* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, March 13, 2010

စဉ်းစားပါဦး။

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။ ညနေချမ်းရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။ ရှင်ရာဟုလာက မြတ်စွာဘုရားအတွက် နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။ မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။

“ချစ်သားရာဟုလာ.... အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ.... လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။


ချစ်သားရာဟုလာ....လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့ တော့။




ချစ်သားရာဟုလာ....အပြောတစ်ခုပြောတော့မယ်ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား။ ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။

ချစ်သားရာဟုလာ....ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။ ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။



ချစ်သားရာဟုလာ....အတွေးတစ်ခု တွေးတော့မယ်ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့ တော့။”




မြတ်စွာဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင် လုပ်ဖို့ ဟောပြလိုက်တော့ ရှင်ရာဟုလာလည်း ကျေနပ်ပီတိ ဖြစ်သွားပါတော့တယ်။

(မဇ္ဈိမပဏ္ဏာသပါဠိတော်၊ မဟာရာဟုလောဝါဒသုတ်)

ဆရာတော် ရဝေနွယ် (အင်းမ) ၏ “မိမိကိုယ်ကို မိမိတည်ဆောက်မယ်” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။

--------------------------------------------------------
အထက်ပါ တရားတော် အဆုံးအမလေးကို ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀ ဘာသာရေးစာပေတွေ လေ့လာဖြစ်တုန်းက ဖတ်ဖူးခဲ့ပါတယ်။ မြတ်စွာဘုရားရှင်က သားတော်ရှင်ရာဟုလာကို ဆုံးမလိုက်တဲ့ စကားတော်ဟာ ကျွန်တော့်အတွက်လည်း ဖခင်က ကျွန်တော့်ကို ဆုံးမလိုက်သလိုပါဘဲ။ ရင်ထဲအထိ စိမ့်ဝင်ခဲ့တဲ့ အဆုံးအမတော်မြတ်ဖြစ်ပါတယ်။ ဆရာတော် ရဝေနွယ် စာအုပ်ကို ဖတ်ရင်း ဒီအဆုံးအမလေးကို ရေးထားတာ ပြန်တွေ့ လိုက်တော့ အဝေးရောက်နေတဲ့သားတစ်ယောက်ကို ဖခင်က ထပ်ပြီးဆုံးမလိုက်သလို ပြန်ခံစားလာရလို့  စာအုပ်ထဲကနေ ကူးယူဖော်ပြပေးလိုက်ပါတယ် ခင်ဗျား။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP