ဝိဇယာထေရီ
ရာဇဂြိုဟ်ပြည်၌ ဝိဇယာမည်သော အမျိုးသမီး တစ်ယောက်သည် ဗိမ္ဗိသာရမင်းကြီး၏ မိဖုရား ခေမာမင်းသမီးနှင့် မိတ်ဆွေ သဟာယဖြစ်၏။ ခေမာမိဖုရား ရဟန်းပြုသည်ရှိသော ဝိဇယာသည် ဤသို့ကြံ၏။
“ပြည့်ရှင်မင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားကြီးပင် ရဟန်းပြုသေး၏။ ငါလည်းငါ၏ မိတ်ဆွေထံ သွားအံ့”
ထိုသို့ ကြံစည်လျက် ရဟန်းပြုလိုသောစိတ်ဖြင့် ခေမာထေရီ အထံသို့ သွားလေ၏။ လက်ယာတော်ရံ ခေမာထေရီ အရှင်မလည်း ဝိဇယာ၏ စိတ်အလိုကို အဘိညာဉ်ဖြင့် သိတော်မူ၍ သံသရာဆင်းရဲ၏ အပြစ်ကို ဟောတော်မူ၏။ ဝိဇယာလည်း သံဝေဂဖြစ်သော ရဟန်း အဖြစ်ကို ခွင့်တောင်းလျှင် ခေမာထေရီ အရှင်မသည် “ဂီဟိသဟာယ” ဖြစ်သော ဝိဇယာကို ရဟန်းမိန်းမ ပြုပေ၏။
ဝိဇယာ ဘိက္ခုနီမသည် ဝိပဿနာကို အားထုတ်ရာတွင် စိတ်၏ တည်ကြည်ခြင်းကို မရနိုင်၍ လေး ငါးကြိမ်မျှ ကျောင်းအပြင်သို့ ထွက်သွားမိသည်။ ထိုသို့ မိမိအလိုသို့ မလိုက်ပါပဲ ဝိပဿနာ အာရုံကို ဖောက်ခွဲလျက် တခြားထွက်သွားသော စိတ်နှလုံးကို ဆုံးမခြင်းငှာ ခေမာထေရီ အထံသို့ သွား၍ ကမ္မဌာန်းကို မေးလျှောက်ရသည်။
ခေမာထေရီသည် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ တို့ကို ခွဲခြား၍ တရားဟောတော်မူ၏။ ဝိဇယာသည် ဆရာ ဥပဇ္ဈာယ် ဟောပြသော ကမ္မဌာန်းကို တစ်ညဥ့်လုံး အားထုတ်၍ ဝိပဿနာ ရှုသည်ရှိသော် ညဥ့်ဦးယံ၌ နောက်ဆုံး ဖြစ်သော နံနက် မိုးသောက် အလင်းရောက်သည့် အခါ၌ အာသဝက္ခယဉာဏ် တည်းဟူသော အရဟတ္တဖိုလ်ကို ရ၍ ရဟန္တာ ဖြစ်တော်မူလေသတည်း။



0 comments:
Post a Comment