အတွေးစစ်။
အိပ်ရာထတာ အခါတိုင်းထက် နာရီဝက် နောက်ကျမှ ထဖြစ်ခဲ့သည်။ ညက အိပ်ရာဝင်တာ နောက်ကျလို့  လားတော့မသိ။ ခေါင်းတွေလည်း ကိုက်ခဲနေ၏။ သို့ သော် မတတ်နိုင်။ ဆွမ်းချက် အလှည့်ကလည်း တစ်ကျော့ ပြန်လည်လာခဲ့တာမို့  “အလှည့်ကျ မနွဲ့ကြစတမ်း” စနစ်ဖြင့် တာဝန်ကျေအောင်တော့ လုပ်ရပေဦးမည်။
ဆွမ်းကို ဘယ်နှစ်ယောက်ဘုဉ်းပေမည် ရေတွက်ကာ ချက်ပြုတ်ခြင်း ကိစ္စများ အခါတိုင်းလိုပင် အစပြု ဖန်တီးဖြစ်လေတော့သည်။ ပြီးလျှင် ရေခဲသေတ္တာထဲတွင် အသင့်ရှိသော မုန်လာဥ၊ ခရမ်းသီး၊ ပန်းဂေါ်ဖီများကို တတ်သလောက် မှတ်သလောက် လှီးဖြတ်ကာ ချဉ်ဟင်းတခွက်၊ အကြော်တစ်ခွက် ဖြစ်ရန် နေ့ စဉ် လှုပ်ရှားဟန်နဲ့  မထူး၊ ထပ်တူ ဖန်တီးဖြစ်တော့၏၊
စားချိန်တန်လျှင်ကား ယောနိသော မနသိကာရရှိသူ အတွက် ကြည်နူးဖွယ်ကောင်းသော ထမင်းဝိုင်းလေး ဖြစ်သွားမှာ သေချာသည်။ မရှိသူအတွက် စိတ်ပျက်ဖွယ်ရာ ထမင်းဝိုင်းလေး အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ အကြောင်းအရာတစ်ခု အပေါ်ကို မိမိရဲ့ အတွေးများကသာ ကောင်း၊ မကောင်း ကင်ပွန်းတပ်သွားမည်သာ ဖြစ်သည်။ ဆွမ်းဝိုင်းမှာကား မိမိရဲ့ နားမျက်စိနှစ်စုံကို ထိုထို သုံးဆောင်နေသော သူများထံကိုသာ “ငါဖန်တီးထားတဲ့ ထမင်းဝိုင်လေးအပေါ် ဘယ်လို သုံးသပ်ကြမလဲ” ဆိုတဲ့ အတွေးဖြင့် ဦးညွတ်ထားမိလေတော့၏။
“ကျန်းမာရေးနဲ့  အတော် ညီညွတ်တဲ့ ဟင်းတွေပဲ”
သက်တော် ငါးဆယ်နီးပါးရှိ ကျောင်းထိုင်ဆရာတော် ကြီးရဲ့ အသံ။ မြန်မာပြည်တွင် သူ ဘုဉ်းပေးခဲ့သော ဆွမ်းဝိုင်းလေးက ဒီဆွမ်းဝိုင်းလေးကို မြင်လျင် ပျက်ရယ်ပြုချင် ပြုနေပေလိမ့်မည်။ သို့ သော် ထိုဆရာတော်ကား ကာလံ၊ ဒေသံ နားလည်ပေ၏၊ တတ်သလောက် မှတ်သလောက် ဖန်းတီးချက်ပြုတ်ထားသော ဟင်းလျာများကို အားရ၊ ပါးရ ဘုဉ်းပေးနေသည်။
တခါတရံ အငန်များသွားတာလည်း ရှိမည်။ တခါတရံ ဘယ်လိုမှ အရသာမရှိအောင် ပေါ့သွားတာမျိုးလည်းရှိမည်။ သွေးတိုးရောဂါ ရှိသူအတွက် အငန်များသွားလို့ ရှောင်ကွင်းစရာ ထမင်းဝိုင်းမရှိ။ ရင်ကြပ်ရှိသူများအတွက်လည်း အချိုမှုန့်် ကို ရှောင်ရန် အခြားခြားသော ရွေးချယ်စရာ ထမင်းဝိုင်းလည်း ရှိလမ့်မည် မဟုတ်ချေ။
ဆရာတော် ရေရွတ်သွားသည်မှာ “ကျန်းမာရေးနဲ့  အတော် ညီညွတ်တဲ့ ဟင်းတွေပဲ” တဲ့။ ဆရာတော်ရဲ့ နှလုံးသားထဲမှာ အကောင်းမြင်ဝါဒ (ယောနိသောမနသိကာရ) အတွေးရှိလို့ သာ ဒီလို မွန်မြတ်တဲ့ စကားမျိုး ထွက်ပေါ်လာတာ ဖြစ်ပေမည်။ ကောင်းသောအတွေးရှိလို့  သာယာနှစ်သက်ဖွယ်ကောင်းသော ထိုစကားမျိုး ထွက်ပေါ်လာခဲ့တာ ဖြစ်သည်။ အကယ်စင်စစ်ကား မိမိချက်ထားသော ဟင်းများကို မိမိပင်လျင် ကြိတ်မှိတ်ကာ စား၍ နေရပေသေးသည်။
ရှင်ဒေ၀ဒတ် အကြောင်းကို လူတိုင်းကြားဖူးပေလိမ့်မည်။ အတွေးမကောင်းသောကြောင့် ဘုရားကိုလည်း ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့သည်။ သူ့ ၏့ အတွေးတိုင်းဟာလည်း သူတပါးကို ဒုက္ခပေးဖို့  သူကြီးပွါးဖို့  အရေးသာ အမြဲတမ်း ပါနေခဲ့သည်။ အတွေးမကောင်းလျှင် အမြင်လည်း စောင်းတတ်လေသည်။ အလုပ်မှာလည်း သံသရာမှောက်ဖို့ ချည်းသာ ဖြစ်ခဲ့လေသည်။ တပည့်ဖြစ်သူ အဇာတသတ်ကိုလည်း သူ့ ၏ အတွေးမှားတွေ ကူးစက်စေခဲ့သည်။
တပည့်ဖြစ်သူ အဇာတသတ်လည်း ထိုအတွေးများ အရောခံရကာ ခမည်းတော်ကိုလည်း အကျဉ်းချထားခဲ့၏။ မစာနာ မထောက်ထားဘဲ အစာဖြတ်၊ ရေဖြတ် ရက်ရက်စက်စက် လုပ်ရက်ခဲ့လေသည်။ ခမည်းတော်ရဲ့ ရာဇဂြိုဟ်နန်းကိုလည်း အဓမ္မ အမွေဆက်ခံခဲ့သူကြီး ဖြစ်ခဲ့ရလေသည်။ ဆရာတပည့် နှစ်ယောက်သား အတွေးမှားများ ရှိခဲ့၍ အမြင်များ၊ လုပ်ရပ်များ လွဲမှားခဲ့ခြင်း ဖြစ်လေသည်။
မိမိတို့  ဘာပဲလုပ်လုပ် အတွေးများကသာ ရှေးသွားအဖြစ် ဦးဆောင် နေပေလေိမ့်မည်။ အတွေးများ၏ နောက်မှ အလုပ်လိုက်လာလိမ့်မည်။ ထိုကြောင့် အလုပ်ကောင်းအောင် မှန်ကန်သော အတွေး၊ စစ်မှန်သောအတွေးများကို တွေးတတ်၊ စဉ်းစားတတ်ဖို့ လိုပေ သည်။

0 comments:
Post a Comment