးခဲတို့သည့် ပင်ကိုယ်ပကတိ ရွှေအဖြစ်သို့ ကူးပြောင်းလေတော့၏။ သူဋ္ဌေးကြီးလည်း ပျော်ရွှင်ခြင်းများစွာဖြင့် အမျိုးသမီးလေး၏ အပျိုမှန်း စုံစမ်းသည့်ရှိသည်နောက် သားနှင့်ပေးစားကာ ချွေးမအဖြစ် သူဋ္ဌေးမရာထူးကို အပ်နှင်းလေတော့သည်။
သူဋ္ဌေးကြီး၏ အိမ်မှာ အိမ်ရှင်မအဖြစ် သူဋ္ဌေးမရာထူးရလာတဲ့ ဆင်းရဲသူမလေးဟာ အခြားသူ မဟုတ် ကိသာဂေါတမီဆိုတဲ့ ကျမပေါ့။ မကြာခင်မှာပဲ ကျမမှာ သားယောက်ျားလေး တစ်ယောက် မွေးဖွားပေးနိုင်လို့ သူဋ္ဌေးကြီးအိမ်မှာ ကျမဟာ အရင်ကထက် ပိုလိုပင် အရှိန်သြဇာရခဲ့တာပေါ့။ ဒီတသက် ဒီဘ၀မှာတော့ ငါ့အတွက် ဘ၀အာမခံရပြီလို့ အတွေးများစွာနဲ့ သားဟာ ကျမရဲ့ ဘ၀သခင်အဖြစ် သတ်မှတ်လိုက်မိတယ်။ သားရှိရင် ပြည့်စုံပြီလေ။ အိန္ဒိယလိုနိုင်ငံမျိုးမှာ ဥစ္စာလည်းပြည့်စုံ သားလည်းရှိတဲ့ မိခင်တယောက်အဖြစ် သွားလေရာရာ အထက်တန်းကျလို့ မျက်နှာပန်းလှပြီမဟုတ်လား။
မကြာပါဘူး မျက်နှာပန်းလှတဲ့ ကျမနေ့ရက်တွေမှာ ကံဆိုးခြင်းတွေက မခေါ်ပဲ မမျှော်ပဲ ရုတ်တရက်ဆိုသလို ရောက်လာတော့တာပေါ့။ အဲဒါကတော့ ကျမဘ၀ရဲ့ ရင်နှစ်အသဲညှာ သားရတနာလေး ရုတ်တရက်ဖျားကာ အယုတ်တမာ အဟုတ်မညာတာတဲ့ မရဏသေမင်းက အတင်းချေနင်း မရဏဇာတ်ခင်းလိုက်တော့တာပါပဲ။
ကျမရူးရပြီပေါ့။ သားလေးများ အသက်ရှင်လိုရှင်ငြား သားသေကိုပိုက် မရဏရန်ကိုတိုက်ဖို့ မသေဆေးရှာဖို့ ကျမကြိုးစားတော့တာပဲ။ သားသေကိုပိုက် မသေဆေးကို အတင်းလိုက်ရှာနေတဲ့ ကျမကို အကျိုးအကြောင်း မြင်သိ ပညာရှိအမျိုးသား တယောက်က အော် ဒီကလေးမ သူ့ဘ၀မှာ သေတာမြင်ဘူးပုံမရ အသိဥာဏ်ကင်း လှတာကြောင့် သားသေးကိုပိုက် ဒုက္ခဆိုက်နေတာပဲဖြစ်မယ် ငါလမ်းညွှန်မှပဲဆိုပြီး မြတ်ဗုဒ္ဓထံသွားဖို့ လမ်းညွှန်
ပေးသည့်ကြောင့် သားရှင်ဖို့အရေး ခြေမလေးပဲ ဇေတ၀န်ကျောင်းကို ကျမအပြေးရောက်ခဲ့တာပါ။
သားသေနဲ့မော သောကတွေနဲ့မျှောနေတဲ့ ကျမ မြတ်ဗုဒ္ဓဆီကို ရောက်တာနဲ့ ဦးချဖို့ဆိုတာ မသိ၊ သားရှင်ဖို့သာ အဓိကဆိုပြီး သားသေကို ခြေတော်ရင်းမှာချကာ ဘုရားတပည့်တော်မရဲ့ သားကိုအသက်ရှင်အောင် အသက် ရှင်ဆေးပေးပါလို့ အတင်းပဲ တောင်းပန်ငိုကြွေးမိတော့တယ်။
မြတ်ဗုဒ္ဓကလည်း ကိသာဂေါတမီ...သင့်သားအတွက် အသက်ရှင်ဆေး ငါပေးတော်မူမယ်.. ငါဘုရားခိုင်းသလို လုပ်ပေးရမယ်လို့ ပြောလိုက်တော့ ကျမမှာ မောပန်းသမျှ ပူလောင်သမျှ အေးမြလို့ သွားတာပေါ့။ ချစ်သမီး ကျောင်းကထွက်လို့ စတင်တွေ့ရှိတဲ့ အိမ်ကနေစလို့ တအိမ်တက် တအိမ်ဆင်း မသေဘူးတဲ့အမျိုးအိမ်က မုန့်ညင်းစေ့ လက်တဆုပ် ယူခဲ့တော့လို့ မိန့်လိုက်တာနဲ့ ကျမလေး ငါ့သားလေးတော့ အသက်ပြန်ရှင်တော့ မယ်ဆိုတဲ့ အသိနဲ့ မောမှန်းမသိ ပန်းမှန်းမသိ မုန့်ညင်းစေ့လက်တဆုပ်ရဖို့ တောင်းလိုက်တာ ဒီအိမ်ကလည်း မကြာသေးခင်က အဖိုးသေထားတယ်။ ဟိုအိမ် အဖွား ဆုံးသွားတယ်။ ဒို့အမျိုးကတော့ သားသေဘူးတယ်။ ဦးလေးတို့အိမ်မှာတော့ မယားသေဘူးတယ်...စုံနေတာပါပဲ။ ဘယ်အိမ် ဘယ်အမျိုးမှ မသေတဲ့သူကို မရှိဘူး။ ကျမမကြားချင်ဆုံး သေစကားတွေကို အိမ်တိုင်းက ကျမကို ပြောလိုက်ကြတာလေ။
သာဝတ္တိမြို့ရှိ အိမ်တွေသာ ကုန်သွားမယ် ကျမလိုချင်တာ ရနိုင်မှာ မဟုတ်ဘူး... ငါ့သားမှ သေတာမဟုတ် အားလုံးက သေနေကြတာပဲလို့ ကျမသိလာတော့တာပေါ့။ အော် မြတ်ဘုရားက ငါ့ကို မရဏတရားကို သတိယအောင် မွေးလာသူတိုင်း သေကြတယ်ဆိုတာကို သိအောင် ပညာပြလိုက်တာပဲ။ ငါဟာ တကယ့် အရူးမကြီးပဲလို့ သိလိုက်တာနဲ့ ..သားသေကို သုဿာန်မှာစွန့်လို့ မြတ်စွာဘုရားဆီ ညနေစောင်းတာနဲ့ ပြန်ရောက်ခဲ့တယ်။
ကဲ ချစ်သမီး မုန့်ညှင်းစေ့ ရခဲ့သလားလို့မေးတော့ မှန်လှပါ မြတ်ဗုဒ္ဓ တပည့်တော် ရလာပါပြီဘုရား၊ ကဲ..ချစ်သမီး သေခြင်းတရားဆိုတာ အသက်ရှင်သူမှန်သမျှ ရင်ဆိုင်ရသည့် သဘောတရားဆိုတာ သင် သိလာခဲ့ပြီမဟုတ်လား။
အရင်တုန်းကတော့ ငါ့သားလေးသာ သေရတယ်လို့ ချစ်သမီးကထင်နေတာကိုး။ တကယ်တော့ ဓုဝဓမ္မော ဧသ သတ္တာနံ- သေခြင်းတရားဆိုတာ သတ္တ၀ါတိုင်းရဲ့ မြဲသော သဘောတရားပဲ ချစ်သမီးပဲလို့ မြတ်စွာဘုရား တရားကို နာယူလိုက်ရတာနဲ့ ကျမ သောကငြိမ်းအေး အပူတရားအေးတဲ့ သောတာပတ္တိမဂ်ဖိုလ်ကို ဆိုက်ရောက် ပြီး ရဟန်းမအဖြစ်ကို မြတ်ဗုဒ္ဓခြေရင်းမှာ တောင်းယူကာ ရုပ်နာမ်တရားတို့၏ အနိစ္စသဘောကို မြင်အောင်ရှု့ သဖြင့် အရဟတ္တမဂ်ဥာဏ်ကို ရရှိ သောကစခန်းကို အနိုင်ရရှိခဲ့တာပေါ့။
ဒါကြောင့် မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးတွေကို ကြည်ညိုလို့မဆုံး သောကကင်းဝေးသည့် ဖလသုခကို ခံစားရင်း ...အေးမြသည့် တောင်ရိပ်အောက်က သင်္ခမ်းကျောင်းရဲ့ စင်္ကြံလမ်းမမှာ လမ်းလျှောက်ကာ ........
န ဂါမဓမ္မော နော နိဂမဿ ဓမ္မော၊
န စာပိယံ ဧကကုလဿ ဓမ္မော၊
သဗ္ဗဿ လောကဿ သဒေ၀ကဿ၊
ဧသေ၀ ဓမ္မော ယဒိဒံ အနိစ္စတာ။ (ထေရီအပါဒါန်-၂.၃.၈၂)
အနိစ္စသဘောတရားသည် ရွာတရွာ၊ ဇနပုဒ်တခု၊ မြို့တမြို့၊ နိုင်ငံတစ်ခု၊ လူမျိုးတမျိုး၊ ဘာသာတစ်ခု၊ မိသားစုတစု၊ ငါတယောက်တည်းလောက်သာ ကွက်ဖြစ်တာမဟုတ်ဘူး။ နတ်လူဗြဟ္မာအပါဝင် ရှိရှိသမျှ လောကတိုင်းမှာ၊ နေရာတိုင်းမှာ ဖြစ်တတ်သည့် သဘောသဘာဝ တစ်ခုပါဟု ကျူးရင့်သံကို ထပ်တလဲလဲ ကျူးရင့် နေမိတော့တာပါပဲ။
အားလုံး သောက ကင်းဝေ၊ ဆင်းရဲခြင်း မရှိကြပါစေသတည်း။

0 comments:
Post a Comment