"သူ" နဲ့  လမ်းခွဲခြင်း အမှတ်တရ။
ဒီနေ့ တနေလုံး မဇ္ဈိမနွေရာသီရဲ့ ကွန်ရက် အောက်မှာ ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့  ရှင်လေးမော်တစ်ယောက် အလုပ်တွေ ရှုပ်သယောင်ယောင်နဲ့  "ကိစ္စရှာထမ်း ရှင်ရဟန်းတစ်ပါး" ဖြစ်နေပြန်ပါတော့တယ်။ ရှင်လေးမော် အသက် ဆယ့်ရှစ်နှစ်သားလောက် ကတည်းက သာမန် အမြင်လေးတွေေ၀၀ါး မသွားအောင် ကူညီဖေးမပေးနေတဲ့ “သူ”လေးကြောင့် ဒီလိုဖြစ်နေရတာလို့ ပဲ ပြောရမှာပါ။
သူ့ ကြောင့်ပဲ စာတွေကျက်နိုင်၊ ဖတ်နိုင်ခဲ့ပါတယ်။ အသိတွေတိုးပွါး လာခဲ့တယ်။ ရှင်လေးမော် သွားလေရာ၊ လာလေရာတိုင်းမှာ သူကပဲ လမ်းပြပေးခဲ့ပါတယ်။ ရှင်လေးမော်ရဲ့ အလင်းတန်း၊ ရှင်လေးမော်ရဲ့ လမ်းပြကြယ်လေးတစ်ပွင့်။ ပြီးတော့…
သူနဲ့ အတူ ဂါယာသီသရဲ့ ရင်သပ်ရှု့ မောဖွယ်ရာ အလှအပ၊ ဂင်္ဂါမြစ်ရဲ့ လှိုင်းလေကင်းစင်စွာ ငြိမ်သက် စီးဆင်းနေပုံ၊ ဂင်္ဂါမြစ် တစ်ဖက်ကမ်းရဲ့ မှုန်ပျပျ အစိမ်းရောင် သစ်ပင်တန်းများ၊ သဘာဝကျကျ စီးဆင်းနေတဲ့ ဂင်္ဂါမြစ်ရေပြင်ကို လိုသလို လှောခတ်မှု ပြုပြီး ရွေ့ လျားနေကြသော လှေငယ်များ၊ မရဏာနုဿတိပွါးဖွယ်ရာ ဂင်္ဂါမြစ်ကမ်းပေါ်က မီးသင်္ဂြီလ်တဲ့ နေရာများစွာကို တမေ့တမော ကြည့်ခဲ့ဖူးပါတယ်။ သူနဲ့ အတူ ဖြစ်ခဲ့ပုံလေးတွေ ပြောပြရမယ်ဆိုရင်တော့ မကုန်နိုင်လောက်အောင်ပါပဲ။ ပြောစရာတွေ တပုံကြီး ရှိပါသေးတယ်။
ဒါကြောင့်မို့  သူ့ ကို ရှင်လေးမော်ရဲ့ အနားက တစ်ဖ၀ါးမှ မခွါစေခဲ့ပါဘူး။ အိပ်ရင်တောင်မှ သူ့ ကိုနေရာတကျ စီစဉ်ပေးပြီး အနားမှာပဲ ထားအိပ်လေ့ရှိပါတယ်။ မနက်အိပ်ရာထပြီဆိုရင်လည်း ရှင်လေးမော်ရဲ့ လက်က သူဆီကိုပဲ အရင်ဆုံး ရောက်တတ်တဲ့ အကျင့်လေးတောင် စွဲနေပါသေးတယ်။ ရှင်လေးမော် ဘ၀မှာ ရိုရိုသေသေ၊ စည်းကမ်းရှိရှိ၊ ဆက်ဆံရမယ့်ထဲမှာ သူ့ ကိုလည်း နေရာပေးလိုက်ပြန်ပါတယ်။ နေရာပေးထားသလိုလည်း သူနဲ့ သတိကြီးစွာ ဆက်ဆံခဲ့မိပါတော့တယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ သုံးရက်က သူနဲ့  ပြဿနာ စပြီးဖြစ်ပါတယ်။ ဒါကလည်း သူ့ အမှား မဟုတ်ပါဘူး။ ရှင်လေးမော် အမှားလို့ သာ သံသယကင်းစွာ ၀န်ခံပါရစေတော့။ ဟုတ်တယ်လေ။ အခါတိုင်း အိပ်တော့မယ် ဆိုရင် သူ့ ကို နေရာတကျ သိပ်ပေးပြီးမှ အိပ်နေကျ။ မနေ့ ညက သူ့ ကို အဲဒီ ၀တ် လုပ်မပေးခဲ့ဘဲနဲ့  အိပ်ခဲ့မိတယ်။ သည်းမခံနိုင်လောက်အောင် ကိုက်ခဲနေတဲ့ ခေါင်းကြောင့် ဘာကိုမှ အမှုမထားဘဲ အိပ်ပစ်ခဲ့တာလည်း ပါပါတယ်။
ဒီတော့ ပြဿနာက မနက်မိုးလင်းတော့ စပြီပေါ့။ အိပ်ရာထတာနဲ့  ကမန်းကတန်း သူ့ ကို အခါတိုင်းနေရာလေးမှာ ရှိလေမလားလို့  လိုက်ရှာပါတယ်။ ဒါပေမယ့် သူ့ ကို မတွေ့ ပါဘူး။ “ဘယ်ကိုရောက်သွားပါလိမ်”့ ဆိုတဲ့ အတွေးနဲ့  သေချာ လိုက်ရှာမိပြန်တယ်။ မတွေ့ ပြန်ပါဘူး။
ညက သူ့ ကို တစ်နေရာရာများ ထားပစ်ခဲ့မိလို့ လား လို့  စဉ်းစားကြည့်ပြန်တော့ ဒါလည်း မဖြစ်နိုင်ပါဘူး။ မအိပ်ခင် နာရီဝက်လောက် အလိုလေးမှာတောင် သူ့ အားကိုးနဲ့  အတွေးဆောင်းပါးတွေ ဖတ်ခဲ့သေးတာပဲ။ ပြီးတော့ အခန်းအပြင်ဘက်လည်း ပြန်မထွက်ခဲ့မိပါဘူး။ အခန်းထဲကတစ်နေရာရာမှာတော့ ရှိလိမ့်မယ်ဆိုတဲ့ အတွေးနဲ့  ကုတင်အောက်၊ ပြီးတော့ ကုတင်ဘေးက စာအုပ်ပုံကြား ထပ်ရှာမိပြန်တယ်။ မတွေ့ ပါဘူး။
ရှာမတွေ့ တော့တဲ့အဆုံး စိတ်ပျက်၊ လက်ပျက်နဲ့  ခြင်ထောင်ကို သိမ်းဖို့  ကြိုးကို ဖြုတ်လိုက်တော့မှ “ဗျစ်” ဆိုတဲ့ အသံ ၊ မိမိ ခြေထောက်အောက်က ကြားရတဲ့ အသံပါ။ ခြေထောက်အောက်က ဆိုပေမယ်လို့  ခြေထောက်နဲ့  တိုက်ရိုက်မထိပါဘူး။ ကြားထဲမှာ ခြုံစောင်ထူထူကြီးတစ်ထည် ခြားနေပါသေးတယ်။ ရှင်လေးမော် ကပျာကယာ စောင်ကို ဖယ်ရှားကြည့်လိုက်တော့ပါတယ်။
“သွားပြီ” သူနဲ့ နှစ်ယောက်အတူ ရှိရမယ့် နေ့ စွဲအသစ်လေးတွေတော့ ဝေးပါပြီ။ ဂင်္ဂါမြစ်ရဲ့ အလှအပကို သူနဲ့ အတူ အရင်ကလို နောက်ထပ်တစ်ခါ ကြည့်နိုင်မှာလည်း မဟုတ်တော့ပြီ။ ရှင်လေးမော်ရဲ့ ရှေးအနာဂတ် ခရီးလမ်းကတော့ သူမပါဘဲနဲ့  တစ်ယောက်ထီးတည်း လျှောက်ရပါတော့မယ်။ သူက ရှင်လေးမော်ကြောင့်ပဲ ရှင်လေးမော်ကို သင်္ခါရသဘောဆိုတာ ကျကျနန ပြသွားခဲ့ပြီလေ။ အနိစ္စ..မြဲခြင်းနဲ့  ကင်းဝေးရာပါတကား၊ သုခရေ.. မင်းနဲ့  မတည့်တဲ့ ဟိုအကောင် ဒုက္ခဆိုတာကြီး ငါဆီရောက်မြဲ ရောက်လာနေပြန်ပြီကောရယ်လို့  ရေရွတ်ခြင်းမှတပါး သူနဲ့ ပတ်သက်လို့  ဘာမှမတတ်နိုင်တော့လေပြီ။
ဒါနဲ့ ပဲ ဖြစ်ချင်ရာ ဖြစ်ဆိုပြီးတော့ သုံးရက်လောက်နေလိုက်မိတယ်။ ကိုယ်လုပ်ခဲ့မိတဲ့ အမှားကြောင့် ကိုယ့်ဟာကို ပြန်ဒဏ်ခတ်တယ် ဆိုတဲ့ သဘောပေါ့။ ဟုတ်တယ်လေ။ ကိုယ် ၀တ်စည်းကမ်း ပျက်ခဲ့မိလို ၊့ လုပ်နေကျ တာဝန် မလုပ်မိခဲ့လို့  ဖြစ်တာတွေပဲကိုး။
ဒါပေမယ့် သုံးရက်မြောက်တဲ့ နေ့ မှာတော့ စိတ်က အကြောင်းကြောင်းကြောင့် သစ္စာဖောက်မိပြန်ပါတယ်။ ရှင်လေးမော် ဘ၀မှာ သူ့ လို တထောင့်တစ်နေရာက ကူညီလမ်းပြပေးမယ့်သူမျိုး မရှိလို့ ကို မဖြစ်ပါဘူး။ သူမရှိတော့သော်လည်း သူ့ နေရာမှာ သူ့ လိုပုံစံမျိုးနဲ့  အစားထိုး ကူညီမယ့်သူ ထပ်ရှာဖို့  စိတ်ကူးလိုက်တယ်။ ပြီးခဲ့တာတွေကို နောင်တဇာတ်ရှည်ရှည်နဲ့  အလွမ်းနာကျဖို့  ရဟန်းတစ်ပါးရဲ့ အတွင်းသားက လက်မခံနိုင်ခြင်းကလည်း တွန်းအားပေးနေပြန်ပါတယ်။ အချိန်တွေ အကုန်မခံနဲ့ ၊ နေကွယ်ရင် လထွက်မယ်ဆိုတဲ့ သဘောသာ ပိုက်ပြီး နောက်ထပ် အသစ်ရှာပုံတော် ဖွင့်လိုက်ပါတော့တယ်။
ဘယ်အရာပဲဖြစ်ဖြစ် အပြောလွယ်သလောက် အလုပ်က မလွယ်ဘူးဆိုတာ လက်တွေ့ ကျကျ ပြနေတာချည်းပဲ။ ကိုယ့်ရပ်၊ ကိုယ့်နေရာ မဟုတ်တော့လည်း ပိုလို့ ခက်သား။ နွေပူပူလောင်လောင်အောက်မှာ ဟိုဟို ဒီဒီ လိုက်ရှာနေပါသော်လည်း အချိန်သာ ကုန်သွားတယ်။ သူ့ လို စိတ်ကြိုက်ဖြစ်မယ့် သူမျိုး မတွေ့ ပါဘူး။
ရှာမတွေ့ တော့တဲ့ အဆုံး ဘယ်လိုဟာပဲရရ အချိန်ကုန်ရကျိုးနပ်စေရမယ်။ တစ်ခုခုတော့ ရအောင်ရှာယူမယ်ဆိုတာပဲ ဆုံးဖြတ်ချက် ဒုံးဒုံးချပစ်လိုက်တော့တယ်။ ပြောခဲ့ဖူးတယ်မဟုတ်လား၊ အိန္ဒိယမှာ ကိုရွှေကုလားတို့ နဲ့ လုပ်တဲ့ အလုပ်မှန်သမျှ စိတ်ရှည်ရှည်နဲ့  စောင့်နိုင်ပါမှ ရတယ်ဆိုတာ။ အသစ်ရနိုင်မယ့်နေရာ တစ်ခုကို နားခိုလိုက်မိတော့ လေးရက်လောက်တောင် စောင့်ရအုံးမယ်တဲ့။ ရွှေပြည်ကြီးမှာတောင် ဒီလိုမှ မဟုတ်ဘဲကိုး။ မတက်နိုင်ရေးချ မတက်နိုင်ဘဲ။ ရှင်လေးမော် ကိုယ်တိုင် မှားခဲ့မိတဲ့ အပြစ်တွေပဲကိုး။ ခံပေါ့။ မမှားသော ရှေ့ နေ၊ မသေသော ဆေးသမား ဆိုတာ ရှိပေမယ့် ဒီဖြေဆေးလေကို ကိုယ်နဲ့  မယဉ်ပါးမိအောင်ဘဲ နောက်နောင် ကြိုးစားရမယ်။
အခု ရှင်လေးမော်ရဲ့ သူလေးကို တချို့ တွေကတော့ သိချင်ရင်၊ သိနေလောက်ရောပေါ့။ ဘာလို့ လဲဆိုတော့ တီဗီကြောငြာတွေမှာ သူ့ ကို ခဏခဏတွေ့ ရတတ်လို့ လေ။ ကြော်ငြာသီချင်းလေးတောင် ဘာတဲ့...။ အနီးကြည့်ကြည့်၊ အဝေးကြည့်ကြည့် ဘာနာမည်နဲ့  ဘာရှိတယ်ဆိုလား။

0 comments:
Post a Comment