ကုလား ဥပုသ်...။
Friday, March 26, 2010 လက်ယားအဘိဓာန်
`ယာဒေါဂျီ ဥပ၀ါစ် ဟိုရဟာ…?(ယာဒေါဂျီ ဥပုသ်စောင့်သလား…)
`မစောင့်ဘူး´
မမဝေဆယ်နှစ်ပြည့်မဂ္ဂဇင်းတော်ကြီးအမြန်ဆုံးစက်တင်နိုင်ရန်အယ်ဒီတာအဖွဲ့ဟုသမုတ်အပ်သောကိုနောတို့ လူမမယ်တစ်စုသည် မြန်မာစာအုပ်မှန်သမျှအပိုင်စားရထားသောရာမ်းကေ၀လ်ယာဒေါအိမ်သို့နေ့စဉ် ချီတက်နေကြရသည်။ထိုရက်ပိုင်းသည် ဟိန္ဒူများကိုးရက်တိုင်ဥပုသ် စောင့်ကြသောနေ့ရက်များဖြစ်သည်။ ဆောင်း အထွက်,နွေအ၀င် ရာသီအဆုံ ရာသီအပြောင်း၌ ခန္ဓာကိုယ်ရှိ ဒွါရကိုးခုတို့တစ်စု တစ်ပေါင်း တည်းဖြစ်စေရန် ရည်ရွယ်၍ကိုးရက်ဥပုသ်စောင့်ကြသည်။နောရတ်သရီး(န၀ရတ္တရီ)ဟုခေါ်သည်။
(၁)နှစ်လုံးစုဆောင်းမိနေသော အညစ်အကြေးများကင်းစင်၍ ကျန်းမာ အသက်ရှည်ရန်ရည်ရွယ်ကြခြင်း ဖြစ်သည်။ ညနေခြောက်နာရီမှ မနက်ခြောက်နာရီအတွင်း နွားနို့နှင့် ရေမှလွဲ၍ ဘာမျှမစားမသောက် ကြချေ။ဥပုသ်စောင့်ခြင်းဟူသည် ကိုယ်နှင့်စိတ်ကို ထိန်းသိမ်းခြင်းဖြစ်သည်။ ညဘက်အစာစားခြင်းကို ရှောင်ကြဉ်၍ စိတ်ကိုလွှတ်ထားလျှင် ဥပုသ်စောင့်ရာမရောက်ဟု ဘာသာတရားက လမ်းညွှန်ထားသည်။ (၁၇.၃.၂၀၁၀နေ့ထုတ်compact သတင်း စာမှ)

`အများစုက ဥပုသ်စောင့်နေကြတယ်မဟုတ်လား´
`ဟုတ်တယ်...ကျုပ်အတွက်တော့ မလိုအပ်ဘူး´
`ဘာဖြစ်လို့လဲ´
`အလုပ်လုပ်နေတဲ့လူတစ်ယောက်အတွက် အစာမစားဘဲနေဖို့ အတော်ခက်တယ်၊ ဘုရားက ဒီလောက် ခက်ခဲအောင် လုပ်ထားမှာမဟုတ်ဘူး၊ ခက်ခဲအောင်လုပ်ထားရင်လည်း အဲဒီဘာသာကို လူတွေ ကိုး ကွယ်ကြ မှာ မဟုတ်ဘူး´
`ဆက်ပြောစမ်းပါဦး´
`ကျုပ်တို့က ဘုရားကို ယုံကြည်တယ်၊ အစာမစားဘဲ နေစရာမလိုဘူး၊ ကျုပ်အယူအဆက....
အတ်ချား ခါအိုး(ကောင်းကောင်းစား)
ထိုရား ခါအိုး(နည်းနည်းစား)
ရို့ဂ်ျ ခါးအိုး(နေ့တိုင်းစား)´အဲဒါပဲ…။
`ဆဟီး ဗာတ် ဟဲ(မှန်လိုက်တဲ့ စကား)…။
ကိုနော
(၂၆.၃.၂၀၁၀)

0 comments:
Post a Comment