အဘိဓမ္မာ အပိုင်း ၃။ အခန်း ၂၄ (ဓာတ်ကြီးလေးပါး)
ဒီနေ့ ပြောပြရမည့် အဘိဓမ္မာ အစဉ်က ရုပ်တရား တစ်ပါးချင်း၏ သဘောအဓိပ္ပါယ်များပဲ ဖြစ်ပါတယ်။ ရုပ်တရား တစ်ပါးချင်းသည်၏ အဓိပ္ပါယ်ကို မပြောခင် ရုပ်တရားဆိုတာ ဘယ်လို သဘောလဲဆိုတော့ “အပူအအေးစတဲ့ အကြောင်းတရားတွေကြောင့် ဖောက်ပြန်မှု” သဘောပဲ ဖြစ်ပါတယ်။
အဘိဓမ္မာကျမ်းမှာ အနှစ်ချုပ် (မှန်ကန်တဲ့ အစစ်အမှန်တရား) ပရမတ္ထတရား -၄-ပါး ရှိပါတယ်။ သိတတ်တဲ့ သဘောက “စိတ်”၊ စိတ်ကို မှီပြီး ဖြစ်တတ်တာက “စေတသိက်”၊ ဖေါက်ပြန်မှုသဘောက “ရုပ်”၊ တဏှာဦးစီးတဲ့ ကိလေသာမှ ငြိမ်းအေးသည် “နိဗ္ဗာန်”။
ရုပ်တရား ဖောက်ပြန်တယ်ဆိုတာ.. ရာသီဥတုပူပြင်းတဲ့အခါ ခန္ဓာကိုယ်ညှိုးနွမ်းတယ်၊ ရာသီဥတု အေးတဲ့အခါ ခန္ဓာကိုယ် လန်းဆန်းမှု စသည်ဖြစ်တယ်၊ ဒေါသကြီးတဲ့အခါ ခန္ဓာကိုယ်ဆတ်ဆတ်တုန်တယ် စသည့် မူရင်းသဘောတစ်ခုကနေ ပြောင်းလဲသွားတဲ့သဘောကို ဖောက်ပြန်တယ်လို့ ဆိုလိုတာပါ။ ရာသီဥတုကြောင့် ဖောက်ပြန် ပြောင်းလဲတဲ့ သဘောက သက်ရှိသတ္တ၀ါတွေတင် မကပါဘူး၊ သက်မဲ့ သစ်ပင်၊ တောတောင်စသည်တို့လည်း ဖောက်ပြန်ပြောင်းလဲမှု ဖြစ်ပါတယ်။
ဒါဆို ရုပ်တရားတစ်ပါးချင်းသည်ရဲ့ အဓိပ္ပါယ်ကို လေ့လာကြစို့။
ရုပ်ပိုင်းမှာ အုပ်စု -၂-ခုရှိပါတယ်။ နံပါတ်တစ်က.... မဟာဘုတ် (သို့မဟုတ်) ဓာတ်ကြီး (၄)ပါးဖြစ်ပါတယ်။ နံပါတ်နှစ်က ဥပါဒါရုပ် -၂၄-ပါးဖြစ်ပါတယ်။ ရုပ်တရား ၂၈-ပါးမှာ မဟာဘုတ် -၄-ပါးက အခြေခံမူလ ရုပ်တရား ဖြစ်ပါတယ်။ ကျန်ရုပ်တရား ၂၄-ပါးက မဟာဘုတ် -၄-ပါးကို မှီပြီးမှ ဖြစ်ပါတယ်။ မဟာဘုတ် -၄-က ဟန်ချက်ညီညီ အလုပ် မလုပ်ဘူးဆိုရင် ကျန် ရုပ်တရား ဖြစ်တဲ့ -ဥပါဒါရုပ်တရားတွေက အလုပ် မလုပ်ပါဘူး။
မဟာဘုတ်ဆိုတာက... ကြီးမားတဲ့ အထည်ကိုယ် ရုပ်တရားလို့ ဆိုလိုပါတယ်။ (မဟာဘူတ=ဆိုတဲ့ ပါဠိစကားလုံးကနေ မဟာဘုတ်ဆိုပြီး မြန်မာစကားလုံး တစ်လုံးအနေနဲ့ ဖြစ်လာတာပါ။) မဟာ=ဆိုတာ ကြီးမားတယ်၊ ကြီးကျယ်တယ်။ ဘူတ=ဆိုတာ ဖြစ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ယင်းစကားလုံး -၂-လုံးပေါင်းလိုက်တော့ ကြီးမားတဲ့ အထည်ကိုယ်ရှိတယ်၊ ကြီးမားတဲ့ ဖောက်ပြန်မှု သဘော၊ ဖောက်ပြန် ပြောင်းလဲတဲ့အခါ ထင်ရှားတဲ့ သဘောတရားလို့ ပြောလို့ရပါတယ်။
မဟာဘုတ် -၄-ပါး (သို့မဟုတ်) ဓာတ်ကြီး -၄-ပါးက...
နံပါတ်တစ် ပထ၀ီ=ခက်မာမှုသဘောတရား။ ခက်မာမှုသဘောဆိုတာ ရုပ်အစုမှန်သမျှ၌ ခက်မာတဲ့သဘောတရားကြောင့် ဖွဲ့စည်းမှု ဖြစ်နေခြင်း ဖြစ်ပါတယ်။ ခက်မာမှု၊ မာကြောမှု သဘောလျော့သွားရင် ဘယ်အရာမှ မတည်တံ့နိုင်ပါဘူး။ ပျက်စီးသွားမယ်၊ ပြိုလဲသွားမယ်။ ခက်မာမှု ဒီပထ၀ီဓာတ်သဘောက ဖွဲ့စည်းထားလို့သာ ရပ်တည်နေနိုင်ကြတာပါ။
နောက် ဒုတိယ မဟာဘုတ် (ဓာတ်)တရားက အာပေါ=ယိုစီးမှု သဘောတရား။ ယိုစီးမှုဆိုတာ... အစေးဓာတ်သဘော ရုပ်အစုများ၌ ပျံ့နှံ့တည်ခြင်းသဘောပါ။ ယိုစီးမှု အစေးဓာတ်သဘောမရှိရင်လည်း ရုပ်ဝတ္ထုတခုဟာ မတည်တံ့နိုင်ပါဘူး။ ထင်ရှားတဲ့ ဥပမာလေးတခု ကြည့်လိုက်ပါ၊ အုတ်ဖုတ်တဲ့အခါ .. မူရင်းက မြေမှုန့် ပထ၀ီဓာတ်၊ နောက် အာပေါ=ရေဓာတ်၊ နောက် တေဇော=မီးဓာတ်၊ မြေမှုန်လေးများ အချင်းအချင်း တွန်းကန်စုစည်းထားမှု ၀ါယော=လေဓာတ်။ အဲဒီလိုဓာတ်ကြီး -၄-ပါး၊ (သို့မဟုတ်) မဟာဘုတ် -၄-ပါးနဲ့ ဖွဲ့စည်းထားလို့... အုတ်ခဲ့လေးတချပ်ဟာ တည်တံ့နေခြင်းဖြစ်ပါတယ်။ ဓာတ်ကြီး -၄-ပါးထဲက တစ်ပါးပါး ယုတ်လျော့နေရင် ပျက်စီးသွားမှာ ဖြစ်ပါတယ်။ အုတ်ခဲတစ်ချပ်ရဲ့ အသွင်မဟုတ်ပဲ အုတ်ကျိုးလေးနာမည်နဲ့တော့ ဓာတ်ကြီးလေးပါးက ဆက်လက်တာဝန်ယူကာ ဖွဲ့စည်းပေးထားမှာပါ။ ဒီဓာတ်ကြီး-၄-ပါးက နောက်ဆုံး မြူမှုန်အသေးအမွှားလေးအထိ ဖွဲ့စည်းမှုပေးနေတာပါ။ အုတ်ချပ်ပမာက ထင်ရှားတဲ့ ဖွဲ့စည်းမှုကို ပြောပြလိုလို့ ထုတ်ပြခြင်းပါ။
နောက်မဟာဘုတ်က... တေဇော=ပူမှု၊ အေးမှုသဘော။ ဘယ်ရုပ်တရားမဆို ပူမှု (သို့မဟုတ်) အေးမှုသဘောတရားလည်း ပါဝင်ပါတယ်။ အပူ၊ အအေးညီမျှမှု မရှိရင်လည်း ဘယ်အရာမျှ ကောင်းကောင်း မတည်တန့်နိုင်ပါဘူး။ လူတွေမှာ ဖျားနာတယ်ဆိုတာ အပူမမျှလို့ ဖြစ်သလို၊ အအေးဓာတ်လွန်ကဲလို့လည်း ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ “ဥသ္မာ” (“အုသ်-သမာ”)လို့ ခေါ်တဲ့ ကိုယ်ငွေ့ဓာတ်ဆိုတာ ရှိပါတယ်။ ယင်းကိုယ်ငွေ့ဓာတ်၏ အေးမှု၊ ပူမှုသဘောကို လူ့ခန္ဓာကိုယ်ရဲ့ တေဇောဓာတ်လို့ ခေါ်ပါတယ်။ သက်ရှိတွေမှာ ဒီပူမှု၊ အေးမှုဓာတ်သဘောကြောင့် ဖောက်ပြန်မှု သဘောရှိသလို, သက်မဲ့မှာလည်း ပူမှု၊ အေးမှုကြောင့် ပြောင်းလဲနေတာရှိပါတယ်။ သိသာတဲ့ ဥပမာတစ်ခုလောက်ကြည့်ကြစို့..... မနက်စောစော သစ်ပင်လေးများရဲ့ လန်းဆန်းပုံ၊ နေ့လယ်အခါ သစ်ပင်လေးများရဲ့ ညှိုးနွမ်းပုံလေးများကို လေ့လာခြင်းဖြင့် သိနိုင်ပါတယ်။
နောက်ဆုံးမဟာဘုတ်တရားက... ၀ါယော=တွန်ကန်လှုပ်ရှားမှု လေဓာတ်ဖြစ်ပါတယ်။ မိမိတို့တစ်တွေ သွားလာ လှုပ်ရှားတဲ့အခါ ဒီဝါယောဓာတ်လေးက တွန်ကန်မှု ရှိနေလို့ လက်မြောက်မှု၊ ခြေကြွမှုစတဲ့ သဘောလေးက ဖြစ်တည်နေတာပါ။ လေဓာတ်မရတဲ့နေရာဆိုရင် လူတစ်ယောက်ဟာ ရပ်နေရင် ရပ်နေတဲ့အတိုင်းကြီးပဲ ရပ်တည်နေပါတယ်။ လှုပ်ရှားလို့ မရပါဘူး။ အဲဒီအချိန်ဟာ လေဓာတ်လုံးလုံး မရှိတာတော့ မဟုတ်ပါဘူး။ ဓာတ်ကြီး -၄-ပါးမှာ လေဖိအားဓာတ် (၀ါယောဓာတ်) နဲနေလို့ ဖြစ်တာပါ။ အာကာသလေ့လာရေး သမားများအကြောင်းကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။
ဒီဓာတ်ကြီးလေးပါးက အညီအမျှ ဖြစ်နေရမှ လူဆိုရင် ကျန်းကျန်းမာမာ ရှိမယ်၊ တပါးပါးက အားနည်းနေရင် ရောဂါဖြစ်တယ်၊ တပါးပါးက အားကြီးနေရင် Balance-မဖြစ်တဲ့အတွက် သေနိုင်တယ်။ သစ်ပင်များဆိုရင် ဓာတ်ကြီး -၄-ပါးထဲ တပါး လွန်ကဲလို့ ဖြစ်စေ၊ နဲလို့ ဖြစ်စေ ခြောက်သွေ့သွားနိုင်၊ သေသွားနိုင်ပါတယ်။ဒါကြောင့် ဗုဒ္ဓမြတ်စွာက တချို့ဒေသနာတော်များမှာ ဒီလေးပါးကို လူကို ကိုက်ရင် ချက်ချင်းသေစေနိုင်တဲ့ မြွေကြီး -၄-ကောင်နဲ့ ဥပမာပေး ဟောလေ့ရှိပါတယ်။
လူတစ်ယောက်မှာ ဤဓာတ်ကြီး -၄-ပါးတို့ရဲ့ လုပ်ဆောင်ပုံကို ဒီလို မှတ်သားနိုင်ပါတယ်။ ဥပမာ... မြေနဲ့ လူရုပ်လေး တစ်ရုပ်လုပ်တယ်ဆိုပါစို့... မြေမှုန့်ချည်းသက်သက်ဖြင့် လူရုပ် တစ်ရုပ် မဖြစ်နိုင်သေးဘူးနော်၊ မြေမှုန့်ချည်းထားလျှင် လေတိုက်သဖြင့် လွင့်သွားပါလိမယ်။ ဒါကြောင့် ရေဖြင့် ဆွတ်ဖြန်းပေးရတယ်။ မြေနှင့်ရေ ပေါင်းမိရုံမျှဖြင့် လူရုပ်ဖြစ်နိုင်ပြီလား ဆိုတော့ မဖြစ်သေးဘူးနော်၊ ထိုရေဖြင့် ဆွတ်ဖြန်ထားသော မြေမှုန့်များ လုံးထွေးသွားအောင် စုပေးရဦးမည်၊ ထိုမျှလောက်ဆို လူရုပ်ဖြစ်ပြီလားဆိုတော့ မဖြစ်သေးဘူးနော်၊ ရေဆွတ်ထားသော မြေမှုန့်အစိုင်လေး စိုဖတ်ဖတ် မနေအောင် နေပူလှမ်းရအုန်းမယ်။ ထိုကဲ့သို့ မြေဓာတ်၊ ရေဓာတ်၊ (လုံးထွေးမိအောင် ပြုလုပ်သော) လေဓာတ်၊ (နေအပူဟူသော) မီးဓာတ်စသည်တို့ဖြင့် သင့်တင့် ညီမျှနေသော ရွံ့ကိုမှ အရုပ်လုပ်တတ်တဲ့ အရုပ်လုပ်သမားက ပြုလုပ်ပေးသဖြင့် လူရုပ်လေး ဖြစ်လာရတာပါ။
ထို့အတူပဲ... မိမိတို့ ခန္ဓာကိုယ်၌ မြေဓာတ် (မာကျောမှုဓာတ်သဘော)ကို လွင့်မသွားအောင် ရေဓာတ်က စိမ့်စိုလျက် တာဝန်ယူပေးပါတယ်။ စိုဖတ်ဖတ် မရှိရအောင် တေဇောဆိုတဲ့ အငွေ့ဓာတ်က အမြဲအငွေ့ပေးလျက် တာဝန်ယူပေးပါတယ်၊ ၀ါယောဆိုတဲ့ လေဓာတ်က တစ်ဖွဲ့စီ တစ်ဖွဲ့စီ တွဲမိနေအောင် ဖိညှပ်လျက် တောင့်ခံပေးထားရပါတယ်။ ထိုကဲ့သို့ ရုပ်အစိုင်အခဲကို တစ်ဖွဲ့စီတည်နေသော ဓာတ်ကြီးလေးပါးကို ပကတိမျက်စိဖြင့် ကြည့်ရှုလို့ကား မမြင်နိုင်ပါဘူး, ဘာဖြစ်လို့လဲဆိုတော့ အလွန်သေးငယ်တဲ့ ရုပ်မှုန်လေးများဖြစ်လို့ပါ။ ယင်းရုပ်မှုန်လေးများအဆင့်ဆင့် စုပေါင်းလျက် တည်နေတာကို မရမာဏုမြူလို့ ခေါ်ပါတယ်။ ရုပ်မှုန်ရုပ်မွှားလေးပါ။
ဓာတ်ကြီးလေးပါဖြင့် အစုအဖွဲ့များစွာ ပေါင်းမိတဲ့အခါကျမှ မိမိတို့ မြင်နေကြတဲ့ ထင်ရှားတဲ့ အသား, အရိုးစတဲ့ ပုံသဏ္ဍာန်များ ပေါ်လာတာပါ။ ထိုအသား, အရိုးစသည်ဖြင့် ဓာတ်ကြီး လေးပါး အစုအဝေးဖြစ်အောင် ရှေးကံကပါ စီမံလိုက်တော့ “လူ”ဟု ခေါ်နိုင်တဲ့ ရုပ်ကောင်ကြီး ဖြစ်လာတာပါ။ ရှေးကံဆိုတာ အခုနက အရုပ်လေးလုပ်တဲ့ အရုပ်လုပ်သမားလိုပါပဲ။ လူရုပ်ဖြစ်အောင် (လူဘ၀ရအောင် လုပ်ပေးတာက ရှေးကုသိုလ်ကံ (လူသဏ္ဍာန်တီထွင်သူပါ)။ တိရစ္တာန်ရုပ် (တိရစ္ဆာန်ဘ၀ရုပ်) ရအောင်ကား အကုသိုလ်ကံ အလုပ်သမားက လုပ်ပေးတာပါ။
ဤကဲ့သို့ မဟာဘုတ် -၄-ပါး (သို့မဟုတ်) ဓာတ်ကြီး -၄-ပါးက ရုပ်တရားမှန်းသမျှ၌ အလုပ် လုပ်တာ ဖြစ်ပါတယ်။ ဉာဏ်ရှိသလောက် စဉ်းစားကြည့်ပါ။မဟာဘုတ် (သို့မဟုတ်) ဓာတ်ကြီး -၄-ပါးအကြောင်း ဒီလောက်ဆို နားလည် လောက်ပါပြီနော်။ ဒီနေ့ ဒီမျှသာ။

0 comments:
Post a Comment