*အသိတရား...*
အသိတရားတဲ့.. ဟေ ဟေ့.. တဂ်တဲ့သူက တဂ်ပြန်တော့လည်း ရေးတဲ့သူက ရေးရဦးမှာပေါ့...
အမ်.. မင်းက အသိတရား ဆိုတာ ရေးရအောင် မင်းမှာ အသိတရား ဘယ်လောက် ရှိနေလို့လဲ...
၁။ အံမာ.. ခင်ဗျားကကော ကျုပ်ကို ဒီလိုပြောရအောင် ခင်ဗျားမှာရော အသိတရား ဘယ်လောက်ရှိလဲ...
၂။ ဟုတ်ကဲ့ နည်းနည်းပါးပါးပဲ သိတာပါ ခင်ဗျာ... သိသလောက်လေး မျှဝေချင်လို့ပါ...
၃။ ဟုတ်.. ဟုတ်ကဲ့.. မရှိပါဘူး...
အဲသလို ကျွန်တော့်ကို မေးလာရင်တော့ နံပါတ်တစ် ပုဂ္ဂိုလ် ပြန်ဖြေသလိုပဲ အမေးကို အမေးနဲ့ ပြန်တုံ့ပြန်ရင် ကောင်းမလား... (မာနသံလေးတော့ ပါတာပေါ့နော)
ဒါမှမဟုတ်.. နံပါတ် နှစ်ပုဂ္ဂိုလ်လို လေယူ လေသိမ်း ပြေပြေလေးထိုးပြီး သိတာလေး ရေးရင် ကောင်းမလား... (ပုဆိုးခြုံပြီး လက်သီးတော့ ပြမိရင် ပြမိနေမှာပေါ့..)
အဲလိုမှ မဟုတ်သေးရင်လည်း... နံပါတ်သုံး ပုဂ္ဂိုလ်လိုပဲ ဝေဖန်မှာ ကြောက်လို့ မ၀ံ့မရဲ နောက်ဆုတ်မလား...
အဖြေကတော့ ပေါ်နေပါပြီလေ... ဒီအထိ ရောက်အောင် ရေးလာပြီ ဆိုမှတော့ နံပါတ်နှစ် ပုဂ္ဂိုလ်အနေနဲ့ပဲ သိတာလေး ရေးကြည့်လိုက်တော့ မယ်ဗျာ...
ဒါပေမယ့် တစ်ခုတော့ သိချင်သေးတယ်ဗျ... ဘာလဲဆိုတော့ အွန်လိုင်း ဘလော့ လောကမှာ ခုလို တစ်ယောက်နဲ့ တစ်ယောက် တဂ်ကြတယ်ပေါ့ဗျာ... အဲလို တဂ်ကြတဲ့ ရည်ရွယ်ချက်လေး သိချင်တာပါ... ဥပမာ ဒီ အသိတရား ဆိုတဲ့ ခေါင်းစဉ် အရပေါ့ဗျာ... ကျွန်တော် စဉ်းစားမိ သလောက်
၁။ ဒီလူ ရေးတာတွေကို လေ့လာ မှတ်သားချင်လို့လား
၂။ ဒီလူ ဘယ်လို ရေးမလဲဆိုတာကို ဆန်းစစ် ဝေဖန်ချင်တာလား
၃။ ဒါမှမဟုတ် မိတ်ဆွေအချင်းချင်း ခင်မင် ရင်းနှီးလို့လား...
နံပါတ်သုံးကိုတော့ အများအားဖြင့် အခြေခံကြမယ် ထင်ပါတယ်လေ...
ကျွန်တော်လည်း ကိုယ့်ဟာကိုယ်မေး ကိုယ့်ဟာကိုယ် ဖြေရင်း ပေရှည်နေ လိုက်တာ... စရေးပြီ အစ်မ ငယ်နိုင်ရေ...
--------------------------------------
ဒီ အသိတရား ဆိုတဲ့ ခေါင်းစဉ် တွေ့တွေ့ချင်း ပထမတော့ အော် သိသားပဲ ဆိုပြီး သိသလိုလိုတော့ ရှိတယ် ကျွန်တော်.. ဒါပေမယ့် တကယ့်တကယ် ချရေးမယ်လည်း လုပ်ကော ဘာရေးလို့ ရေးရမှန်းမသိ၊ ဘယ်အကြောင်း ရေးလို့ ရေးရမှန်းမသိ၊ ဘယ်ကို ဦးတည်ရမှန်း မသိဘူး။ နောက်မှ တဖြည်းဖြည်း ခေါင်းထဲ စပေါ်လာတာက တရား ဆိုတဲ့ စကားလုံး..။ ဟုတ်ပြီ တရားဆိုတာ ဘာလဲ..။ ကျွန်တော် အရင်က သိထားတာက တရားဆိုတာ ဓမ္မ၊ နောက်တစ်မျိုး သိထားတာက မတရားတာ မဟုတ်တာ တရား..။ ဒါပေမယ့် သိပ်မကြာသေးဘူး.. ပိုင်းလော့ ဆရာတော်ဘုရားရဲ့ တရား တစ်ပုဒ်ကနေ တရားဆိုတဲ့ စကားလုံး ဆင်းသက်လာပုံကို နာကြားခွင့် ရလိုက်တယ်။ ဒီလို ဆင်းသက်လာပုံကို ဆရာတော့် အနေနဲ့လည်း ယောဆရာတော် ဘုရား အဆုံးအမကနေ ရတာပါတဲ့။
တရားဆိုတာ ပထမဆုံး ဓရ ဆိုတဲ့ စကားလုံးက ဆင်းသက် လာတာပါ။ မြန်မာလိုတော့ ဆောင်ခြင်း လို့ အဓိပ္ပါယ် ရပါတယ်။ ဥပမာ အားဖြင့် ပိဋကသုံးပုံကို အာဂုံရွတ်ဆို ကျက်မှတ်ပြီး ဆောင်ထားသော ဆရာတော် ဘုရားများကို တိပိဋကဓရ လို့ အမည်နာမ သမုတ်ပါတယ်။ နောက်ပိုင်းမှ ဓရ ကနေ တရ (ရကောက်မှာ လျှာလိပ်သံ ပါ၏)၊ တရ ကနေ တရား (လျှာလိပ်သံ ပါသေး၏)၊ နောက်ဆုံးကျမှ ယနေ့ခေတ် သုံးကြသလို ရကောက်မှာ လျှာလိပ်သံ ထည့်မဆိုဘဲ တရား ဆိုတဲ့ စကားလုံး ဖြစ်လာတာပါတဲ့။
အဲဒီတော့ ဒီ အသိတရား ဆိုတဲ့ အကြောင်းမှာလည်း တရားကို ဆောင်ခြင်း အနေနဲ့ ယူလိုက်ရင် “အသိတွေ ဆောင်ထားခြင်း” ပေါ့။ လူတိုင်း ကြားဘူး နေကြတဲ့ အသိတရား ရှိတဲ့သူ ဆိုတာ အသိတွေ ဆောင်ထားတဲ့ ပုဂ္ဂိုလ်ပေါ့။ ဒါဆို ဟုတ်ပြီ။ ဘယ်လို အသိတွေ ဆောင်ထားတာလဲ.. လို့ မေးဖို့က လိုလာပြန်ပြီ။
ကျွန်တော်တို့ တတွေ လူရယ်လို့ စဖြစ်လာကတည်းက သိလာတဲ့ အသိတွေ ဆိုတာ နည်းမှ မနည်းပဲ။ အဲဒီ မနည်းမနော အသိတွေ ထဲမှာ သိသင့်တာလည်း ပါသလို မသိသင့်တာလည်း ပါတယ်။ သိအပ်တာလည်း ပါသလို မသိအပ်တာလည်း ပါတယ်။ ကောင်းတဲ့ အသိတွေလည်း မှတ်သားမိသလို မကောင်းတဲ့ အသိတွေလည်း ဆောင်ထား မိတာပါပဲ။
ပြောရရင် ကောင်းတဲ့ အသိဆို ကုသိုလ်အသိ၊ မကောင်းတဲ့ အသိ ဆိုတာကတော့ အကုသိုလ် အသိတွေပါပဲ။ ဒီနေရာမှာလည်း ကုသိုလ်ဆိုတာ ဘာလဲ၊ အကုသိုလ် ဆိုတာဘာလဲ သိထားသင့်ပါတယ်။ အကြမ်းဖျဉ်းတော့ လောဘ၊ ဒေါသ၊ မောဟ မပါတဲ့ အသိဟာ ကုသိုလ်အသိ၊ လောဘ၊ ဒေါသ၊ မောဟ ပါတဲ့ အသိဟာ အကုသိုလ် အသိလို့ မှတ်သားနိုင်ပါတယ်။
ဟုတ်ပြီ။ ခေါင်းစဉ်လေးနဲ့ ပြန်ချိန်ထိုး ကြည့်လိုက်ရင် လောကမှာ ကောင်းတဲ့ အသိတွေကို များများ အသုံးချပြီး လောကအတွက်၊ မိမိအတွက် အကျိုးရှိအောင် လုပ်သွားတဲ့သူတွေ များသလို၊ မကောင်းတဲ့ အသိတွေကို ထည်လဲ အသုံးပြုလို့ မိမိအတွက်ကော လောကအတွက်ပါ အကျိုးမဲ့အောင် လုပ်သွားတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။ ဘုရား လက်ထက်မှာကော၊ ယနေ့ခေတ်မှာပါ သာဓကတွေလည်း အများကြီးပါ။ ဒီလို ကောင်းတဲ့ အသိတွေအသုံးချနိုင် မချနိုင်ဟာလည်း ပတ်ဝန်းကျင်နဲ့ မိမိအပေါ်မှာ အများကြီး မှီခိုနေတာပါ။ အဓိကကတော့ မိမိကိုယ်တိုင်ပေါ့။ “ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူးတို့၊ ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့တို့၊ နောက် မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့ ဆောက်တည်လေတို့” စတဲ့ အဆုံးအမတွေဟာလည်း အလုပ်တစ်ခု ကောင်းမကောင်း သည် မိမိနဲ့သာ ဆိုင်တယ်ဆိုတာ မီးမောင်း ထိုးပြနေတာပါပဲ။
ဒီနေရာမှာ အလုပ်ဆိုတာ ပါလာပါပြီ။ တော်တော် များများ သိပြီးကြတဲ့ အတိုင်း အလုပ်ဆိုတာ ကံပါ။ ကာယကံ၊ ၀စီကံ၊ မနောကံပေါ့။ ကိုယ်နဲ့ ပြုမူတဲ့ အလုပ်၊ နှုတ်နဲ့ ပြောဆိုတဲ့ အလုပ်နဲ့ စိတ်နဲ့ ကြံစည်တဲ့ အလုပ်ဆိုပြီး တော့လည်း နားလည်ထားကြ မှာပါ။ ဒီသုံးမျိုးမှာလည်း မနောကံသည် အခရာကျပါတယ်။ စိတ်နဲ့ ကြံစည် တွေးတောမှုပေါ် အခြေတည်ပြီး ၀စီကံတွေ၊ ကာယကံတွေ ဖြစ်လာတာပါ။ အဲတော့ ဟုတ်ပြီ၊ စိတ်ကတွေးပြီ။ တွေးပြီဆိုကတည်းက သိပြီးသားတွေ ပြန်တွေးတာပါပဲ။ အဲဒီမှာပဲ ကောင်းတဲ့ အသိတွေ များများ ဆောင်ထားတဲ့ သူက ကောင်းတာ များများတွေးပြီ။ ကောင်းတာ များများတွေးတော့ ပြောတဲ့ဆိုတဲ့၊ လုပ်တဲ့ကိုင်တဲ့ နေရာမှာလည်း ကောင်းတာတွေပဲ များများစားစား ပြောဆို လုပ်ကိုင်မိပြန်ကော။ တစ်ဖက်က ကြည့်တော့ မကောင်းတဲ့ အသိတွေ များများ ဆောင်ထားတဲ့ ပုဂ္ဂိုလ်က ဘာဖြစ်မလဲ။ မကောင်းတာတွေပဲ များများတွေး၊ များများပြော၊ များများ လုပ်ကိုင်ပြီပေါ့။
ဒီလို မကောင်းတာတွေ မပြုမိအောင် မပြောမိအောင်၊ ရှောင်ရှားနိုင်အောင် ကျွန်တော်တို့ သီလတွေ စောင့်ထိန်းလာတယ်။ သီလ စောင့်ထိန်းခြင်းအားဖြင့် ကျွန်တော်တို့တတွေ ကာယဒုစရိုက်၊ ၀စီဒုစရိုက်တွေ ထိန်းနိုင်လာတယ်။ မနော ဒုစရိုက်ကို ထိန်းဖို့ကျတော့ မေတ္တာပွား၊ ဘုရားဂုဏ်တော်ပွား.. စတာတွေကနေ နောက်ဆုံး ၀ိပဿနာအဆင့် ရောက်သည်အထိ ဘာဝနာ အလုပ်တွေ လုပ်ကြတယ်ပေါ့။ ဒီလို သီလ စောင့်ထိန်းဖို့၊ ဘာဝနာ ပွားဖို့ ဆိုတာကလည်း သီလအသိ၊ ဘာဝနာ အသိတွေ ရှိဦးမှ၊ ဆောင်ထားဦးမှ။ သိတယ်၊ ဆောင်ထားတယ်ပဲ ထားပါဦး ဒီအသိကို လက်တွေ့မှာ ကျင့်ပါဦးမှ။ ဒီလို ကောင်းတဲ့အသိ၊ မှန်ကန်တဲ့ အသိတွေ ရှိလည်းရှိ၊ ကျင့်လည်း ကျင့်ပါမှ ဒီလို ပုဂ္ဂိုလ်ကို အသိတရား ရှိတဲ့သူလို့ ခေါ်ထိုက်ပေမပေါ့။
ဒီနေရာမှာလည်း ကျွန်တော် တစ်ခု မှတ်သားမိတာက ယောဆရာတော် ဘုရားရဲ့ “အသိမှန်မှ အကျင့်မှန်မယ်” ဆိုတဲ့ အဆုံးအမပါ။ လူတစ်ယောက်ဟာ အသိမှန်ဖို့ သိပ် အရေးကြီးပါတယ်။ ဒီလိုမှ အသိမမှန်ဘူး ဆိုရင် အကျင့်လည်း မမှန်နိုင်တော့ပါဘူး။ အဲလို အသိမမှန် အကျင့်မမှန်ရင် ဘာတွေ ဖြစ်သွားနိုင်မလဲ။ စဉ်းစားကြည့်ပါ။ မိမိ ပတ်ဝန်းကျင်ကိုသာ မက၊ ရက်ကွက် မြို့ရွာက စလို့ ကမ္ဘာကိုပါ ဖျက်ဆီးနိုင်သူတွေ ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော် မှတ်မှတ်ထင်ထင် ရှိမိတာက နာမည်ဆိုးနဲ့ကျော်တဲ့ ဟစ်တလာလို ပုဂ္ဂိုလ်။ နောက်တစ်ခုက ဘုရားလက်ထက်က ခွေးလို၊ နွားလို ကျင့်ပြီး သံကိုသံဖျက်၊ သံချေးတက်သွား သူတွေ အကြောင်းပါ။ သူတို့ ဘာလို့ အဲသလို ကျင့်သလဲ၊ အဖြေက ရှင်းပါတယ်။ အသိမမှန်လို့ပါ။
နောက်တစ်ခု အသိတရားနဲ့ ပတ်သတ်လို့ ကျွန်တော် တစ်ခု သတိထားမိတာက အသိမှန်ကို သိတယ်ထားဦး။ ဒါဟာ အသိမှန်ပါလို့ လက်မခံပြန်ရင်လည်း ဒီလူ့အနေနဲ့ အသိတရား မရှိတာပါပဲ။ ရှင်သာရိ ပုတ္တရာနဲ့ ရှင်မဟာ မောဂ္ဂလန် အရှင်မြတ်တို့ရဲ့ လူ့ဘ၀က တိတ္ထိ ဆရာကိုသာ ကြည့်ပေတော့။ ဘုရားရှင်ဟာ အသိတရား အမှန်ကို လမ်းပြနိုင်တဲ့သူ ဆိုတာ သိလျက်နဲ့ ဒီအသိမှန်ကို စွန့်လို့ လူမိုက်လမ်း လိုက်သွားလိုက်တာ။ နောက် တစ်ဦးကတော့ ဗီလိန် အကျော်အမော် အရှင်ဒေ၀ဒတ်။ ဇာတ်လမ်း တစ်လျှောက်လုံး မှန်ကန်တဲ့ အသိတရားကို သိလျက်နဲ့ ဒီအသိကို လက်ခံ မကျင့်သုံးဘဲ ဘုရားရှင်ကို ဆန့်ကျင်လို့ ဗီလိန်ဇာတ် ခင်းသွားလိုက်တာ... တကယ့်ကို သတိသံဝေ ယူသင့်တဲ့ အဖြစ်တွေပါပဲ။
ကျွန်တော်လည်း သိတာလေးတွေ ဟိုရေး ဒီရေးနဲ့.. စာဖတ်သူတွေကို ဆရာလုပ်သလို ဖြစ်နေပါပြီ။ ကျွန်တော့် အမြင်တော့ အခု စာဖတ်နေသူ အပါအ၀င် လူတိုင်းဟာ ကောင်းတဲ့ အသိတရား အနည်းနဲ့ အများ ရှိကြသူတွေ ချည်းပါ။ ဒီလို သိသူတွေကို နောက်ဆုံးအနေနဲ့ မြတ်စွာဘုရားက သားတော် ရာဟုလာကို ပြောကြားတဲ့ ဆုံးမစကားလေးနဲ့ အသိတရား ထပ်ပေးပါရစေ။ မြတ်စွာ ဘုရားက သားတော် ရာဟုလာကို ခုလို ဆုံးမပါတယ်။
“ချစ်သား ရာဟုလာ... အလုပ်တစ်ခု လုပ်တော့မယ် ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့် အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင် မလား၊ သူတစ်ပါးကို ထိခိုက်နိုင် မလား၊ ထိခိုင်နိုင်မယ် ဆိုရင် မလုပ်ပါနဲ့ တော့။
ချစ်သား ရာဟုလာ... လုပ်ဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင် မလား၊ သူတစ်ပါးကို ထိခိုက်နိုင် မလား၊ ထိခိုက်နိုင်မယ် ဆိုရင် မလုပ်ပါနဲ့တော့။
ချစ်သား ရာဟုလာ... လုပ်ပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ မိမိသူတစ်ပါး ထိခိုက်နိုင်တယ် ဆိုရင် မလုပ်ပါနဲ့တော့။
ချစ်သား ရာဟုလာ... အပြောတစ်ခု ပြောတော့မယ် ဆိုရင်လည်း မပြောခင် စဉ်းစားလိုက် ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင် မလား၊ သူတစ်ပါးကို ထိခိုက်နိုင် မလား။ ထိခိုက်နိုင်မယ် ဆိုရင် မပြောပါ နဲ့တော့။
ချစ်သား ရာဟုလာ... ပြောဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင် မလား။ ပြောပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ ထိခိုက်နိုင်တယ် ဆိုရင် မပြောပါ နဲ့တော့။
ချစ်သား ရာဟုလာ... အတွေးတစ်ခု တွေးတော့မယ် ဆိုရင်လည်း စဉ်းစားလိုက် ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ တွေးပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်တယ် ဆိုရင် မတွေးပါ နဲ့တော့။”
ဓမ္မမောင်နှမတို့ အားလုံး ကောင်းမွန် မြင့်မြတ်တဲ့ အသိတွေကို သိရှိကျင့်ကြံလို့ အသိတရား ရှိသူတွေ ဖြစ်နိုင်ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
3/24/2010, WED:, 11:40:19 PM

0 comments:
Post a Comment