* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, March 26, 2010

သံသရာထဲမှာ တတွဲတွဲတလည်လည် အပိုင်း (၁)


ဤဘဒ္ဒကမ္ဘာမှ နောက်သို့ ပြန်လည် ရေတွက်သော် ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ဖြစ်ပေသည်။ ထိုကမ္ဘာထက်၌ ဝိပဿီ မြတ်စွာဘုရား ထင်ရှား ပွင့်တော်မူစဉ် အခါဝယ်၊ ဗန္ဓုမတီပြည်၌ အလွန် သိမ်ငယ် ဆင်းရဲသော ပုဏ္ဏား လင်မယား ရှိကြလေ၏။

မည်မျှ ဆင်းရဲသနည်းဟူမူ၊ လင်မယား နှစ်ယောက် ပေါင်းမှ အပေါ်ရုံ စုလျား တစ်ထည်တည်းသာရှိ၏။ သို့အတွက် အိမ်အပြင်သို့ မယားထွက်လျှင် လင်မှာ အိမ်ထဲ၌ အောင်းနေရပြီး အိမ်အပြင်သို့ လင်သွားလျှင်လည်း မယားမှာ အိမ်ပြင် မထွက်ဝံ့ချေ။ အလုပ်အကိုင်မှာလည်း မည်မည်ရရ မရှိ။ ဟင်းရွက်ခူး ထင်းခွေကာ ရောင်းချ စားသောက်ကြရ၏။

ဝိပဿီ မြတ်စွာဘုရားသည် သတ္တဝါတို့အား ခုနစ်နှစ်တွင် တစ်ကြိမ်သာ တရား ဟောတော်မူလေ့ရှိသည်။ အသက် သောင်းတမ်း၌ ပွင့်တော်မူသော မြတ်စွာဘုရားများသည် ဤသို့လျှင် ဟောတော်မူလေ့ ရှိကြပေ၏။

တစ်နေ့တွင် မြတ်စွာဘုရား တရားဟောသည့် အကြောင်း နတ်တို့ လှည့်လည် ကြွေးကြော်သံကို ပုဏ္ဏား လင်မယား ကြားကြရသည်။ လင်မယား နှစ်ယောက်တွင်မှ အပေါ်ရုံ တစ်ထည်တည်းသာ ရှိသောကြောင့် ‘ဧကသာဋက’ အမည်ရသော ပုဏ္ဏား လင်မယား ဆွေးနွေးကြ၏။ မြတ်စွာဘုရား၏ တရားပွဲသို့ မည်သူ သွားမည်နည်း။

တရားပွဲ ကျင်းပချိန်မှာ ညအခါ ဖြစ်သည်။ သို့အတွက် လင်ပုဏ္ဏားသည် တရားတော် နာယူရန် ထွက်ခွာ လာခဲ့လေ၏။

လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာ ဖြစ်တော်မူသော ဝိပဿီမြတ်စွာဘုရားသည် မင်းနှင့်တကွသော ပရိသတ် လေးပါးအား တရား ဟောတော်မူသည်။ ဒါနကထာ သီလကထာ သဂ္ဂကထာ မဂ္ဂကထာ ဟူသော တရားစကား အစဉ်ဖြင့် ကောင်းကင် မြစ်ကြီး စီးဘိသကဲ့သို့ အင်္ဂါ ရှစ်ပါး ရှိသည့် အသံတော်ဖြင့် စိတ်ဖန် ဟောကြားတော်မူသည်။

သူဆင်းရဲ ဧကသာဋက ပုဏ္ဏားကား ပရိသတ် အစွန်ကသာ တရားနာနေရသည်။ သို့ရာတွင် အဆအရာ ဝမ်းသာ နှစ်မြို့လျက် ပီတိ ငါးပါး ဖြစ်ပွားနေသည်။ ထို့ကြောင့် ခြုံရုံထားသော စုလျားပုဆိုးကို ချွတ်ပုံသည်။ မြတ်စွာဘုရားအား လှူရန် အကြံဖြင့် ချွတ်ခြင်း ဖြစ်သည်။
‘ဟာ မဖြစ်သေးပါဘူး၊ ဒါကလေးပဲ ရှိတာ၊ ဒါကလေးကို လှူလိုက်ရင် ငါ့မယားရော ငါပါ အပြင်မထွက်ရဲဘဲ ရှိတော့မယ်၊ နောက်တစ်ထည်ရမှပဲ လှူတော့မယ်’

ဝန်တိုစဉ်းလဲစိတ် ဝင်လာသည့် ခဏ၌ ဧကသာဋကသည် စုလျားပုဆိုးကို ပြန်ပြီး ဝတ်ရုံသည်။

တရားတော် ရေအလျဉ်ကြီးကား စီးဆင်းမြဲ စီးဆင်းနေသည်။ ပုဏ္ဏားလည်း လှူလိုစိတ် ဖြစ်ပြန်သည်။ အပေါ်ရုံကို ကိုယ်မှ ခွာပြန်သည်။ သဒ္ဓါစိတ် တစ်ရံဖြစ်သည်ကို မစ္ဆေရစိတ် တစ်ထောင် ဖျက်သဖြင့် ပြန်ပြီး ပခုံးပေါ် တင်ပြန်သည်။

ဤသို့ဖြင့် ပထမယာမ်နှင့် မဇ္ဈိမယာမ်ကို လွန်မြောက်၍ ညဥ့်သုံးယာမ်၏ နောက်ဆုံးကာလ ဖြစ်သော ပစ္ဆိမယာမ်သို့ ဆိုက်ရောက်လာတော့သည်။ ဧကသာဋကတွင် လှူလိုစိတ် ပေါ်ပေါက်လာပြန်သည်တွင် ကိုယ့်ကိုကိုယ် ဆုံးမမိသည်။

‘အချင်း ဧကသာဋက။ နင်ဟာ သည်တစ်ထည်မျှလောက် ပုဆိုးကလေးကိုတောင် မလှူရက်သလို အထက်အထက် ဘဝတွေတုန်းက မစ္ဆေရစိတ်နောက်ကို လိုက်ပြီး ဒါနကောင်းမှု မပြုခဲ့လို့ အခုဘဝမှာ နှစ်ယောက်ပေါင်းမှ အပေါ်တင်စုလျား တစ်ထည်ပဲရှိအောင် ဆင်းရဲရတာ မဟုတ်လား။ နောက်ဘဝတွေမှာကော အခုလိုပဲ ဆင်းရဲချင်သလား။ မဆင်းရဲချင် မမွဲချင်ရင် အခုချက်ချင်း လှူကွ’

ဧကသာဋကသည် ပခုံးပေါ်မှ ပုဆိုးကို ဆွဲဖြုတ်သည်။ မြတ်စွာဘုရား ရှေ့တော်တွင် ပုံထားလိုက်သည်။ အလှူတော်ကြီး အထမြောက်သွားပြီ။ ပုဏ္ဏား ဝမ်းသာသည်။ အလွန် ဝမ်းသာသဖြင့် ပရိသတ် အပြင်သို့ ပြေးထွက်လာကာ “အောင်ပြီ၊ အောင်ပြီကွ၊ ဟေး” အော်သည်။ တဖျောင်းဖျောင်း လက်ခမောင်းခတ်သည်။

မင်းအချင်းတစ်ယောက် ရောက်လာသည်။

“ဟဲ့ကောင်၊ ဘာတွေ အောင်နေတာတုံး”

ပုဏ္ဏားလည်း မစ္ဆေရစိတ်နှင့် သဒ္ဓါစိတ်တို့ နပန်းလုံးရာက အလှူ အထမြောက်သွားပုံကို ရှင်းပြသည်။ မင်းချင်း ထွက်ခွာသွားသော်လည်း ချက်ချင်း ပုဆိုးတွေ ပိုက်လျက် ပြန်ရောက်လာသည်။

“ငါတို့သခင် ဘုရင်မင်းတရားကြီးက မောင်မင့် အလှူကို လွန်စွာ ချီးပပြီး ပုဆိုးတစ်စုံ သနားတော်မူလိုက်တယ်”

မြင်သော်မျှ မမြင်ဘူးသော ပုဆိုးတစ်စုံကို တွေတွေကြီး ကြည့်လျက် ဧကသာဋက ကျန်ရစ်ခဲ့ရာက စဉ်းစား၏။

‘မြတ်စွာဘုရားရဲ့ ကျေးဇူးတော်ကြောင့် ရလာတာတွေ ငါနဲ့ မထိုက်ဘူး၊ မတန်ဘူး’

ပုဏ္ဏားသည် ဘုရင့်ပုဆိုးကို မြတ်စွာဘုရား၏ ရှေ့တော်တွင်ထားခြင်းဖြင့် လှူပစ်လိုက်သည်။ ဝမ်းမြောက် ဝမ်းသာဖြင့် နေရာသို့ ပြန်ရောက်၍မှ မထိုင်ရသေး။ ခုနက မင်းချင်းပင် ရောက်လာပြန်သည်။

“ရော့ဟေ့၊ မောင်မင့် သဒ္ဓါတရားကို ပူဇော်တဲ့ အနေနဲ့ ငါတို့ သခင် ဘုရင်မင်းမြတ်က သနားတော်မူတာ”

မင်းချင်းပေးသွားသော အရာကား၊ ပုဆိုးနှစ်စုံ။

ဧကသာဋကသည် ဤနှစ်စုံကိုလည်း မြတ်စွာဘုရားအား လှူပြန်သည်။ မင်းချင်း ရောက်လာပြန်ကာ လေးစုံပေးသည်။ ဧကသာဋက လှူပစ်ပြန်သည်။ သူကလှူလိုက်၊ ဘုရင်က တစ်စုံတိုးပြီး ပေးလိုက်ဖြင့်၊ ပုဆိုး ၁၆စုံ လက်ထဲရောက်လာသည်။ ပုဏ္ဏား စဉ်းစားရပြီ။

ရမှန်းသိလို့ လှူနေတာပါလို့၊ သူများတွေ ကဲ့ရဲ့တော့မယ် ထို့ကြောင့် သူတို့ လင်မယား အတွက် နှစ်စုံ ချန်ထားပြီးမှ မြတ်စွာဘုရားသို့ ၁၄စုံ လှူဒါန်းသည်။ ပုဏ္ဏားသည် ထိုအချိန်မှစ၍ မြတ်စွာဘုရားနှင့် ရင်းနှီးသော ဒါယကာ တစ်ယောက် ဖြစ်လာတော့သည်။

တစ်ခုသော ဆောင်းရာသီဝယ်၊ ဗန္ဓုမတီ မင်းကြီးသည် မြတ်စွာဘုရားထံတော်သို့ အဖူးအမြင် ရောက်လာသည်။ မြတ်စွာဘုရားထံတော်ပါး၌ ဝပ်တွားနေသော ဧကသာဋက ကို တွေ့သည်။

“အခန့်သင့်ပဲ အမောင် ပုဏ္ဏား၊ ဟောသည် ပဋ္နုမ္ပရစ်တိုင်းဖြစ် တစ်သိန်းတန် ကမ္ဗလာကို မောင်မင်း ဝတ်ရုံပြီး တရားနာပါ။ မြတ်စွာဘုရားရဲ့ ဝတ်ကြီးဝတ်ငယ်ကိုလည်း ပြုပါကွယ်”

မကြာမီကမှ ဆက်သလာသော ကမ္ဗလာတစ်စုံကို ဧကသာဋကအား သနားတော်မူသည်။ သို့သော် ဧကသာဋက မသုံးစွဲ။

“တစ်သိန်းတန် ကမ္ဗလာနဲ့ သည်အကောင်ပုပ်ကြီးကို ဝတ်ဆင်ပေးလို့ ဘာအကျိုးရှိမှာတုံး။ မြတ်စွာဘုရားကိုသာ လှူလိုက်ရင် ဘဝဆက်တိုင်း ပါမှာ”

သို့ကြောင့် မြတ်စွာဘုရား၏ ထံတော်ပါးတွင်သာ လှူဒါန်းပစ်သည်။ မကြာမြင့်မီ နေ့တစ်နေ့၌ ဗန္ဓုမတီ မင်းကြီး ဘုရားဖူးရန် ရောက်လာပြန်သည်။ မြတ်စွာဘုရား စံတော်မူရာ နေရာအထက်ရှိ မျက်နှာကြက်နှင့် ရှေ့တော်တွင် ခင်းထားသော ကမ္ဗလာကို မြင်သည်။ မြတ်စွာဘုရား၏ ရောက်ခြည်တော်နှင့် ကမ္ဗလာများ ဟပ်ကာ၊ ပတ္တမြားတောင်ကို နေရောင် လရောင် ဟပ်သကဲ့သို့ တလျှပ်လျှပ် တငြီးငြီး အံ့ချီးစဖွယ် ဖြစ်နေချေသည်။

သည်နှယ် ဖြစ်အောင် မည်သူ စီရင်သနည်းဟု ဘုရင်မင်းမြတ် စုံစမ်းသည်။ ဧကသာဋက၏ လက်ရာဖြစ်ကြောင်း သိသဖြင့်၊ ဝမ်းလည်းသာ သဒ္ဓါလည်းပေါက်သည်။ သို့ဖြစ်၍ ဧကသာဋကအား ရွှေနန်းတော်သို့ ဆင့်ခေါ်တော်မူ၏။

“အမောင်ပုဏ္ဏား၊ ကနေ့ကစပြီး တစ်ခြားအလုပ်တွေ ဘာမျှ မလုပ်ဘဲ၊ သံဃာတော်များကိုသာ အလုပ်အကျွေး ပြုပေတော့ မောင်မင်း”

ထိုပုဏ္ဏား အခြားအမှုများ မဆောင်ရွက်ဘဲ နေနိုင်ရန်အတွက် ဘုရင်ပေးသော အရာများကား၊ အခွန်တစ်သိန်း ထွက်သော ရွာကြီး ရှစ်ရွာ၊ ရထားစီး ကညာရှစ်ယောက်၊ ဆင်ပေါက် ရှစ်စီး၊ ကျွန်သီး ရှစ်အိမ်ထောင်၊ တိုက်ပြာသာဒ် ရှစ်ဆောင်နှင့် ကျွဲ နွားများစွာတို့ ပေတည်း။

(သံသရာထဲမှာ တတွဲတွဲတလည်လည် အပိုင်း-၂ အား ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP