ဒေါင်းမြူးချောင်းတေး (၆)
မြမြအေး
အဲဒီညနေခင်းမှာ ငါက ရထားတစ်စီးနဲ့သွားရတော့မှာ သေချာခဲ့ပြီ။ ငါတို့မြို့လေးရဲ့ ဘူတာရုံလေးက တစ်နေ့လုံးမှာမှ ရထားနှစ်စီးကိုပဲ အလံစိမ်း မီးစိမ်းပြခွင့်ရရှိတာပါ။ မနက်ပိုင်းလော်ကယ်ရထားနဲ့ ညဦးပိုင်း အမြန်ရထားလေ။ ခုတော့ ငါစီးမယ့် ညဦးပိုင်းအမြန်ရထားက အချိန်အမြဲနောက်ကျလေ့ရှိတာ မြို့လေး တစ်မြို့လုံးရဲ့ ပြက္ခဒိန်မှာ ရေးဆွဲထားပြီးသား။ ရထားလာမယ့်အချိန်တွေကို ကုက္ကိုပင်အုပ်အုပ်ကြီးတွေအောက် မှာ တစ်ခါတစ်ရံမှာတော့ သစ်ပုံ( ကျွန်းတုံးပုံ)တွေပေါ်မှာ ထိုင်စောင့်ရတဲ့အရသာကို ငါတို့ဘူတာရုံလေး ကိုယ်တိုင် နှစ်ခြိုက်နေခဲ့လေတာကိုး။
ဲမြမြအေး
အမြန်ရထားပြတင်းပေါက်က မြို့ပြပညာသင်ခရီးထွက်ရမယ့် ခပ်တည်တည်ဘ၀င်မြင့်နေတဲ့ငါ့ကို နင်နှုတ် ဆက်နိုင်မှာ မဟုတ်တော့ဘူး ငါသိတယ်။ မနက်ဖြန်နံနက်စောစော နင်ကျောင်းသွားရမယ်။ ပြီးတော့ နင်က လည်း ငါ့ကို နင့်အမေပယောဂနဲ့ ကြည့်မရဖြစ်နေတာ ငါသိတယ်။ သမီးတွေချည်းမွေးထားပြီး သားငတ်နေတဲ့ နင့်အမေကလည်း ငါ့ကို “သား”မှ “သား”ဖြစ်နေခဲ့တာကိုး။
မြမြအေး
ဘာပဲဖြစ်ဖြစ် နင်တို့နေတဲ့အိမ်၊ နင်တို့နေတဲ့လမ်းနဲ့ နင်တို့တစ်ရပ်ကွက်လုံးက စာတော်သလိုလို ရှော်သလိုလို ဆရာဘုန်းကြီးရဲ့ ချီးမွမ်းလိုက်၊ ဆုံးမလိုက်စကားတွေကြားမှာ ငါ့ကို အံ့သြလိုက် သနားလိုက်မို့ ငါမြို့လေးက ငါကိုယ်တိုင်နှုတ်ဆက်ခဲ့တဲ့အချိန်မှာ ငါ့ကို တသသမဟုတ်တောင် တစ်ခုခုမဖြစ် မချင်းပြန်လာတော့ မဟုတ်ဘူး လို့ တဖွဖွပြောရင်း“ ငါတို့မှာညယ် သတိရနေတော့မှာပ” တဲ့။ငါ့လို နုနယ်တဲ့ အတွေးတွေအိုင်ဖွဲ့ နေတဲ့ ကိုရင်လေးတစ်ပါးအတွက် ကြေကွဲမှုတွေမွေးဖွားခဲ့ပါတယ်။
မြမြအေး
နင်သိချင်မှ သိမယ်။ ငါတို့သာသနာ့အရပ်အ၀န်းမှာ ကျင်လည်သူတွေအနေနဲ့ နေရာတစ်ခုကို စွန့်ခွာသွားပြီ ဆိုရင် အဲဒီနေရာကို ပြန်မရောက်နိုင်တော့တာ ငါက သိနေတာလေ။ငါတို့မြို့လေးမှာ ငါအားကျတဲ့ ပိဋကတ်သူရဲ ကောင်းဆိုသူတွေ ငါတို့မြို့လေးကို ပြန်မရောက်ကြတော့ဘူး။ ရှင်ရဟန်းဘ၀ဆိုတာ ဇာတိကို ကျောခိုင်းခဲ့ရ တာပါပဲ။ ပ၀တ္တိရပ်ဝန်းတွေကိုပဲ အမေ့အိမ်လုပ်ခဲ့ကြရတာကလား။
မြမြအေး
နှစ်ပေါင်းနှစ်ဆယ်ကြာသွားပြီနော်။
ငါလည်း ငါ့ကိုယ်ငါ ဘာဖြစ်ပြီလဲ မမေးမိဘူး။ ဒါပေမယ့် ငါ့မြို့လေးကို ငါပြန်လာတယ်။ သတိရလို့။

0 comments:
Post a Comment