၅၃။ အကန့်အသတ် မှန်သမျှမှ လွတ်မြောက်ခြင်း ပရမတ် တရား စာစုများ
( ၁ ) ကိလေသာစွမ်း
ဒေါသ သာ တကယ် အစွမ်းထက်ရင် သူဖန်ဆင်းထားတဲ့ လောကကြီး အန္တရာယ် လုံးဝကင်းနေပြီပေါ့။
လောဘ သာ တကယ် အစွမ်းထက်ရင် သူဖန်ဆင်းထားတဲ့ လောကကြီး လိုလေသေး မရှိအောင် ပြည့်စုံနေပြီပေါ့။
အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွတ်ခိုင်းသလို လူလူချင်း ငါသူခွဲပြီး ယှဉ်ပြိုင်ခိုင်းတာ ကိလေသာ။
ကိလေသာကို အဖြစ်ခံပြီးမှ မစွန့်နဲ့၊ ဖြစ်အောင် လုပ်တဲ့ စိတ်အကျင့်ကို စွန့်။
( ၂ ) အပြစ်စွဲ ဖြုတ်
ကာယကံ၊ ၀ဇီကံ မမြောက်ပေမယ့် သူများ စိတ်အနှောင့်အယှက်ဖြစ်စေတာကိုက 'မနောကံ' အပြစ်ပဲ။
အပြစ်မရှာနဲ့၊ အပြစ်ပဲ ရှိတာကို လက်ခံနိုင်ဖို့ ကြိုးစား။ အပြစ်စွဲလို့ အပြစ်ပဲ မြင်နေတာ။ အချစ်စွဲလို့ အချစ်ပဲ ၀င်နေတာ။ ဒေါသမကင်းလို့ သတ်မှတ်ထားတဲ့ အပြစ်တွေချည်း မြင်နေတာ။ လောဘမကင်းလို့ သဘောကျစရာ၊ အထင်ကြီးစရာလို့ ထင်တာ။ မာန်မာန မကင်းလို့ ယှဉ်ပြိုင်စရာ၊ အနိုင်ယူချင်စရာလို့ ထင်တာ။ မောဟ မကင်းလို့ ဘာတွေ ညာတွေ၊ ဘယ်သူ ဘယ်ဝါ၊ ဘယ်နေရာ ဘယ်အချိန်အခါ ဆိုတာတွေကို အဟုတ်ထင်နေတာ။
လောဘ၊ ဒေါသ၊ မောဟရဲ့ အပြစ်ကို နားလည် လက်ခံနိုင်ဖို့ ကြိုးစားရမယ့်အစား သူများအပြစ် လိုက်ရှာ၊ လိုက်ပြောနေရင် နာမည်ခံ၊ အရေခြုံ ယောဂီပဲ။
သူများကို အပြစ်တင်မယ့်အစား ကိုယ်ကောင်းတာ ဖိလုပ်ပါ။ သူများကောင်းတာ မလုပ်တော့ ကိုယ်ပိုလုပ်ခွင့်ရတာပေါ့။
( ၃ ) အပြော နဲ့ အလုပ်
-အပြောချိုဖို့ထက် သဘောချိုဖို့ အဓိက။
-စကားကို မစစ်နဲ့၊ လူကို မစစ်နဲ့၊ စိတ်စစ်။
-အလုပ်မှား အပြောမှားတာထက်၊ စိတ်မမှားဖို့ အရေးကြီးတယ်။
-အပြောယဉ်ကျေးရုံနဲ့ တရားမရနိုင်၊ စိတ်ယဉ်ကျေးမှ တရားရမယ်။
-စကားနဲ့ တည်ဆောက်ထားတဲ့ ရိပ်သာ မဟုတ်လို့ စကားနဲ့ ပြုပြင် ဖာထေးလို့ မရဘူး။ စကားတွေကို အဟုတ်ထင်နေလို့ အပြောမခံနိုင်တာ။
-စကားများတော့ ရန်များ၊ စကားနည်းတော့ ရန်နည်း။
-အပြောရှောင်တဲ့ အလုပ်ကိုဆောင်။ ပြောဖို့ အရေးမကြီးနဲ့ လုပ်ဖို့ အရေးကြီးပါ။
-အပြော အဓိကဆို အလုပ် သာမည ဖြစ်နေပြီ၊ စကားများသလောက် အလုပ်နည်းနေပြီ။
စကားဟာ စကားပဲ၊ တရားမဟုတ်။ စကားနဲ့ မဆုံးမနဲ့။ အလုပ်နဲ့ ဆုံးမပါ။
သူများလည်း ကိုယ်လိုပဲ စကားနဲ့ ပြောပြမှ သိမယ်ထင်ပြီး ပြောဆိုချင်နေတာကိုက အသိဥာဏ် အားနည်းလို့။
စကားစွဲပြုတ်မှ စကားသုံးပါ။ စကားနဲ့ မပြောနဲ့။ အလုပ်နဲ့ ပြော။
အပြောနဲ့ မလုပ်နဲ့၊ အလုပ်နဲ့ ပြော။ အပြောမကောင်းနဲ့၊ အလုပ်ကောင်းပါ။နှုတ်တစ်ရာ၊ စာတစ်လုံး၊ စာတစ်ပွေ့၊ လက်တွေ့တစ်ချက်။ ၀ိမုတ္တိခေတ်ကို စကားလုံးတွေနဲ့ တည်ဆောက်လို့မရ။
စကားရိပ်သာ မဟုတ်၊ ဘုရားရိပ်သာ၊ သံဃာ့ရိပ်သာလည်း မဟုတ်၊ တရားရိပ်သာ။ ဘုရားတောင်
တရားပဲ အားကိုးတဲ့အတွက် တရားအလုပ်ကို အဓိကထား။
အလုပ်မှားမကြောက်နဲ့၊ မှားတာကို ငါ့အမှားပဲလို့ထင်တဲ့ အစွဲကိုကြောက်။ မရမက မလုပ်နဲ့။ လုပ်ရုံ သက်သက်လုပ်။ ဘာလုပ်လုပ် လက်ခံ၊ သိမ်းပိုက်ပြီး မလုပ်နဲ့၊ စွန့်လုပ်။ စွန့်ရင် စွန့်နိုင်။ လှူရင် လှူနိုင်။ လုပ်ရင် လုပ်နိုင်။ ဘာမှ ဖြစ်ချင် မနေနဲ့၊ ဖြစ်စေတဲ့ အကြောင်းတရားသာ ပြုလုပ်နေ။
အလုပ်မတူရင် ကံမတူ၊ အကျိုးပေးလည်း မတူ။ အလုပ်တူမှ ကံတူ၊ အကျိုးပေးလည်းတူ။
( ၄ ) အပူသည်များအတွက်
မျှော်မနေနဲ့, ပူမနေနဲ့တော့။ အစမရှိအောင် မျှော်ခဲ့, ပူခဲ့ရပြီ။ အဆုံးမရှိအောင် မျှော်နေ, ပူနေရအုံးမယ်။
မဖြစ်နိုင်တာ ဘာမှ မရှိဘူးဆိုပြီး ဘာဖြစ်မှာ၊ ညာဖြစ်မှာ ပူနေရမှာ မဟုတ်၊ လုပ်စရာရှိတာကို
ဖြစ်အောင် လုပ်ရမှာ။
ပူလို့ ပူစရာရှိတာ, ပူစရာဖြစ်တာ။ ဘာမှ မပူနဲ့၊ အချိန်တန်ရင် အရာရာ ဖြစ်လာမယ်၊ ပူနေရင်တော့ ဖြစ်မှာ မဟုတ်ဘူး။ တစ်ခုခု၊ တစ်ယောက်ယောက် ကို သဘောကျ (သို့) မကျေမနပ်ဖြစ်တယ် ဆိုကတည်းက အပူစ, တော့တာပဲ။
အားမရှိတဲ့စိတ်က ဘာဖြစ်မှာ ညာဖြစ်မှာ ပူတယ်၊ အားရှိတဲ့စိတ်က အလိုကင်း အပူကင်းတဲ့အတွက် ဘာမဖြစ်နဲ့၊ ညာမဖြစ်နဲ့လို့ အမိန့်ပေးနိုင်တယ်။
( ၅ )အမှန်တရား
အထင်တွေ မှားနေတယ်၊ အမှန်တွေ မှားနေတယ်။ ကိုယ့်စိတ်ကိုက မစင်ကြယ်တော့ ကိုယ်မြင်တာ၊ ကြားတာ၊ နံတာ၊ စားတာ၊ ထိတွေ့တာ၊ တွေးကြံတာတွေလည်း မစင်ကြယ်၊ မမှန်ကန်တော့ဘူး။
-အဟုတ်ထင်နေတာကိုက တကယ်မဟုတ်တာ။
-အထင်ဟုတ်နေတာကို အဟုတ် ထင်မနေနဲ့။
-အမှားချည်းပဲ ရှိတာကို ဘာမှားတယ် ညာမှားတယ်ဆိုပြီး တစ်ခု၊ တစ်ယောက်တည်းက မှားနေတယ် ထင်နေတာကိုက အကြီးအကျယ်မှားနေတာ။ ငါမှန်တယ်၊ သူမှားတယ် အငြင်းပွားမနေပါနဲ့။
တကယ်ရှိမဟုတ်ဘဲ၊ သတ်မှတ်ချက်တွေမျှသာဖြစ်တဲ့ ဘာမှ၊ ဘယ်သူမှ၊ ဘယ်အချိန်မှ၊ ဘယ်နေရာမှ တကယ်လည်း မမှန်ဘူး၊ တကယ်လည်း မမှားဘူး။ အဖြစ်တရား သက်သက် (ပရမတ်)ပဲရှိတာ၊ အရှိတရား(တစ်ခု၊တစ်ယောက်၊တစ်ချိန်၊တစ်နေရာဆိုပြီး)ဖြစ်နေတာမဟုတ်။
ခေါင်းဆောင်ချင်တဲ့စိတ်ကို စွန့်နိုင်မှ ခေါင်းဆောင်အစစ်။
ဆရာ မဖြစ်ချင်နဲ့၊ ဖြစ်ချင်လို့ ဖြစ်တာက နာမည်ခံ ဆရာပဲ။ ဆရာဖြစ်နိုင်လောက်တဲ့ စွမ်းရည်သတ္တိရှိဖို့သာ ကြိုးစား။
ကြီးကျယ်ချင်လို့ ကြီးကျယ်နေတာက ပြန်သေးသိမ်ရဦးမယ်။
လိုချင်လို့ရတာ မှန်သမျှ ပြန်ဆုံးရှူံးဖို့ပဲ။
ယှဉ်ပြိုင်ချင်စိတ်ကို အမြစ်ပြတ်လုံးလုံးစွန့်နိုင်မှ ပြိုင်ဘက်ကင်းတာအစစ်။
ပြောမှသိ၊မြင်မှယုံတဲ့ ကိုယ်လိုသူလိုအဖြစ်က လွတ်အောင်ကြိုးစားရမယ်။ အောက်ကျမခံနိုင်တဲ့စိတ် ကိုယ်၌က အောက်ကျတဲ့စိတ်။
အထင်သေးမခံနိုင်တဲ့စိတ် ကိုယ်၌က တကယ့်အထင်သေးစရာစိတ်။ အပြောအဆို မခံနိုင်တဲ့စိတ် ကိုယ်၌က အပြောအဆို, ခံစရာ အကြောင်း ဖြစ်စေတဲ့စိတ်။
ကြောက်တတ်တဲ့စိတ် ကိုယ်၌က ကြောက်စရာအစစ် ဖြစ်လေသည်။
သူများယုံအောင် လုပ်ယူရမှာမဟုတ်၊ သူများယုံကြည် လက်ခံနိုင်လောက်တဲ့ အရည်အချင်း ကိုယ့်မှာရှိဖို့သာ ကြိုးစားရမှာ။ တကယ်ကောင်းဖို့သာ အရေးကြီးပါ။
အသိများ(ကြော်ငြာ)ဖို့ အရေးမကြီးနဲ့။
ကောင်းလို့သိတာက အချိန်ကြာလေ ပိုကောင်းလေနဲ့ စိတ်ချရတယ်။ သိလို့ ကောင်းတာက အသိများအောင် ကြိုးစားနေရတဲ့ဒုက္ခ ကြာလေ ပိုလေပဲ။
လုပ်ယူရင် လုပ်နေရတဲ့ ဒုက္ခမကင်းဘူး။
`မသေချာတာတွေပဲ′ သေချာနေတာ၊ `မရေရာတာတွေပဲ′ ရေရာနေတာ၊ `မဟုတ်တာတွေပဲ′ ဟုတ်နေတာ `လောက ′။
တကယ်ရှိ၊ နဂိုရှိတဲ့ သင်္ခါရလောက ကလွဲရင် ကျန်တဲ့ လောကအားလုံး အတုပဲ။ တစ်စက္ကန့်၊ တစ်ရက်၊ တစ်နှစ်၊ တစ်ဘ၀ မပြောနဲ့။
တစ်သံသရာလုံးတောင် တကယ်မဟုတ်။
( ၆ ) အသုံး နဲ့ အစွဲ
အသုံးချန်ပြီး အစွဲဖြုတ်ရမှာ။ စိတ်ဆိုတာ သုံးရမှာ စွဲရမှာ မဟုတ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ သံသယဖြစ်နေတာကို ငါဖြစ်နေတယ် ယူဆနေရင် စိတ်ကို စွဲနေပြီ။ အစွဲကင်းမှ ပြော၊ အစွဲကင်းမှ သုံးတာ စိတ်ချရတယ်။
( ၇ ) အစွဲတဏှာကိုစွန့်
-ပုဂ္ဂိုလ်စွဲကိလေသာက ဘယ်သူဘယ်ဝါလို့ သိတာ။
-နေရာစွဲက ရိပ်သာလို့ သိတာ။
-တရားစွဲက ဘာတရား၊ ညာတရားလို့ သိတာ။
-အစွဲကင်းမှ အမှန်သိမယ်။
-ဝေဒနာကို အဟုတ်ထင်နေလို့ ဝေဒနာ ရှိနေတာ။
-ခံစားလို့ ခံစားချက်ရှိတာ။ ခံစားဖို့လိုတာ။
-သတ်မှတ်ထားတဲ့ အမှား၊ အမှန်အပေါ် အဟုတ်ထင်နေမှုကို မစွန့်နိုင်သရွေ့ ပရမတ် အမှန်တရားကို မသိနိုင်။
အစွဲကင်းအောင် ကြိုးစားရမယ့်အစား ဘာအမှား၊ ညာအမှား၊ ဘာအမှန်၊ ညာအမှန် ဆိုပြီး စွဲနေတာကိုက အစွဲမှားနေတာ။ အစွဲပဲရှိတာ၊ အစွဲကင်းဖို့ပဲလိုတယ်။ အဖြစ်ကောင်းဆိုလို့ အလိုကင်း အစွဲကင်းတဲ့ အဖြစ်ပဲရှိတယ်။
သေရဲတာ သတ္တိ မဟုတ်၊ အသက် (၀ိညာဉ်လေး)ရှိနေတယ်၊ အချိန်ရှိနေတယ် ထင်တဲ့အစွဲကို စွန့်ရဲတာမှ သတ္တိအစစ်။
ကိလေသာကို ရဲရဲစွန့်။
မစွန့်ရဲတာကိုက အမှားပဲ။
မစွန့်ရဲလို့ သိမ်းပိုက်နေရတာ။ `မရှိ မဖြစ်′ ဆိုတာ စကားသက်သက်ပဲ။ အဟုတ်ထင်မနေနဲ့။
ဖြစ်ချင်တာတွေ မရေမတွက်နိုင်အောင် ဖြစ်ခဲ့လှပြီ၊ `တကယ် မဖြစ်′လို့သာ ဖြစ်ချင်မှု အလိုမကင်းတာပေါ့။
လုပ်မယူနဲ့၊ စွန့်လွှတ်ယူ။ လိုနေ၊ တနေ၊ လက်ခံယူနေရတာက ပင်ပန်းဆင်းရဲသေးတယ်။ `မလို, မတ တဲ့စိတ်′ လက်မခံဘဲ ရတာမှ ဒုက္ခကင်းတာ။
တရားက ရှိပြီးသား၊ လုပ်ယူရမှာ မဟုတ်၊ လုပ်ယူချင်တဲ့ အစွဲ ဖြုတ်ရမှာ။
လုပ်ဖို့လိုတာ မှန်သမျှ အပိုပဲ၊ အလုပ်စွဲ ပြုတ်ဖို့ပဲ လိုတယ်။ အပိုအလုပ်တွေကြောင့် နဂို ပရမတ် အနတ္တ အလုပ်ကို မသိတာ။
-ရသလောက်စွန့်၊ စွန့်သလောက်ရ။
-စွန့်လို့လွတ်၊ မစွန့်လို့မလွတ်။
-အမြဲစွန့်မှ အမြဲလွတ်မယ်။
အစွဲအား၊ တစ်ခုခု၊ တစ်ယောက်ယောက်ရဲ့အားက မလွတ်လပ်ဘူး၊ အကန့်အသတ်ရှိတယ်၊ အစွဲကင်းမှ အကန့်အသတ်မရှိ လွတ်လပ်တယ်။
အတ္တကင်းကင်း-လွတ်လွတ်လပ်လပ်-လုပ်ရုံသက်သက်လုပ်။ ဘာကိုမှ မငြိတယ်ဘဲ လွတ်လွတ်လပ်လပ်လုပ်ရင် မဖြစ်နိုင်တာ ဘာမှမရှိ။

0 comments:
Post a Comment